မိုးညှင်းမြို့
မိုးညှင်းမြို့သည် ယခင်က မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးကောင်းနယ်တွင် ပါဝင်၍ မြို့ပိုင်ရုံးစိုက်မြို့ဖြစ်သည်။ ယခင်က တိုက်နယ်ဖြစ်ခဲ့၍ ၁၉၅၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် မိုးညှင်းမြို့နယ် ဖွဲ့စည်းသည်တွင် မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်လာသည်။ ၂၀၀၄-ခုနှစ်တွင် သီးခြားခရိုင်ဖြစ်လာခဲ့ပြီး မိုးကောင်းမြို့နယ်၊ ဖားကန့်မြို့နယ်၊ မိုးညှင်းမြို့နယ်ဟူ၍ မြို့နယ် ၃ ခုနှင့် ကာမိုင်းမြို့နယ်ခွဲ၊ ဟိုပင်မြို့နယ်ခွဲဟူ၍ မြို့နယ်ခွဲ ၂ ခုပါရှိသည်။
မိုးညှင်းမြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 24°47′N 96°22′E / 24.783°N 96.367°E | |
နိုင်ငံအမည် | မြန်မာ |
ပြည်နယ် | ကချင် |
ခရိုင် | မိုးညှင်း |
လတ္တီကျု | (၂၄)ဒီဂရီ၊ (၄၇)မိနစ် |
လောင်ဂျီကျု | (၉၆)ဒီဂရီ၊ (၂၂)မိနစ် |
မြို့နယ်ရုံးစိုက်ရာမြို့ | မိုးညှင်းမြို့ |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
မိုးညှင်းမြို့(ခေါ်) မိုင်းယန်း (မိူင်းယၢင်း) သည် မွန်ဂိုတို့ လက်ထက် ၁၂၈၉-ခုနှစ်မှစ၍ ရှိနေကြောင်း သိရသည်။ တရုတ်မင်မင်းခေတ် (၁၄၀၃) ခုနှစ်တွင် ရှေးဦးစွာ ဖော်ပြထား၏။ ဧရာဝတီနှင့် ချင်းတွင်းမြစ် နှစ်သွယ်အကြားတွင် ကျယ်ဝန်းလှသော နယ်ကြီး တစ်ခုဖြစ်ခဲ့သည်။ အေဒီ ၁၄၁၆-ခုနှစ်တွင် မိုးညှင်းနှင့် ကလေးမြို့တို့ စစ်ဖြစ်ကြရာ မင်းကြီးစွာစော်ကဲက နှစ်နယ်လုံးကို သိမ်းပိုက်ခဲ့သည်။ [၁]
မိုးညှင်းမြို့သည် ယခုအခါ မြို့ကလေးသာဖြစ်သော်လည်း ရှေးအခါ ရှမ်းစော်ဘွားများ တန်ခိုးထွားစဉ်က မိုးကောင်းမြို့နှင့် တလှည့်စီဆိုသလို ရှမ်းမြို့ တော်ဖြစ်ခဲ့သည်။ မိုးညှင်းတရား၊ မိုးညှင်းစလုံ တို့၏ နယ်မြေဒေသ ဖြစ်သည့်အလျောက် သမိုင်းဝင်သောမြို့ဖြစ်ပေသည်။ မိုးညှင်းမြို့သည် မန္တလေးမြစ်ကြီးနား မီးရထားလမ်းဘေးတွင် တည်ရှိ၍ မြစ်ကြီးနားနှင့် (၆၉)မိုင်မျှ ကွာဝေးသည်။ မိုးညှင်းမြို့နယ်သည် အကျယ်အဝန်းအားဖြင့် ၁၉၆-စတုရန်းမိုင်၊ သူကြီးပိုင် ကျေးရွာအုပ်စု (၂၄)နှင့် လူဦးရေ ၅၅,၈၁၉ ယောက်ခန့်ရှိသည်။
မိုးညှင်းမြို့သည် တစ်ဖက်တစ်ချက်တွင်ရှိသော တောင် တန်းများအကြားရှိ မြေပြန့်တွင်တည်ရှိသည်။ မြစ်ကြီးနားခရိုင်၏ တောင်ဘက်အစွန်းလောက်တွင် ဂန့်ဂေါတောင်တန်းမှ ချောင်းဖျားခံကာ အရှေ့မြောက်ဘက်သို့ စီးဆင်းလာသော နမ့်ယင်းချောင်းသည် မိုးညှင်းမြို့တွင်းသို့ ဖြတ်သန်းစီးဆင်းလျက် မြို့ကို နှစ်ပိုင်းခြားလိုက်လေသည်။ မီးရထားလမ်းနှင့် စပါးစက်များမှာ ချောင်း၏ လက်ဝဲဘက်တွင်ရှိ၍ ရုံးများ၊ အထက်တန်းကျောင်း၊ ဆေးရုံနှင့် ဘုရား စသည်တို့မှာ ချောင်း၏ လက်ယာဘက်ဖြစ်သော မိုးညှင်းမြို့မတွင် တည်ရှိသည်။
ကမ်းနှစ်ဖက်ကို သံတံတား(၂)စင်းဖြင့် ဆက်သွယ်ကာ ကူးလူးသွားလာကြသည်။ ထို့ပြင် ကြိုးတံတား(၂)စင်းဖြင့်နှင့်လည်း ဆက်သွယ်ထား၍ ထိုကြိုးတံတားပေါ်၌ သုံးဘီးနှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာနိုင်သည်။
မိုးညှင်းမြို့သည် မကြီးလှသော်လည်း စပါးထွက်ရာ
ဒေသ၏ အချက်အချာဖြစ်သည်။ နမ့်ယင်းချောင်း တစ်ဝိုက်တွင် မျိုးကောင်းစပါးထွက်သောကြောင့် မိုးညှင်းမြို့ပေါ်တွင် ဆန်စက် ကြီးငယ် ၈ လုံးရှိသည်။ ထို့ပြင် မိုးညှင်းမြို့နယ်သည် ကျွန်းသစ်နှင့် အခြားသစ်ဝါးများ ပေါသောကြောင့် ယခင် စတီးဘရားသား၏ သစ်အလုပ်ဌာနခွဲ ရှိသည်။ ယခုအခါ လွှစက်တစ်ခုရှိသည်။ ကြံပင်များကိုလည်း စိုက်ပျိုး၍ သကြားစက်သို့ တင်ပို့သည်။ မီးရထားလမ်းပေါ်တွင် တည်ရှိသည့်အလျောက်
လမ်းပန်းဆက်သွယ်ရေးတွင် မီးရထားကို အားထားရသည်။
မိုးညှင်းမြို့တွင်နေသူ အများစုမှာ ရှမ်းနီတိုင်းရင်းသားများဖြစ်ကြပြီး ထေရဝါဒဗုဒ္ဓဝါဒီများ ဖြစ်ကြသည်။ ကချင်တို့မူ ကချင်တောင်ပေါ်တွင် အနေများသည်။ မြေပြန့်နေကချင်များတွင် ခရစ်ယာန် အယူဝါဒီများသည်။ အိန္ဒိယအမျိုးသား များလည်း အနည်းအကျဉ်းရှိသည်။ မိုးညှင်းမြို့ပေါ်တွင် ထင်ရှားသော ဘုရားမှာ ဦးရာဇိန် ဆရာတော် ကမကထပြု၍ တည်သည့် မြသိန်းတန် ဘုရားကြီးဖြစ်၍ ကြေးဆင်းတု ရုပ်ပွားတော်ဖြစ်သည်။ နှစ်စဉ်တပေါင်းလတွင် ဘုရားပွဲတော် ကျင်းပသည်။ မိုးညှင်းမြို့ အပိုင်ဖြစ်၍ မိုးညှင်းမြို့နှင့် ၅ မိုင်ကွာလှမ်းသော ဘီလူးမြို့တွင် စောင်းတန်း ၄ သွယ်ရှိသော ရွှေဘုံသာစေတီရှိသည်။ နှစ်စဉ်တပေါင်းလတွင် ဘုရားပွဲတော် ကျင်းပသည်။
ရာဇဝင်
ပြင်ဆင်ရန်မိုးညှင်းမြို့ကို သက္ကရာဇ် ၃ဝ၂(ခရစ် ၉၄ဝ) ခန့်က တည်သည်ဆို၏။ တည်သူမှာ တရုတ် ဥတည်ဘွားနှင့် ကိန္နရာဒေဝီတို့၏ မျက်မမြင်သမီးတော် စောလှမှ ဖွားမြင်သော တတိယသား ဖြစ်သည်။ သမီးတော် အရွယ်ရောက်ခါစတွင် ဖောင်နှင့် မျှောလိုက်ရာ ရှေးက ခင်ပွန်းဖြစ်ခဲ့ဖူးသော ကျားတစ်ကောင်နှင့် တွေ့ရှိသည်တွင် ကျားနှင့်သင့်၍ သား ၄ ယောက် ဖွားမြင်၏။ သားတော်များ အရွယ်ရောက်သောအခါ အဖိုးဖြစ်သူ ဥတည်ဘွားထံ စေလွှတ်၏။ အဖိုးတော် ဥတည်ဘွားက မြေးတော်အကြီးဆုံးအား မောင်း တစ်လုံး၊ ဒုတိယမြေးတော်အား ဓားမြှောင်၊ တတိယမြေးတော်အား ဗျိုင်းတစ်ကောင်ပေး၍ တိုင်းပြည်တည်ထောင်ရန် မှာကြား၏။ မြေးတော်အငယ်ဆုံးကိုမူ အဖကျားထံသို့ ပြန်စေ၏။
တတိယမြေးတော် မင်းသားသည် ဘိုးတော်မှာသည့်အတိုင်း တိုင်းပြည်ထူထောင် မင်းပြုရန်လာသည်တွင် ယခု မိုးညှင်းမြို့ တည်ရာဒေသသို့ ရောက်ရှိသောအခါ ဗျိုင်းသည် ကျယ်လောင်စွာ အော်၏။ ယင်းဒေသတွင် မြို့တည်ထောင်၍ မိုင်းယန်း (မိူင်းယၢင်း)ဟု အမည်ပေးသည်။ ဗျိုင်းမြို့ဟု အဓိပ္ပာယ်ရ၏။ နောင်သော် မိုင်းယန်း (မိူင်းယၢင်း)မှ မိုးညှင်းဖြစ်လာသည်ဟု ဆိုလေသည်။[၂]
ပုဂံနိုင်ငံတော် ပျက်သုန်းပြီးနောက် မောရှမ်းတို့ အင်အားကောင်းလာချိန်တွင် မိုးညှင်း၊ မိုးကောင်းတို့ အရေးပါလာသည်။ အင်အားကောင်းသည့်အခါ တောင်ဘက်သို့ ဆင်းလာပြီး ပြည်မ(အင်းဝ)ကို ထိပါးသည်။ ထိုအချိန် အင်းဝတွင် စိုးစံနေသည့် မင်းများမှာလည်း ရှမ်းမင်းများ(သို့မဟုတ်)ရှမ်းဗမာကပြားမင်းများ ဖြစ်ကြသည်။
မင်းကြီးစွာလက်ထက်တွင် မိုးညှင်းနှင့်ကလေးစစ်ဖြစ်ရာ နှစ်ဖက်လုံးက အင်းဝဘုရင်ထံ စစ်ကူတောင်းကြသည်။ အင်းဝမင်းက စစ်ကူမပေးဘဲထားပြီး စစ်ပမ်းလာချိန်တွင် နှစ်နိုင်ငံလုံးကို သိမ်းယူလေသည်။ ထို့နောက် ရှမ်းလူမျိုးတစ်ဦးကို ကျေးစားခန့်သည်။ မိုးညှင်းပုန်ကန်ပြန်သဖြင့် 'ငါသည်ရှမ်းကိုပင် ကျေးစားခန့်မိချေသဖြင့် မိုးညှင်းပုန်စားသည်' ဟု မင်းကြီစွာက မိုးညှင်းနှင့် အင်းဝနှစ်နိုင်ငံကြား နယ်ခြားမှတ်တိုင်များ စိုက်ရန် စီစဉ်သည်။ အမတ်ကြီးဝန်ဇင်းမင်းရာဇာက မိုးညှင်းအင်အားနည်းနေသည်ကို သိသဖြင့် နောင်တွင် သိမ်းပိုက်နိုင်ရန်အတွက် မှတ်တိုင်မစိုက်ဘဲ ပြန်လာသည်။ သားဖြစ်သူ မင်းခေါင်လက်ထက်တွင် မိုးညှင်းကို ပြန်လည်သိမ်းယူခဲ့သည်။
မိုးညှင်းကို အပိုင်စားရသော မိုးညှင်းသတိုးသည် နောင်အခါ အင်းဝရွှေနန်းတွင် မိုးညှင်းမင်းတရား ဟူသည့်အမည်ဖြင့် ဘုရင်ဖြစ်လာသည်။
မိုးညှင်းစဝ်လုံလက်ထက်တွင် သားဖြစ်သူ သိုဟန်ဘွားနှင့် တပ်ကြီးချီလာပြီး အင်းဝကို တိုက်ခိုက်ရာ အင်းဝမင်း ရွှေနန်းကျော့ရှင်သည် ဆင်ပေါ်တွင် သေနတ်မှန်၍ သေဆုံးလေသည်။ (မြန်မာ့သမိုင်းတွင် ပထမဆုံးသေနတ်မှန်၍ သေရသောမင်း ဖြစ်သည်။ ) စဝ်လုံနှင့်သားဖြစ်သူသိုဟန်ဘွားတို့သည် တောင်ဘက်သို့ ဆက်လက်ချီတက်ပြီး ပြည်မြို့အထိ သိမ်းယူသည်။ စဝ်လုံသည် သားဖြစ်သူ သိုဟန်ဘွားအား အင်းဝတွင် နန်းတင်ပြီး မိုးညှင်းသို့ ပြန်ရာလမ်းတွင် မှူးမတ်များက လုပ်ကြံခြင်း ခံရသည်။ သိုဟန်ဘွားကိုလည်း မင်းကြီးရန်နောင်က လုပ်ကြံသတ်ဖျတ်ခြင်း ခံရသည်။
ဘုရင့်နောင်မင်းတရားကြီးလက်ထက်တွင် မိုးညှင်း၊ မိုးကောင်းတို့နှင့်တကွ ယင်းလက်အောက်ခံများဖြစ်သည့် မိုးဝန်း၊ စန္ဒား၊ လပြည့်ဝန်း၊ ကိုင်းမားတို့ကို သိမ်းယူခဲ့ပြီး စော်ဘွားသေလျှင်ကျွန်များကိုသတ်၍ ထည့်ရသော တရုတ်ထံမှရသည့် ဓလေ့ဆိုးကို တားမြစ်ခဲ့သည်။ အလေးတင်းတောင်းများကို ပြည်မနှင့် တစ်ညီတစ်ညွှတ်တည်းဖြစ်စေပြီး ဗုဒ္ဓဘာသာထွန်းကားရန်စေတီပုထိုးများတည်ခြင်း၊ ပိဋကတ်စာပေကျမ်းဂန်များ၊ သံဃာတော်များစေလွှတ်ခြင်းဖြင့် ရှမ်းနယ်များတွင် ဗုဒ္ဓသာသနာထွန်းကားစေခဲ့သည်။
ညောင်ရမ်းခေတ်နောက်ပိုင်းတွင် အင်းဝအင်အားနည်းလာသဖြင့် မိုးညှင်း၊ မိုးကောင်းနယ်များသို့ တရုတ်ဩဇာသက်ရောက်လာသည်။ အလောင်းမင်းတရားလက်ထက်တွင် မိုးညှင်း၊ မိုးကောင်းတို့ကို ပြန်လည်သိမ်းယူခဲ့သည်။ ဆင်ဖြူရှင်လက်ထက် တရုတ်နှင့်စစ်ဖြစ်ချိန်တွင် မိုးညှင်း၊ မိုးကောင်းတို့သည် စစ်မြေပြင်များ ဖြစ်ခဲ့ကြသည်။ ဘိုးတော်ဘုရားလက်ထက်တွင်စော်ဘွားအုပ်ချုပ်ရေးကို ဖျက်သိမ်းပြီး မြို့ဝန်များ ထားရှိခဲ့သည်။ ကုန်းဘောင်ခေတ်နောက်ပိုင်းတွင် မိုးညှင်း၊ မိုးကောင်းတို့၏ လက်အောက်ခံများဖြစ်သည့် မိုးဝန်း၊ စန္ဒား၊ လပြည့်ဝန်း၊ ကိုင်းမားနယ်များသည် တရုတ်လက်အောက်ခံ ရောက်သွားခဲ့သည်။