သံဃာနုဿတိ
(သုပ္ပဋိပန္နတာ အစရှိသော) သံဃာ့ဂုဏ်ကို အဖန်တလဲလဲ အောက်မေ့ခြင်း[၁]။ [၂]
အကျိုးတရားများ
ပြင်ဆင်ရန်အရိယာသံဃာ့ဂုဏ်တော်တို့ကို အောက်မေ့ပွားများရခြင်း၏အကျိုး— “မြတ်စွာဘုရား၏ တပည့်သားသံဃာတော်သည် ကောင်းစွာ ကျင့်တော်မူပါပေ၏” အစရှိသည်ဖြင့် သုပ္ပဋိပန္နတာ အစရှိသော အရိယာသံဃာ့ ဂုဏ်တော် ၉-ပါးကို အဖန်တလဲလဲ အောက်မေ့သော ယောဂီပုဂ္ဂိုလ်အား အောက်မေ့ရာ ကာလ၌ ရာဂ, ဒေါသ, မောဟတို့ကြောင့် ထကြွ သောင်းကျန်းသော စိတ်များ မဖြစ်။ သံဃာ့ဂုဏ်တော်ကို အာရုံပြု၍ ဖြောင့်မတ်သောစိတ်သာ ဖြစ်၏။ ထို့ကြောင့် ခွါအပ်ပြီးသော နီဝရဏ ရှိသော, ကမ္မဋ္ဌာန်းသို့ ရှေးရှု သည်၏အဖြစ်ဖြင့် . ဖြောင့်မတ်သောစိတ်ရှိသော ယောဂီပုဂ္ဂိုလ်အား သံဃာ့ဂုဏ်တော် သို့ညွတ်သော ဝိတက်, ဝိစာရတို့ ဖြစ်ကုန်၏။ ထိုသံဃာ့ဂုဏ်တော်တို့ကို အဖန်တလဲလဲ-ကြံအောက်မေ့-သုံးသပ်ဆင်ခြင်သော ယောဂီပုဂ္ဂိုလ်အား ပီတိ (နှစ်သက်မှု) ဖြစ်၏၊ ထိုယောဂီပုဂ္ဂိုလ်အား ပီတိလျှင် နီးစွာသော အကြောင်းရှိသော ပဿဒ္ဓိ (ငြိမ်းအေးခြင်း)ဖြင့် ကိုယ်စိတ်တို့၏ ပူပန်ခြင်း ငြိမ်းအေးကုန်၏။ ကိုယ်, စိတ်တို့၏ ပူပန်ခြင်းငြိမ်းပြီးသော ယောဂီပုဂ္ဂိုလ်အား ကိုယ်၏ချမ်းသာခြင်း, စိတ်၏ချမ်းသာခြင်းဖြစ်၏။ ကိုယ်, စိတ်နှစ်ပါး ချမ်းသာခြင်းရှိသော ယောဂီပုဂ္ဂိုလ်အား (ဝါ) ယောဂီပုဂ္ဂိုလ်၏စိတ်သည် သံဃာ့ဂုဏ်လျှင် အာရုံရှိသည်ဖြစ်၍ တည်ကြည်-တည်ငြိမ်-သည်။ ဤဆိုအပ်ခဲ့ပြီးသောအစဉ်ဖြင့် တပြိုင်နက်သောခဏ၌ ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ-ဟူသော ဈာန်အင်္ဂါတို့ ဖြစ်ကုန်၏။ သံဃာ့ဂုဏ်တို့၏ နက်နဲသည်၏အဖြစ်, အထူးထူး အပြားပြား များသောဂုဏ်တော်တို့ကို အောက်မေ့ခြင်းဖြင့် သက်ဝင်လေးမြတ် ဆုံးဖြတ် ယုံကြည်သည်၏အဖြစ်ကြောင့် အပ္ပနာဈာန်သို့ မရောက်မူ၍ ဥပစာရဈာန်မျှသာဖြစ်၏။ ထိုဥပစာရဈာန်ကို သံဃာ့ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့ခြင်း၏ အစွမ်းအားဖြင့် ဖြစ်ခြင်းကြောင့် “သံဃာနုဿတိ” ဟူ၍သာလျှင် ခေါ်ဝေါ်-ပြောဆို-အပ်၏။
ဆက်ပါဦးအံ့— ဤသံဃာ့ဂုဏ်တော်ကို အဖန်တလဲလဲ လုံ့လပြုသော ရဟန်းသည် သံဃာ၌ ရိုသေခြင်း-တုပ်ဝပ်ကျိုးနွံခြင်း-ရှိ၏၊ သဒ္ဓါ-သတိ-ပညာ-ကုသိုလ်-ပြန့်ပြောပေါများ သည်၏အဖြစ်ကို ရ၏။ နှစ်သက်, ဝမ်းမြောက်ခြင်းများ၏၊ ဘေးအမျိုးမျိုးကို နှိပ်နင်းနိုင်၏၊ ဒုက္ခအားလုံးကို သည်းခံနိုင်စွမ်းရှိ၏၊ သံဃာနှင့် အတူတကွနေရ၏ ဟူသော အမှတ်သညာကို ရ၏။ သံဃာ့ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့ဆင်ခြင်သော သတိ၏ ကိန်းအောင်းရာဖြစ်သော ထိုသံဃာနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းပွားများသော ယောဂီ ရဟန်း၏ ခန္ဓာကိုယ်သည် (အညီအညွတ် စည်းဝေးသော သံဃာရှိသော ဥပုသ်အိမ်ကဲ့သို့) အပူဇော်ခံထိုက်၏။ သံဃာ့ဂုဏ်ကို ရခြင်းငှာ စိတ်ညွတ်၏။ လွန်ကျူးအပ်သော ဝတ္ထုနှင့် တွေ့လတ်သော် ထိုယောဂီရဟန်း၏ မျက်မှောက်၌ သံဃာတော်ကိုမြင်ရဘိသကဲ့သို့ ရှက်ခြင်း, ကြောက်ထိတ်လန့်ခြင်းသည် ရှေးရှ ဖြစ်၍တည်၏။ အထက်မဂ်, ဖိုလ်တရားကို ထိုးထွင်း၍ မသိနိုင်သော်လည်း သုဂတိဘဝလျှင် လည်းလျောင်းရာရှိ၏ (ဝါ) သုဂတိဘဝသို့ လားရောက်နိုင်၏။ ထို့ကြောင့် ပညာရှိသောသူသည် ဤဆိုအပ်ခဲ့ပြီးသည့်အတိုင်း ကြီးသော တန်ခိုးအာနုဘော်ရှိသော သံဃာနုဿတိကမ္မဋ္ဌာန်း၌ အခါခပ်သိမ်း မမေ့မလျော့ ပွားများ အားထုတ်ခြင်းကို ပြုရာ၏။ [၃] [၄]