သဉ္စိစ္စသိက္ခာပုဒ် နှစ်ပုဒ် ရှိပါသည်။

အမှုသည်-ရှင်ဥဒါယီ။

အမှု—ကျီးကန်းသတ်မှု။

ကျီးကန်းမုန်းသော ရှင်ဥဒါယီ ပြင်ဆင်ရန်

ရှင်ဥဒါယီသည် လူ့ဘောင်၌ နေစဉ် လေးဆရာ ဖြစ်ခဲ့ဘူး၏။ သူသည် ကျီးကန်းများကို အလွန်မုန်း၏၊ ထိုကြောင့် ကျီးကန်းများကို လေးဖြင့်ပစ်သတ်၍ ဦးခေါင်း ဖြတ်ပြီးလျှင် တန်စို့၌ လျှိုထားလေသည်၊ အခြား ရဟန်းများ မြင်ကြ၍... “ကေနိမေ အာဝုသော ကာကာ ဇီဝိတာ ဝေါရောပိတာ = ငါ့ရှင်တို့ ဒီကျီးတွေကို ဘသူသတ်ထားသလဲ”...ဟု မေးလေသော် “မယာ အာဝုသော, အမနာပါ မေ ကာကာ = တပည့်တော်သတ်ထားပါတယ်, အရှင်ဘုရားတို့... တပည့်တော်ကျီးကန်းတွေကို မနှစ်သက်ပါကုန် (အလွန်မုန်းပါတယ်)”ဟု ရှင်ဥဒါယီက လျှောက်လေသည်၊ ဤအကြောင်းကို ဗုဒ္ဓရှင်တော် တဆင့် ကြားတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူသည်။[၁]

သိက္ခာပုဒ် ပြင်ဆင်ရန်

ယော ပန ဘိက္ခု သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေယျ, ပါစိတ္တိယံ။[၁]

မြန်မာပြန် ပြင်ဆင်ရန်

အကြင်ရဟန်းသည် သတ္တဝါဟုသိသော သညာနှင့်တကွ စေ့ဆော်၍ တိရစ္ဆာန် သတ္တဝါကို ဇီဝိတိန္ဒြေမှ ခွင်းအံ့(ခွဲအံ့)၊ ပါစိတ် အာပတ်သင့်၏။[၁]

မှတ်ချက် ပြင်ဆင်ရန်

ဤသိက္ခာပုဒ်တော်အရ ကြမ်းပိုးဥကိုသော်လည်း သနားခြင်း ကင်းမဲ့စွာ ဖြစ်ညှစ် ဖျက်ဆီးသောရဟန်းမှာ ပါစိတ်အာပတ်သင့်၏။ ထို့ကြောင့် ကျောင်းကို ရှင်းလင်းသော ရဟန်းသည် ကျောင်း၌ ကပ်တွယ်နေသော ပိုးမွှားကလေးများအပေါ်ဝယ် သနားကြင်နာ ကရုဏာထား၍ သေနာသနဝတ် (ကျောင်းဝတ်)ကို ပြုရမည်။[၁]


သဉ္စိစ္စသိက္ခာပုဒ်

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ

အမှု—ကုက္ကုစ္စကို ဖြစ်စေမှု။

ကုက္ကုစ္စ ပြင်ဆင်ရန်

ကုက္ကုစ္စ”ဟူသည် “ဟုတ်လေသလား, မဟုတ်လေလား”-အပ်ပါ့မလား, မအပ်ဘဲများ နေမလား”စသည်ဖြင့် စဉ်းစားခြင်း တွေးတောခြင်းတည်း၊ ထိုစဉ်းစားမှုသည် တချို့နေရာ၌ ဉာဏ်နှင့်ယှဉ်သော ဝိတက် ဖြစ်၍ စိတ်မပန်း၊ တချို့နေရာ၌ကား စိတ်မချမ်းသာမှု ဒေါမနဿနှင့်ယှဉ်သော ဝိတက်ဖြစ်၍ စိတ်ပင်ပန်း၏။ [၁]

ဆဗ္ဗဂ္ဂီရဟန်းတို့သည် သတ္တရသဝဂ္ဂီ ရဟန်းကလေးများကို စိတ်မချမ်း မသာဖြစ်စေလိုသောကြောင့် “ငါ့ရှင်ကလေးတို့....မြတ်စွာဘုရားက အသက် ၂၀ မပြည့်သေးသူကို ရဟန်းပြု မပေးရဘူး, ရဟန်းပြုပေးသော်လည်း ရဟန်းမဖြစ်ဘူး”လို့ မိန့်တော်မူတယ်၊ ငါ့ရှင်ကလေးတို့လဲ ၇-နှစ် အသွယ် ရဟန်းပြုထားကြတယ်။ ဘယ့်နှယ်လဲ သင်တို့ (ရဟန်းမဖြစ်ဘဲ) သာမဏေများ ဖြစ်နေကြပါ့မယ်”ဟု ပြောဆိုကြလေရာ ရဟန်းကလေးတွေ ငိုရှာကြလေသည်။ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ [၁]

သိက္ခာပုဒ် ပြင်ဆင်ရန်

ယော ပန ဘိက္ခု ဘိက္ခုဿ သဉ္စိစ္စ ကုက္ကုစ္စံ ဥပဒဟေယျ ‘‘ဣတိဿ မုဟုတ္တမ္ပိ အဖာသု ဘဝိဿတီ’’တိ ဧတဒေဝ ပစ္စယံ ကရိတွာ အနညံ, ပါစိတ္တိယံ။[၁]

မြန်မာပြန် ပြင်ဆင်ရန်

အကြင် ရဟန်းသည် ရဟန်း၏ အပေါ်၌ သညာနှင့်တကွ စေ့ဆော်၍ ကုက္ကုစ္စဖြစ်စေအံ့၊ (အဘယ်သို့ ရည်ရွယ်၍ ဖြစ်စေသနည်း) “ဤသို့ဖြစ်စေရလျှင် ထိုရဟန်းမှာ တမဟုတ်မျှလည်း မချမ်းသာမှုသည် ဖြစ်လိမ့်မည်”ဤသို့ရည်ရွယ်၍ ဤစိတ်မချမ်းသာ စေလိုခြင်းကိုသာလျှင် အကြောင်းပြု၍ အခြားအကြောင်း မရှိဘဲ ကုက္ကုစ္စကို ဖြစ်စေအံ့၊ ထိုရဟန်းပါစိတ် အာပတ်သင့်၏။[၁]

မှတ်ချက် ပြင်ဆင်ရန်

သူတပါးကို စိတ်မချမ်းသာစေလိုသော သဘောဖြင့် “ကိုယ်တော် ဆွမ်းစားတုန်းက နေ့လွဲသွားဟန်တူတယ်၊ ကိုယ်တော်သောက်တဲ့အရည်ဟာ သေရည်ထင်တယ် စသည်ဖြင့် ကုက္ကုစ္စဖြစ်အောင် ပြောသမျှ ဤသိက္ခာပုဒ်အရ အာပတ်သင့်၏။ သတ္တရသဝဂ္ဂီရဟန်းကလေးများသည် “အသက် ၂၀ မပြည့်ခင် ရဟန်းမပြုရ”ဟု ပညတ်တော်မမူမီက ရဟန်း ဖြစ်နှင့်သောကြောင့် ရဟန်းအစစ် ဖြစ်မှန်းသိလျက် ဆဗ္ဗဂ္ဂီရဟန်းတို့က တမင်သက်သက် ကုက္ကုစ္စဖြစ်အောင် ပြောဆိုကြခြင်း ဖြစ်သည်။ လူသာမဏေများကို ထိုကဲ့သို့ ကုက္ကုစ္စဖြစ်အောင် လုပ်လျှင် ဒုက္ကဋ်၊ စိတ်ကောင်း စေတနာကောင်းဖြင့် “ကိုယ်တော်ရဟန်းပြုတုန်းက အသက် ၂၀ ပြည့်ရဲ့လား”စသည်ပြောလျှင် အာပတ်မသင့်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ ၁.၈ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး