အပ်စပ်အောင် လှူဒါန်းခြင်း
သင်္ကန်းကို အပ်စပ်အောင် လှူဒါန်းခြင်း
ပြင်ဆင်ရန်ရဟန်းတော်အတွက် သင်္ကန်းလှူလိုသော အလှူရှင်သည် သင်္ကန်းကို ကိုယ်တိုင်ဝယ်ယူလာပြီး ကိုယ်ထိလက်ရောက် ပါမူ အကောင်းဆုံးဖြစ်ပေသည်။ သို့သော် အချို့သော အလှူရှင်တို့သည် သင်္ကန်းဖိုးဖြစ်သော ရွှေ၊ ငွေ စသော အကပ္ပိယဝတ္ထုကို လှူလာသောအခါ ရာဇသိက္ခာပုဒ်လာ ပညတ်တော်မူချက်အတိုင်း လိုက်နာဆောင်ရွက်ရပေမည်။ [၁]
“ဤသင်္ကန်းဖိုးဖြင့် သင်္ကန်းဝယ်၍ မည်သည့်ရဟန်းအား သင်္ကန်းလှူပါလေ”ဟု မှာပြီးလျှင် ရဟန်းကို ညွှန်ပြလျက် အလှူရှင်တို့က ကိုယ်စားလှယ် တမန် စေလွှတ်ကာ သင်္ကန်းဖိုးငွေကို ပို့တတ်ကြသည်။
ထို ကိုယ်စားလှယ်တမန်က ရဟန်းထံ ချဉ်းကပ်ပြီး “ဤ သင်္ကန်းဖိုးကို အရှင်ဘုရားဖို့ ယူလာခဲ့ပါသည်၊ သင်္ကန်းဖိုး ငွေကို အလှူခံတော်မူပါ”ဟု လျှောက်သည်။
ထိုရဟန်းက ထိုတမန်ကို “သင်္ကန်းဖိုး ရွှေ၊ ငွေ စသော အကပ္ပိယဝတ္ထုကို ငါတို့ လက်မခံကြကုန်၊ အလိုရှိသောအခါ အပ်စပ်သောသင်္ကန်းကိုသာ ခံယူကြသည်”ဟု ပြောဆိုရမည်။ ထိုသို့ ပြောဆိုသောအခါ ထိုတမန်က “အရှင်ဘုရား၏ ဝေယျာဝစ္စကို ရွက်ဆောင်ပေးမည့် ကပ္ပိယကာရက ရှိပါရဲ့လားဘုရား”ဟု လျှောက်သည်။ [၁]
သင်္ကန်းကို အလိုရှိသောရဟန်းသည် အာရာမ်စောင့် နှင့် ဝေယျာဝစ္စလုပ်သူတို့ကို “ဤသူသည် ကပ္ပိယကာရက ဖြစ်သူတည်း”ဟု ညွှန်ပြနိုင်၏။ သီတင်းသုံးဘော်(၅) ဦးဖြစ်သော ရဟန်း၊ ရဟန်းမ၊ သိက္ခမာန်၊ သာမဏေ၊ သာမဏေမတို့မှ တပါး အခြားသော မည်သူ့ကိုမဆို ကပ္ပိယကာရကအဖြစ် ညွှန်ပြနိုင်သည်။ ဤသို့ ညွှန်ပြရခြင်းမှာလည်း အလှူရှင်က၊ သို့မဟုတ် တမန်က ကပ္ပိယရှိရဲ့လားဘုရား ဟု မေးမှ၊ သို့မဟုတ် “ကပ္ပိယညွှန်ပါဘုရား”ဟု လျှောက်မှ ကပ္ပိယကို ညွှန်ပြခွင့်ရှိသည်။ ထိုသို့ မလျှောက်ဘဲ “ဤသင်္ကန်းဖိုးကို ယူပါ၊ အလှူခံပါ၊သို့မဟုတ် ဘယ်သူ့ကို ပေးခဲ့ရမလဲ”ဟု လျှောက်လျှင် ကပ္ပိယကို မညွှန်ကောင်းပါ။
ရဟန်းတော်က ကပ္ပိယကို ညွှန်ပြသောအခါ တမန်က ကပ္ပိယထံ သင်္ကန်းဖိုးအပ်နှံ၍ “ဤသင်္ကန်းဖိုးဖြင့် သင်္ကန်းဝယ်၍ ဤအရှင်မြတ်အား ကပ်လှူလိုက်ပါ”ဟု နားလည်အောင် ပြောပြပြီးနောက် ရဟန်းထံ ပြန်လာ၍ “ကပ္ပိယကို နားလည် အောင် မှာထားခဲ့ပြီးပါပြီ၊ အလိုရှိသောအခါ သင်္ကန်းကို အလှူခံရန် ကြွတော်မူပါ၊ သင်္ကန်းလှူပါလိမ့်မည်” ဟုဖြစ်စေ၊ “အရှင်ဘုရား အလိုရှိသောအခါ ကပ္ပိယ မည်သူ့ထံ သင်္ကန်း အလှူခံတော်မူပါ”ဟုဖြစ်စေ လျှောက်လျှင် ရဟန်းတော်သည် ကပ္ပိယထံကြွရောက်၍ “ဒကာ-ငါသင်္ကန်း အလိုရှိပြီ”ဟု မိန့် ကောင်းသည်။ [၁]
တစ်ကြိမ်တည်းဖြင့်မရပါက (၂) ကြိမ်၊ (၃) ကြိမ် တောင်းကောင်းသည်။ သင်္ကန်းပေးပါ၊ သင်္ကန်းဝယ်ခဲ့ပါ စသည်ဖြင့်ကား မပြောကောင်းပေ။ (၃) ကြိမ် တောင်း၍မှ မရသေးလျှင် အလိုက်သိစွာ သင်္ကန်းလှူလိမ့်မည်ဟု သဘောထား၍ သင်္ကန်းကိုရည်မှတ်ပြီး (၆) ကြိမ်တိုင်တိုင် တိတ်ဆိတ်စွာ ရပ်ကောင်း၏။ (၃) ကြိမ်အထိ ဝစီဝိညတ်(နှုတ်)ဖြင့် တောင်းခြင်း၊ (၆) ကြိမ်ထိ ကာယဝိညတ်(ကိုယ်)ဖြင့် ရပ်ခြင်းကို ခွင့်ပြုတော်မူထား၏။
ထိုသို့ (၃) ကြိမ်တောင်း၊ (၆) ကြိမ်ရပ်၍မှ ထိုသင်္ကန်းကို မရလျှင် အလှူရှင်ထံ ကိုယ်တိုင်သွား၍ဖြစ်စေ၊ တစ်ယောက် ယောက်ကို စေလွှတ်၍ဖြစ်စေ “သင်တို့ ပို့လိုက်သော သင်္ကန်း ဖိုးသည် ထိုရဟန်းအတွက် သင်္ကန်းနှင့်ပတ်သက်သောအကျိုး တစ်စုံတစ်ရာ မပြီးစီးပါ၊ သို့ဖြစ်၍ ကိုယ့်ဥစ္စာကို ပြန်ရအောင် အားထုတ်ကြပါ၊ ကိုယ့်ဥစ္စာကို သူများ၏လက်၌ မပျောက်ပျက် စေသင့်ပါ”ဟု “ပြောဆိုရမည်။ ဤသို့ ပြောဆိုခြင်းသည် ဝိနည်းနှင့် မဆန့်ကျင်ရုံသာမက လောကုတ္တရာ တရားထူး ရဖို့ရန် လျော်ကန်သင့်မြတ်သော ကျင့်စဉ်ဖြစ်၏၊ ဤသို့ ပြောရမည့် ဝတ္တရားရှိပါလျက် မပြောလျှင်မူ ဝတ္တဘေဒဒုက္ကဋ (ဝတ္တရားပျက်ကွက်မှုဒုက္ကဋ်)အာပတ်ပင်သင့်နိုင်လေသည်။
ဤသည်မှာ သင်္ကန်းဖိုးလှူရာ၌ ကျင့်သုံးလိုက်နာရမည့် ကျင့်စဉ်ဖြစ်သည်။ ထို့အတူပင် ဆွမ်း၊ ခဲတံ၊ စာအုပ်စသည်တို့အတွက် အဖိုးငွေ လာလှူရာ၌လည်း ဤနည်းအတိုင်းပင် စီစဉ်ဆောင်ရွက်ရပေသည်။ [၁]
သိက္ခာပုဒ်အလိုက် ဆောင်ရွက်ကြပုံ
ပြင်ဆင်ရန်ကပ္ပိယကာရကတို့က အပ်နှံထားသော အကပ္ပိယဝတ္ထု၊ ရွှေငွေတို့နှင့် ပတ်သက်၍ ရဟန်းတော်တို့ လိုက်နာ ရမည့် ဝိနည်းစည်းကမ်းကို မြတ်စွာဘုရားက သိက္ခာပုဒ် အလိုက် ပြဋ္ဌာန်း ပညတ်တော်မူခဲ့သည်။
ရဟန်းညွှန်းအပ်သော ကပ္ပိယ (၄) ယောက်နှင့် စပ်လျဉ်း၍ ရာဇသိက္ခာပုဒ်ပညတ်ချက်အတိုင်း (၃) ကြိမ် တောင်းမှု၊ (၆) ကြိမ်ရပ်မှုကို ပြုလုပ်ဆောင်ရွက်တော်မူရ၏။
တမန်ညွှန်းအပ်သော ကပ္ပိယ (၄) ယောက်နှင့် စပ်လျဉ်း၍ မေဏ္ဍကသိက္ခာပုဒ်လာ နည်းလမ်းအတိုင်း ကျင့်သုံး လိုက်နာရ၏။ ကပ္ပိယက ရဟန်းမျက်ကွယ်မှာဖြစ်လျှင်၊ ရဟန်းကို တစ်နည်းနည်းဖြင့် “မည်သူ့အထံ၌ အပ်ထားသော ပစ္စည်းကို တောင်းပါ”ဟု လျှောက်လျှင် အကြိမ်ရာထောင်မက (မရမချင်း) တောင်းနိုင်၏။
မည်သူမျှမညွှန်ပြအပ်သော အနိဒ္ဒိဋ္ဌကပ္ပိယ(၂) ယောက်တို့ကိုကား အညာတက (ဆွေမျိုးမတော်စပ်သူ)၊ အပ္ပဝါရိတ (ဖိတ်မန်မထားသူ)တို့အပေါ်၌ ကျင့်သုံးရသည့်အတိုင်း ကျင့်သုံးတော်မူရသည်။ မိမိကိုယ်တိုင် တောင်းခွင့်မရပေ။ သူတို့အသိဖြင့် လှူမှသာ အလှူခံရလေသည်။ [၁]
ကျောင်း အိပ်ရာ နေရာတို့ကို အပ်စပ်အောင် လှူဒါန်းခြင်း
ပြင်ဆင်ရန်ကျောင်း အိပ်ရာ နေရာ ပရိဘောဂများကို ရဟန်းတော်များ သုံးစွဲနိုင်ကြောင်း မြတ်စွာဘုရားခွင့်ပြုတော် မူခဲ့သဖြင့် အပ်အပ်စပ်စပ်ဖြစ်ရန် လိုလာပါသည်။ ယခုခေတ်၌ ကျောင်း ပရိဘောဂများအတွက် အလှူရှင်တို့က ငွေကြေး လှူဒါန်းတတ်ကြပါသည်။ ငွေရေးကြေးရေးနှင့် စပ်လျဉ်း လာလျှင် ကပ္ပိယကာရက ညွှန်း၍ စနစ်တကျ ဝိနည်းတော်နှင့် အညီ အလှူခံရန် လိုအပ်ပါသည်။ ငွေကြေးအလှူခံရာ၌ ဝိနည်းတော်နှင့် ညီညွတ်မှသာ ကျောင်း အိပ်ရာနေရာ ပရိဘောဂများ အပ်စပ်ပါလိမ့်မည်။
အလှူရှင်တို့က ငွေများကို ကျောင်းဆောက်ရန်အတွက် လှူဒါန်းလာလျှင် သံဃာတော်တို့က တိုက်ရိုက် ကိုင်တွယ် လက်မခံဘဲ ကပ္ပိယညွှန်းကာ ကပ္ပိယကာရကမှ တဆင့် ထိုငွေကြေးများကို စနစ်တကျ လက်ခံရပါမည်။
ဤသို့ဆောင်ရွက်လျှင် သံဃာတော်တို့အတွက် အပ်စပ်သော ကျောင်းလည်း ဖြစ်ပေါ်လာပါမည်။ အလှူရှင်တို့အတွက်လည်း အပ်စပ်သောအလှူ ဖြစ်လာနိုင်ပါသည်။ သာသနာတော်အတွက်လည်း ကျောင်းများပရိဘောဂများ တိုးတက်လာ နိုင်ပါသည်။ ထိုသို့ အပ်စပ်သော ကျောင်းဖြစ်ရေးအတွက် ကပ္ပိယကာရကတို့သည် စေတနာ သဒ္ဓါ ထက်သန်စွာ ဆောင်ရွက်ရပေမည်။ [၁]
ဘုရားစေတီတို့ကို ရွှေသင်္ကန်းစသည် အပ်စပ်အောင် လှူဒါန်းခြင်း
ပြင်ဆင်ရန်ရဟန်းတော်တို့သည် ဘုရားစေတီတော်တို့ကို ရွှေသင်္ကန်းကပ်ခြင်းတို့ကို မပြုလုပ်ကောင်းပေ၊ ရွှေသင်္ကန်းကပ်ရန် ရွှေလှောင်စက္ကူရှိရွှေသည် ရဟန်းတော်တို့ကိုင်တွယ်ရန် မသင့်လျော်သည့်ရွှေ ဖြစ်နေသည်။ ထို့ကြောင့် ရဟန်းတော် ကိုယ်တိုင် ရွှေသင်္ကန်းကပ်လှူမှု မပြုသင့်ပေ။
ဘုရားတည်မှု စေတီတည်ထားကိုးကွယ်မှု စသည်တို့သည် ထာဝရတည်မြဲသောလုပ်ငန်းကြီးများ ဖြစ်ကြသည်။ ထိုဘုရားစေတီတော်တို့သို့ သံဃာတော်တို့ ပူဇော်ရန် လာရောက်ကြသည်၊ သို့ဖြစ်၍ ဘုရားစေတီတော်တို့သည် ဝိနည်းဒေသနာတော်နှင့် ကိုက်ညီသော သာသနိကအဆောက် အအုံတို့ ဖြစ်ရန် လိုအပ်လေသည်။
ဘုရားတည်ခြင်း၊ စေတီတည်ခြင်းကိစ္စကြီးများကို ပြုလုပ်ဆောင်ရွက်သောအခါ ကိစ္စကြီးမားလှသဖြင့် ဝိနည်းနှင့် အညီ ဆောင်ရွက်ရန် ခဲယဉ်းတတ်လေသည်။ မြေတူး၊ မြေဆွမှု၊ အုတ် ကျောက်ရောင်းဝယ်မှု၊ ပန်းရံ လက်သမား ခိုင်းစေမှု စသည့်လုပ်ငန်း အဆင့်ဆင့်တို့၌ ဝိနည်းတော်နှင့်အညီ ခိုင်းစေ လဲလှယ် ရောင်းဝယ် သုံးစွဲတတ်ဖို့ရန် ခဲယဉ်းလှသည်။
“တစ်ခါမဟုတ် တစ်ခါ” ဝိနည်းဒေသနာတော်နှင့် ကိုက်ညီမှု မရှိဘဲ ချွတ်ချော်တတ်လေသည်။ ထိုအခါ ဘုရားစေတီ တည်သူ ရဟန်းတော်မှာ သက်ဆိုင်ရာသိက္ခာပုဒ်တော်အရ အာပတ်သင့်တော့သည်။
ဘုရားတည်ရန် စေတီတည်ရန် အလှူခံသောအခါ၌လည်း ဝိနည်းဝေါဟာရနှင့်အညီ သုံးနှုန်းဆောင်ရွက်ရန် ခဲယဉ်းပြန်သည်၊ ဝိနည်းတော်နှင့် လျော်ညီစွာ ငွေရေး ကြေးရေးများကို စနစ်တကျ အလှူခံတတ်ဖို့ရန် လွန်စွာအရေး ကြီးလှသည်။
အလှူရှင်တို့က ဘုရားစေတီတည်ရန် ငွေကြေးပစ္စည်းများ၊ ရွှေငွေစိန်ကျောက်ပတ္တမြားရတနာများ၊ လယ်ယာမြေများ လှူဒါန်းလာသောအခါ မိမိကိုယ်တိုင် လက်မခံရပေ။ သက်ဆိုင်ရာကပ္ပိယကာရကကို ညွှန်ပြရသည်။ ကပ္ပိယကာရကတို့က ဝိနည်းတော်နှင့်အညီ စနစ်တကျ လက်ခံသိမ်းဆည်း ရသည်။ ထိုသို့ ခဲခဲယဉ်းယဉ်း စနစ်တကျ ဆောင်ရွက်မှသာ စေတီတစ်ဆူ ဘုရားတစ်ဆူသည် ပြီးမြောက်နိုင်ပေမည်။
သို့ဖြစ်၍ ဘုရားရှင်၏ ဆန္ဒတော်အရ ရဟန်းတော်များသည် စာပေသင်ကြား ပို့ချမှု ပရိယတ္တိဓုရနှင့် အကျင့် သိက္ခာ သမထ ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းမှု ဝိပဿနာဓုရကိုသာ အားထုတ်တော်မူလေ့ ရှိကြသည်။ ရဟန်းတော်ကိုယ်တိုင် ဦးစီး၍ ဝိနည်းစည်းကမ်းနှင့် မညီဘဲ တည်ဆောက်ထားသော စေတီဘုရားများကို ရှေးခေတ် ဝိနည်းလေးစားသော ဆရာတော်တို့ ရှောင်ရှားလေ့ရှိကြသည်။
သို့ဖြစ်၍ ကပ္ပိယကာရကတို့သည် ဘုရားစေတီတို့ကို တည်ဆောက်ခြင်း ရွှေသင်္ကန်းကပ်ခြင်းစသည့် ကိစ္စအရပ်ရပ်၌ အပ်စပ်အောင် လှူဒါန်းနိုင်ရန်အတွက် ကြိုးပမ်းရပေမည်။ စေတီတစ်ဆူသို့ ညွတ်ပြီးသော လာဘ်လာဘကို အခြားစေတီ တစ်ဆူသို့ ညွှတ်ရန် မဆောင်ရွက်ကောင်းသဖြင့် သာသနာတော်အတွက် အကောင်းဆုံး၊ ဝိနည်းဒေသနာတော် နှင့် အညီညွတ်ဆုံး စေတီဘုရားများပေါ်ထွက်ရန် သတိပြု ကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ စေတနာသဒ္ဓါတရား ထက်သန် ပညာဉာဏ်ဖြင့် ဝေဖန်၍ စီမံ ဆောင်ရွက်တတ်သော ကပ္ပိယ ကောင်းများ ရှိမှသာ သာသနာတော် သန့်ရှင်းစွာ တည်တံ့ ထွန်းကားပြန့်ပွားပေမည်။ [၁]