အရှေ့တီမောနိုင်ငံ
အရှေ့တီမောနိုင်ငံ (အင်္ဂလိပ်: East Timor or Timor Leste) သည် တရားဝင်အားဖြင့် တီမောလက်စ်တီ ဒီမိုကရက်တစ် သမ္မတနိုင်ငံ[၁] သည် အရှေ့တောင်အာရှဒေသတွင် တည်ရှိသော နိုင်ငံတစ်ခုဖြစ်သည်။ တီမောကျွန်း၏ အရှေ့ဘက်အပိုင်းတွင် တည်ရှိကာ အချုပ်အခြာအာဏာပိုင် ကျွန်းနိုင်ငံတစ်ခုဖြစ်သည်။ အနောက်ဘက်တွင် အင်ဒိုနီးရှားနိုင်ငံအပိုင် အနောက်တီမော တည်ရှိကာ တောင်ဘက်တွင် တီမောပင်လယ်ခြားလျက် ဩစတြေးလျနိုင်ငံ တည်ရှိသည်။ အရှေ့တီမောနိုင်ငံကို ရံဖန်ရံခါတွင် တီမောနိုင်ငံဟုလည်း သုံးစွဲကြသည်။ အရှေ့တီမောနိုင်ငံသည် စတုရန်းကီလိုမီတာပေါင်း (၁၅,၀၀၇) (၅,၄၀၀ စတုရန်းမိုင်) ကျယ်ဝန်းသည်။ မြို့တော်မှာ ဒီလီမြို့ ဖြစ်သည်။
အရှေ့တီမောဒီမိုကရက်တစ်သမ္မတနိုင်ငံ Repúblika Demokrátika Timór Lorosa'e República Democrática de Timor-Leste | |
---|---|
ဆောင်ပုဒ်: "ညီညွတ်ရေး၊ ကုသိုလ်၊ တိုးတက်ရေး" | |
နိုင်ငံတော် သီချင်း: Pátria | |
မြို့တော် | ဒီလီမြို့ |
အကြီးဆုံးမြို့ | ဒီလီမြို့ |
ရုံးသုံး ဘာသာစကားများ | တဲတွမ်ဘာသာစကား၊ ပေါ်တူဂီဘာသာစကား |
လူမျိုးစု | Austronesian (Malayo-Polynesian), Papuan, တရုတ် |
ကိုးကွယ်မှု | Roman Catholic (၉၈%), အစ္စလာမ် (၁%), Protestant (၁%), အခြား (၃.၄%) |
အစိုးရ | ပြည်ထောင်စု သမ္မတတစ်ပိုင်းစနစ် သမ္မတနိုင်ငံ |
• သမ္မတ | ဟိုဆေး ရာမို့စ်ဟောတာ |
• ဝန်ကြီးချုပ် | Taur Matan Ruak |
တည်ထောင် | |
• လွတ်လပ်ရေး (Portugal၊ ကြေညာ) | ၂၈ နိုဝင်ဘာ ၁၉၇၅ |
• လွတ်လပ်ရေး (သတ်မှတ်) | ၂၀ မေ ၂၀၀၂ |
ဧရိယာ | |
• စုစုပေါင်း | ၁၅,၄၁၀ km² (၅,၇၄၃ sq mi) (အဆင့်: ၁၅၈) |
• ရေထု (%) | ၀ |
လူဦးရေ | |
• ခန့်မှန်း | ၁,၁၀၈,၇၇၇ (အဆင့် - ၄) |
• သိပ်သည်းမှု | ၆၄/km² (၁၆၆/sq mi) (အဆင့် - ၁၃၂) |
GDP (PPP) | ခန့်မှန်း |
• စုစုပေါင်း | USD $၂.၆၀၈ သိန်းကုဋေ (အဆင့် - ၁၇၈) |
• Per capita | USD $၂,၅၀၀ (အဆင့် - ၁၈၈) |
HDI | ၀.၅၁၄ နိမ့် · ၁၅၀ |
ငွေကြေး | U.S. Dollar (USD "$") |
အချိန်ဇုန် | +၉ |
တယ်လီဖုန်းကုဒ် | +၆၇၀ |
Internet TLD | .tl |
(၁၆)ရာစုအတွင်းက ပေါ်တူဂီတို့၏ ကိုလိုနီပြုမှုကို ခံခဲ့ရသော အရှေ့တီမောဒေသသည် ၁၉၇၅ခုနှစ် နိုဝင်ဘာ (၂၅) ရက်နေ့မတိုင်မီအထိ ပေါ်တူဂစ်-တီမောဟု လူသိများခဲ့သည်။ ထိုနေ့တွင် အရှေ့တီမောတော်လှန်ရေး တပ်ပေါင်းစုက လွတ်လပ်ရေးကို ကြေညာခဲ့သည်။ ကိုးရက်အကြာတွင်မူ အင်ဒိုနီးရှားတပ်မတော်၏ တိုက်ခိုက်သိမ်းပိုက်ခြင်း ခံခဲ့ရသည်။ အင်ဒိုနီးရှားစစ်တပ်နှင့် တီမောနယ်မြေ ခွဲထွက်ရေးအုပ်စုများကြား ပဋိပက္ခများသည် ကာလကြာရှည်စွာ တည်ရှိခဲ့သည်။
ကုလသမဂ္ဂ၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ဥပဒေအရ ၁၉၉၉ခုနှစ်တွင် အင်ဒိုနီးရှားတို့ လက်လွှတ်ခဲ့ရသည်။ အရှေ့တီမောနိုင်ငံသည် ၂၀၀၂ခုနှစ် မေလ (၂၀) ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် တိုင်းပြည်တစ်ခုဖြစ်လာကာ (၂၁) ရာစု၏ ပထမဆုံးပေါ်ထွက်လာသော အချုပ်အခြာအာဏာပိုင်တိုင်းပြည်ဖြစ်သည်။ ထို့နောက် ကမ္ဘာ့ကုလသမဂ္ဂနှင့် ပေါ်တူဂီဘာသာစကား ကျင့်သုံးသောနိုင်ငံများအဖွဲ့သို့ ဝင်ရောက်ခဲ့သည်။[၂] ၂၀၁၁ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း၏ (၁၁)နိုင်ငံမြောက် အဖွဲ့ဝင်ဖြစ်လာနိုင်ရန် ကြိုးပမ်းခဲ့ကြပြီး စောင့်ကြည့်သူအဖြစ် ရပ်တည်ခဲ့သည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ရက်နှင့်၁၁ရက်တို့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ ၌ ကျင်းပခဲ့သည့် (၄၀)ကြိမ်နှင့် (၄၁)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများအတွင်း အာဆီယံခေါင်းဆောင်များက တီမောလက်စ်နိုင်ငံ ကို ၁၁ နိုင်ငံမြောက် အာဆီယံအဖွဲ့ဝင်အဖြစ် မူအားဖြင့်သဘောတူခဲ့ကြသည်။[၃] [၄]
အမည်ရင်းမြစ်
ပြင်ဆင်ရန်တီမော (Timor) သည် အရှေ့ဟု အဓိပ္ပါယ်ရသော Timur ဟူသော မလေးစကားမှ ဆင်းသက်လာသည်။ ပေါ်တူဂီဘာသာစကားတွင်မူ တီမောဟု ဖြစ်လာခဲ့သည်။
အခြေခံဥပဒေအရ အရှေ့တီမောနိုင်ငံ၏ တရားဝင်အမည်မှာ အင်္ဂလိပ်ဘာသာဖြင့် Democratic Republic of Timor-Leste၊ ပေါ်တူဂီဘာသာဖြင့် República Democrática de Timor-Leste အဖြစ် အသုံးပြုသည်။ နိုင်ငံ၏ သက်ဆိုင်ရာကုတ်များကို TLS သို့မဟုတ် TL ဟု သတ်မှတ်ကြသည်။
သမိုင်း
ပြင်ဆင်ရန်ပေါ်တူဂီတို့လက်အောက်တွင် ကျရောက်ခြင်း
ပြင်ဆင်ရန်(၁၇၀၀)ပြည့်နှစ်မတိုင်မီက သမိုင်းကြောင်းများမှာမူ သိရှိရမှုနည်းပါးသည်။ ဒီလီမြို့အတွင်း ရုန်းရင်းဆန်ခတ်မှုများသည် သမိုင်းမှတ်တမ်းများကို ပျောက်ဆုံးစေခဲ့သည်။ ၁၇၇၉ခုနှစ်၊ ၁၈၉၀၊ ၁၉၇၅နှင့် ၁၉၉၉ခုနှစ်များတွင် မော်ကွန်းများ၊ သမိုင်းမှတ်တမ်းများ ဖျက်ဆီးခံခဲ့ရသည်။
(၁၅)ရာစုတွင် တီမောကျွန်းသည် နံ့သာဖြူပင်များပေါက်ရောက်ရာ ကျွန်းအဖြစ် လူသိများသည်။ အစောဆုံးမှတ်တမ်းများမှာ မလက်ကာမြို့ကို သိမ်းယူထားသော ပေါ်တူဂီတို့ ၁၅၁၆ခုနှစ်တွင် ဤကျွန်းသို့ ခရီးထွက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၁၅၂၁ခုနှစ်တွင် နံ့သာဖြူပင်များနှင့် ပြန်ခဲ့သည်။ ၁၅၂၀ဝန်းကျင်တွင် ပေါ်တူဂီနှင့် စပိန်တို့သည် တီမောကျွန်းကို စိတ်ဝင်စားခဲ့ပြီး ၁၅၂၄ခုနှစ်တွင် ကုန်သွယ်မှုများ စတင်ခဲ့သည်။ ၁၆ရာစုနှောင်းပိုင်းတွင် တီမောကျွန်းအနီးရှိ ဆောလောကျွန်းတွင် အုပ်ချုပ်ရေးအရာရှိများခန့်အပ်ပြီး ထိုကျွန်းနှစ်ကျွန်းကို စီမံခဲ့သည်။ ၁၆၁၃ခုနှစ်တွင် နယ်သာလန်တို့သည် အထူးသဖြင့် ကျွန်း၏အနောက်ဘက်ကို ထိန်းချုပ်နိုင်ရန် ပြိုင်ဆိုင်လာခဲ့သည်။ ပုန်ကန်မှုတစ်ခုကြောင့် ၁၆၂၁ခုနှစ်တွင် ပေါ်တူဂီတို့ ကျွန်းကို (၃)နှစ်ကြာ လက်လွှတ်ခဲ့ရသည်။ ၁၆၄၁ခုနှစ်တွင် ပေါ်တူဂီတို့၏ အကာအကွယ်ဖြင့် တီမောဘုရင်တော်တော်များများ ကက်သလစ်ဘာသာသို့ ပြောင်းခဲ့ကြသည်။ ဤသည်မှာ ယခင်က စီးပွားရေးအရလွှမ်းမိုးခဲ့သော ပေါ်တူဂီတို့ကို နိုင်ငံရေးအရ လွှမ်းမိုးနိုင်ရန် ပြောင်းလဲမှု ဖြစ်စေခဲ့သည်။
၁၆၄၆ခုနှစ်တွင် တီမောကျွန်းကို ဆောလောမှခွဲထုတ်ကာ အုပ်ချုပ်ခဲ့သည်။ သို့ရာတွင် မည်သို့အုပ်ချုပ်ခဲ့သည်ကို မသိရပေ။ ၁၇၀၂ခုနှစ်တွင် ၎င်း၏ ပထမဆုံးဘုရင်ခံ ခန့်အပ်ခံခဲ့ရပြီး သူသည် ယခုခေတ် အိုးကပ်စ်ခရိုင် လီဖုရွာတွင် နေထိုင်သည်။ ၁၇၄၉ခုနှစ်တွင် ဒတ်ချ်စစ်တပ်သည် တီမောကျွန်း၏ နေရာတော်တော်များများကို ထိန်းချုပ်ထားပြီး ယနေ့ခေတ် အင်ဒို-အရှေ့တီမော နယ်နိမိတ်နှင့် ဆင်တူသည်။ ၁၇၆၉ခုနှစ်တွင် လီဖုရွာတွင် ဒေသခံမျိုးနွယ်စုမှ မိသားစုများ လွှမ်းမိုးလာသဖြင့် ဘုရင်ခံသည် ယနေ့ခေတ် ဒီလီမြို့ဖြစ်လာမည့်နေရာသို့ ပြောင်းရွှေ့အုပ်ချုပ်ခဲ့သည်။ ၁၇၈၈မှ ၁၇၉၀အကြားတွင် ဒီလီအခြေစိုက် ဘုရင်ခံနှင့် မာနာတူတိုရှိ အရာရှိတို့အကြား ပြဿနာဖြစ်ပွားခဲ့ပြီး ဘုရင်ခံအသစ်ရောက်လာပြီး ဖြေရှင်းခဲ့ရသည်။ ဒတ်ချ်တို့၏ ရန်မှကာကွယ်ရန် ၁၈၁၈ခုနှစ်တွင် အမြဲတမ်းစစ်တပ်တစ်ခု ဖွဲ့စည်းခဲ့သည်။
၁၈၄၄ခုနှစ်တွင် တီမော၊ မကာအိုနှင့် ဆောလောတို့ကို ပေါ်တူဂစ်အိန္ဒိယလက်အောက်မှခွဲထုတ်ကာ အုပ်ချုပ်ခဲ့သည်။ ပေါ်တူဂစ်အိန္ဒိယဆိုသဘ်မှာ ပေါ်တူဂီတို့ သိမ်းပိုက်ထားသော အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းများဖြစ်သည်။ ၁၈၅၀ပြည့်နှစ်တွင် တီမောကို ပေါ်တူဂစ်မကာအိုအုပ်ချုပ်မှုအောက်မှ ပြန်ခွဲထုတ်ကာ ၁၈၅၆ခုနှစ်တွင် ပေါ်တူဂစ်အိန္ဒိယအောက် ပြန်ရောက်ပြန်သည်။ ၁၈၆၃ခုနှစ်တွင် ဒီလီကို မြို့အဖြစ်သတ်မှတ်ပြီး အရှေ့တီမောသည် လစ်စဘွန်းအစိုးရ အောက်တွင် ပါဝင်လာသည်။ ၁၈၆၆ခုနှစ်တွင် မကာအိုအောက် ပြန်ရောက်ပြန်သည်။ ၁၈၉၆တွင် မကာအိုအောက်မှ နောက်ဆုံးအကြိမ်ခွဲထုတ်ပြီး လစ်စဘွန်းအစိုးရ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက် ပြန်သွင်းပြန်သည်။ ၁၉၀၉ခုနှစ်တွင် ပြည်နယ်တစ်ခုအဖြစ် ဖြစ်လာခဲ့သည်။
၁၉၁၀ပြည့်နှစ်တွင် ပေါ်တူဂီနိုင်ငံ၌ တော်လှန်ရေးဖြစ်ပွားပြီး ဘုရင်စနစ်ပြုတ်ကျကာ အရပ်သားအစိုးရပေါ်ပေါက်လာခဲ့သည်။ အရပ်သားအစိုးရသစ်သည် ရေမြေခြားမှ ၎င်း၏ပြည်နယ်များကို ကိုလိုနီနယ်မြေအဆင့် လျှော့ချခဲ့သည်။ ဒီလီမြို့သည် ၁၉၄၀ပြည့်နှစ်တွင် တီမော၏ ပထမဆုံးမြူနီစီပယ်ဖြစ်သော ဒီလီမြူနီစီပယ်၏ အစိတ်အပိုင်း ဖြစ်လာခဲ့သည်။ ထိုစဉ်ကမြူနီစီပယ်သည် ယနေ့ခေတ်ထက် ကြီးမားသည်။ ဒုတိယကမ္ဘာစစ်တွင် ပေါ်တူဂီနှင့် ၎င်း၏ကိုလိုနီများသည် သာမန်သာနေခဲ့သည်။ သို့သော် မဟာမိတ်တပ်များက တီမောကျွန်းသည် ဂျပန်၏ကျူးကျော်မှုခံရနိုင်သည်ဟု ထင်မြင်ခဲ့သည်။ တီမောကျွန်း၏ အရှေ့ပိုင်းသည် ပေါ်တူဂီတို့အပိုင်ဖြစ်ကာ ဒီလီမြို့သည် မြို့တော်ဖြစ်သည်။ အနောက်ပိုင်းသည် ဒတ်ချ်တို့၏အပိုင်ဖြစ်ကာ ကူပန်မြို့သည် မြို့တော်ဖြစ်သည်။ ၁၉၄၁ခုနှစ်တွင် ပစိဖိတ်စစ်ပွဲဖြစ်လာရာ ပေါ်တူဂီ၏ကန့်ကွက်မှုကြားမှ ဩစတြေးလျနှင့် ဒတ်ချ်တပ်များကို ဒီလီမြို့သို့ ပို့ခဲ့သည်။ ၎င်းကိုတုံ့ပြန်သည့်အနေဖြင့် ဂျပန်တို့သည် တီမောကျွန်းကို ကျူးကျော်ခဲ့ကြသည်။ ကျးးကျော်မှုမစမီကပင် ဒီလီမြို့ကို စွန့်ခွာမှုများရှိခဲ့သည်။ မဟာမိတ်တပ်များသည်လည်း မြို့ကို စွန့်ခွာကာ အင်အားအနည်းငယ်သာ ထားခဲ့သည်။ ဂျပန်တို့သည် ပေါ်တူဂီတို့၏ အုပ်ချုပ်ရေးမှူးကို ဆက်လက်ခန့်ထားခဲ့သည်။ သို့သော် ဂျပန်များကသာ အုပ်ချုပ်သည်။ မူလဂျပန်တို့ ကျူးကျော်စဉ်မှစ၍ မဟာမိတ်တို့ ပြန်လည်ဗုံးကျဲသည်အထိ ဒီလီမြို့မှာ ပျက်စီးခဲ့သည်။ စစ်ပွဲကြီးပြီးဆုံးချိန်တွင် ဂျပန်တပ်များ ဩစတြေးလျတို့ထံ လက်နက်ချခဲ့သည်။ စစ်ပွဲပြီးနောက် ၁၉၄၅ခုနှစ် စက်တင်ဘာ ၂၃ရက်နေ့တွင် ဩစတြေးလျအရာရှိသည် ဒီလီမြို့သို့ ကိုယ်တိုင်သွားကာ စစ်ပွဲကြီးပြီးသွားကြောင်း သတင်းစကားပါးခဲ့သည်။
၁၉၅၁ခုနှစ်တွင် ပေါ်တူဂစ်တီမောသည် ပေါ်တူဂီနိုင်ငံ၏ အစိတ်အပိုင်းဖြစ်လာခဲ့သည်။ အရှေ့တီမောဒေသတွင် ဒီလီမြို့တစ်ခုသာ သိသာစွာ တိုးတက်မှုရှိခဲ့သည်။ ၁၉၆၀ပြည့်နှစ်တွင် ဒီလီမြို့၏လူဦးရေမှာ (၇,၀၀၀)ခန့် ရှိသည်။
၁၉၇၄တွင် ပေါ်တူဂီ၌ တော်လှန်ရေးတစ်ခုဖြစ်ပွားပြီး အရှေ့တီမောတွင် ရုတ်တရက်ပြောင်းလဲသွားသည်။ လွတ်လပ်ရေးအရယူရန်အတွက် နိုင်ငံရေးပါတီများ ပေါ်ပေါက်လာခဲ့သည်။ ပါတီများအကြားမှ ဆက်ဆံရေးမှာမူ သဘောထားကွဲလွဲခဲ့ကြသည်။ တီမောဒီမိုကရက်တစ်ယူနီယံပါတီ (ယူဒီတီ)ကမူ အင်ဒိုနီးရှားနှင့် ပေါင်းချင်ခဲ့သည်။ ၁၉၇၅ခုနှစ် ဩဂုတ်လ ၁၁ရက်နေ့တွင် ယူဒီတီက အာဏာသိမ်းခဲ့သည်။ သို့သော် သူ၏အာဏာသည် ဒီလီအပြင်ဘက်၌ အကန့်အသတ်ရှိသည်။ ဩဂုတ် ၂၀ရက်နေ့တွင် ပြိုင်ဖက် ဖရတ်တီလင်းပါတီက မြို့ကိုထိန်းချုပ်ရန် ကြိုးစားပြန်သည်။ ပြဿနာများကြားတွင် အချို့အိမ်များ မီးရှို့ခံခဲ့ရသည်။
နောက်ဆုံးတွင် ဖရတ်တီလင်းတို့ ထိန်းချုပ်နိုင်ခဲ့သည်။ သို့ရာတွင် ပြည်တွင်းစစ်ဆက်ဖြစ်နေ၍ ပေါ်တူဂီတို့၏ နောက်ဆုံးဘုရင်ခံသည် တီမောကျွန်းနှင့် သီးခြားတည်ရှိသော အတော်ရိုကျွန်းသို့ ထွက်ပြေးခဲ့ရသည်။ နိုဝင်ဘာ ၂၈ရက်နေ့တွင် ဖရတ်တီလင်းပါတီက ဒီလီမြို့၌ လွတ်လပ်ရေးကို ကြေညာသည်။ ဒီဇင်ဘာ ၇ရက်နေ့တွင် အင်ဒိုနီးရှားတို့က ဒီလီမြို့အတွင်း လေထီးတပ်သားများစေလွှတ်ခြင်း၊ အနောက်ဘက်တွင် ကုန်း၊ ရေနှစ်သွယ်တပ်များ စေလွှတ်ခြင်းဖြင့် အင်ဒိုနီးရှားသို့ ကျူးကျော်မှု စတင်ခဲ့သည်။
အင်ဒိုနီးရှားတို့လက်အောက်တွင် ကျရောက်ခြင်း (၁၉၇၅ - ၁၉၉၉)
ပြင်ဆင်ရန်အင်ဒိုနီးရှားတို့၏ သိမ်းပိုက်ထားမှုကာလကို ရက်စက်မှုနှင့် အကြမ်းဖက်မှုများဖြင့် အမှတ်အသားပြုနိုက်သည်။ အရှေ့တီမောအရေးကော်မရှင်တစ်ခု၏ အစီရင်ခံစာအရ ၁၉၇၄ခုနှစ်မှ ၁၉၉၉ခုနှစ်အတွင်း ပဋိပက္ခများနှင့် ဆက်နွှယ်သည့် သေဆုံးမှုပေါင်း (၁၀၂,၈၀၀) ရှိခဲ့သည်။ ထိုအထဲတွင် ဖျားနာခြင်းနှင့် ငတ်မွတ်မှုများကြောင့်လည်း ပါဝင်သည်။ ပေါ်တူဂီ၊ အင်ဒိုနီးရှားနှင့် ရိုမန်ကတ်သလစ်များ၏ စာရင်းတွင်မူ (၂၀၀,၀၀၀) ကျော်သည်။ ဖိနှိပ်မှုများနှင့် ကန့်သတ်မှုများသည် အခြေခံအဆောက်အဦးများနှင့် ဝန်ဆောင်မှုကဏ္ဍကို နှောင့်နှေးစေခဲ့ကာ ရလဒ်အနေဖြင့် အရှေ့တီမောဒေသ၏ လူနေမှုအဆင့်အတန်းကို နိမ့်ကျစေခဲ့သည်။ စီးပွားရေးအကျိုးဖြစ်မှုများသည် အင်ဒိုနီးရှားမှ ရွှေ့ပြောင်းနေထိုင်သူများတွင်သာ ရှိခဲ့သည်။ အရှေ့တီမောပြောက်ကျားတပ်ဖွဲ့များသည် ၁၉၇၅ခုနှစ်မှစ၍ ၁၉၉၈ခုနှစ်အထိ အင်ဒိုနီးရှားစစ်တပ်အပေါ် ထိုးစစ်ဆင်ခဲ့ကြသည်။
၁၉၉၁ခုနှစ် ဒီလီလူသတ်ပွဲသည် အရှေ့တီမော၏လွတ်လပ်ရေးအတွက် အချိုးအကွေ့တစ်ရပ်ဖြစ်ကာ ပေါ်တူဂီ၊ ဩစတြေးလျ၊ ဖိလစ်ပိုင်နှင့် အခြားသောအနောက်နိုင်ငံများတွင် တီမောကြံ့ခိုင်ရေးလှုပ်ရှားမှုများ ဖြစ်လာခဲ့သည်။ အင်ဒိုနီးရှားသမ္မတ ဆူဟာတို နုတ်ထွက်ပြီးနောက် သမ္မတအသစ် ဘီဂျေ ဟာဘီဘီသည် နိုင်ငံတကာနှင့် ဆက်ဆံရေးဆိုးရွာနေမှုကို အဆုံးသတ်ချင်လာသည်။ သူ့ကို ဩစတြေးလျဝန်ကြီးချုပ်က စာမှတဆင့် တိုက်တွန်းချက်အရ အရှေ့တီမောကို လွတ်လပ်ရေးပေးရန် ဆန္ဒခံယူပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ အင်ဒိုနီးရှားနှင့် ပေါ်တူဂီတို့အကြား ကုလသမဂ္ဂ၏ စေ့စပ်မှုအရ ၁၉၉၉ခုနှစ် ဩဂုတ်လတွင် အရှေ့တီမောအား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရစေမည့် ဆန္ဒခံယူပွဲ ပေါ်ပေါက်လာသည်။ ထိုဆန္ဒခံယူပွဲတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အရှေ့တီမောလူထုက ပယ်ချခဲ့လျှင် အရှေ့တီမောကို အင်ဒိုနီးရှားကခွဲထုတ်၍ သီးခြားရပ်တည်ခွင့်ပေးမည်ဟု သူက ကတိပေးခဲ့သည်။ ဆန္ဒခံယူပွဲရလဒ်အရ အရှေ့တီမောကို လွတ်လပ်ရေးပေးရန် ဖြစ်လာခဲ့သည်။
ဆန္ဒခံယူပွဲပြီးနောက် လများတွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်လာခဲ့သည်။ အင်ဒိုနီးရှားစစ်တပ်က ကျောထောက်နောက်ခံပြုထားသော အင်ဒိုလိုလားသည့် အရှေ့တီမောမှစစ်သွေးကြွများက ပြုလုပ်ခဲ့ခြင်းဖြစ်ကာ လူပေါင်း (၂,၀၀၀) ကျော်သေဆုံးခဲ့သည်။ ထိုကိစ္စများကို အင်ဒိုနီးရှားသမ္မတ ဟာဘီဘီလည်း မတတ်နိုင်ခဲ့ရာမှ အရှေ့တီမော၏ ငြိမ်းချမ်းရေးကိုထိန်းသိမ်းရန် ကုလသမဂ္ဂတပ်များကို ခေါ်ခဲ့ရတော့သည်။ ၁၉၉၉ခုနှစ် အောက်တိုဘာ ၂၅ရက်နေ့မှစ၍ အရှေ့တီမောဒေသကို ကုလသမဂ္ဂက စတင်အုပ်ချုပ်ခဲ့သည်။
မျက်မှောက်ခေတ်
ပြင်ဆင်ရန်၂၀၀၁ခုနှစ် ဩဂုတ်လ (၃၀) ရက်နေ့တွင် အရှေ့တီမောနိုင်ငံ၏ ပထမဆုံးသော ရွေးကောက်ပွဲကို ကုလသမဂ္ဂက ကြီးမှူးကျင်းပခဲ့သည်။ ထိုရွေးကောက်ပွဲမှအခြေခံဥပဒေရေးဆွဲရေး ဥပဒေပြုလွှတ်တော်တစ်ရပ်အတွက် ကိုယ်စားလှယ်များ ရွေးချယ်ခဲ့ကြသည်။ ၂၀၀၂ခုနှစ် မတ်လ (၂၂)ရက်နေ့တွင် လွှတ်တော်က အခြေခံဥပဒေအား အတည်ပြုခဲ့သည်။ ၂၀၀၂ခုနှစ် မေလ (၂၀) ရက်နေ့တွင် အရှေ့တီမောဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ အခြေခံဥပဒေမှာ စတင်အသက်ဝင်ခဲ့ပြီး ထိုနေ့တွင်ပင် ကုလသမဂ္ဂက အရှေ့တီမော၏ လွတ်လပ်ရေးကို တရားဝင် အသိအမှတ်ပြုခဲ့ရာ အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်လာခဲ့သည်။ အခြေခံဥပဒေပြုလွှတ်တော်ကို အမျိုးသားလွှတ်တော် (National Parliament) ဟု အမည်ပြောင်းခဲ့သည်။ ဇာနာနာ ဂတ်စမိုသည်လည်း ပထမဆုံးသမ္မတအဖြစ် ကျမ်းကျိန်သည်။ ၂၀၀၂ခုနှစ် စက်တင်ဘာ (၂၇) ရက်နေ့တွင် နိုင်ငံအမည် အရှေ့တီမော (East Timor) ကို တီမောလက်စ်တိ (Timor-Leste) အဖြစ် ပြောင်းလဲခဲ့သည်။ သမ္မတနှင့် ဝန်ကြီးချုပ် မာရီ အယ်လ်ကာတီရီတို့အကြားတွင်မူ မပြေလည်မှုများ ရှိခဲ့သည်။[၅]
၂၀၀၆ခုနှစ် မတ်လတွင် နိုင်ငံအနောက်ပိုင်းမှ စစ်သားအများစုပါဝင်သော စစ်သားများက ဆူပူအုံကြွမှုများနှင့် ဂိုဏ်းခွဲမှုများကြောင့် လူဦးရေ၏ ၁၅ရာခိုင်နှုန်းဖြစ်သော လူပေါင်း (၁၅၅,၀၀၀) ခန့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသဖြင့် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးတပ်များ စေလွှတ်ခဲ့ရသည်။ ဆူပူမှုအကြောင်းမှာ အစိုးရသည် အရှေ့ပိုင်းစစ်သားများကို ပို၍မျက်နှာသာပေးသည်ဟု အနောက်ပိုင်းမှ စစ်သားများက စွပ်စွဲ၍ဖြစ်သည်။
၂၀၀၆ခုနှစ် မေလတွင် သမ္မတက အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ ၂၀၀၇ခုနှစ်တွင် သမ္မတ ဇာနာနာဂတ်စမိုက သူ့အနေဖြင့် နောက်ထပ်သမ္မတသက်တမ်းကို တာဝန်မထမ်းဆောင်တော့ကြောင်း ပြောကြားခဲ့သည်။ ထိုအကြားတွင် ဝန်ကြီးချုပ် မာရီ အယ်လ်ကာတီရီ နုတ်ထွက်ခဲ့ကာ နိုင်ငံခြားရေးဝန်ကြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဟိုဆေး ရာမို့စ်ဟောတာ ဝန်ကြီးချုပ်ခဖြစ်လာခဲ့သည်။ ထို့နောက် ရာမို့စ်ဟောတာသည် ၂၀၀၇ သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရာ သမ္မတဖြစ်လာခဲ့သည်။ ၂၀၀၇ခုနှစ် ဇွန်လ လွှတ်တော်ရွေးကောက်ပွဲများတွင် သမ္မတ ဇာနာနာ ဂတ်စမို က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၂၀၀၈ခုနှစ် ဖေဖော်ဝါရီလတွင် သမ္မတ ရာမို့စ်ဟောတာသည် လုပ်ကြံသတ်ဖြတ်မှုအတွင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ ဝန်ကြီးချုပ် ဇာနာနာ ဂတ်စ်မိုသည်လည်း သီးခြားလုပ်ကြံခံခဲ့ရပြီး မထိခိုက်ဘဲ လွတ်မြောက်သွားခဲ့သည်။ အခြေအနေကို ထိန်းသိမ်းရန် ဩစတြေးလျတပ်ဖွဲ့များ ချက်ချင်းစေလွှတ်ခဲ့ရသည်။
သမ္မတ ရာမို့စ်ဟောတာက ၂၀၀၇ခုနှစ် စက်တင်ဘာလမှစတင်၍ အာဆီယံအသင်းကြီးသို့ တင်းပြည့်အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ရန် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။ သူ့အနေဖြင့် ထိုသို့လုပ်ငန်းများမှာ (၅) နှစ်ခန့်ကြာနိုင်ကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် ၂၀၂၂ခုနှစ် မေလ (၂၀) ရက်နေ့တွင် ၎င်း နောက်ထပ်သမ္မတ ပြန်လည်ဖြစ်လာချိန်အထိ ဝင်ရောက်နိုင်ခြင်း မရှိသေးပေ။
နိုင်ငံရေးနှင့် အစိုးရ
ပြင်ဆင်ရန်အရှေ့တီမောနိုင်ငံသည် ပေါ်တူဂီနိုင်ငံရေးစနစ်အတိုင်း သမ္မတတစ်ပိုင်းစနစ် ကို ကျင့်သုံးသည်။ ဤစနစ်သည် ပါလီမန်စနစ်ကဲ့သို့ နိုင်ငံတော်အကြီးအကဲသည် ဟန်ပြသာနေရပြီး အစိုးရအဖွဲ့အကြီးအကဲ ဝန်ကြီးချုပ်သည်သာ အာဏာအများစုရှိသည့် စနစ်နှင့် ကွဲပြားသည်။ သို့သော် သမ္မတစနစ်ကျင့်သုံးသောတိုင်းပြည်များ၏ သမ္မတကဲ့သို့လည်း အာဏာအပြည့်အဝမရှိပေ။ သမ္မတနှင့် ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့တို့အကြား အာဏာခွဲဝေယှဉ်တွဲ ကျင့်သုံးသော စနစ်ဖြစ်သည်။ သမ္မတနှင့် ဝန်ကြီးချုပ်တို့အကြား အာဏာခွဲဝေမှုအပြင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်တို့အကြား အာဏာခွဲဝေမှုများကို အခြေခံဥပဒေ၌ တိကျစွာ ပြဋ္ဌာန်းထားသည်။
နိုင်ငံတော်သမ္မတ သည် နိုင်ငံတော်အကြီးအကဲဖြစ်သည်။ ထို့အပြင် နိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာအတွက် အမှတ်သင်္ကေတနှင့် အာမခံသူဖြစ်သည်။ တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်သည်။ သမ္မတကို ပြည်သူမှ တိုက်ရိုက်ရွေးချယ်ရသည်။ သမ္မတကိုအကြံပေးရန်အတွက် နိုင်ငံတော်ကောင်စီ ကို ဖွဲ့စည်းရသည်။ ထိုကောင်စီတွင် ရာထူးမှထုတ်ပယ်ခြင်းခံရမှုမရှိခဲ့သည့် သမ္မတအငြိမ်းစား၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ လွှတ်တော်မှရွေးသော ပြည်သူ (၅)ဦး၊ သမ္မတမှရွေးသော ပြည်သူ (၅)ဦးတို့ ပါဝင်သည်။
လွှတ်တော်သည် အနည်းဆုံး (၅၂)ဦးမှ အများဆုံး (၆၅)ဦးအထိရှိပြီး ပြည်သူမှ တိုက်ရိုက်ရွေးချယ်သည်။ ရွေးကောက်ခံကိုယ်စားလှယ်များ၏သက်တမ်းသည် (၅)နှစ် ဖြစ်သည်။
အစိုးရအဖွဲ့အကြီးအကဲ ဝန်ကြီးချုပ်ကို လွှတ်တော်တွင် ရွေးချယ်ကာ သမ္မတက ခန့်အပ်သည်။ ဝန်ကြီးများကို ဝန်ကြီးချုပ်ကတင်သွင်းကာ သမ္မတက ခန့်အပ်သည်။ အစိုးရအဖွဲ့ကို ဝန်ကြီးချုပ်က ဦးဆောင်ကာ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ နိုင်ငံတော်အတွင်းရေးမှူးတို့ ပါဝင်သည်။ ထို့အပြင် ဒုတိယဝန်ကြီးချုပ်များနှင့် ဒုတိယဝန်ကြီးများလည်း ပါဝင်နိုင်သည်။ ဝန်ကြီးများကောင်စီကို ဝန်ကြီးချုပ် ဦးဆောင်လျက် ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးများဖြင့်ဖွဲ့စည်းသည်။ ကောင်စီအစည်းအဝေးသို့ ဒုတိယဝန်ကြီးများနှင့် နိုင်ငံတော်အတွင်းရေးမှူးတို့ တက်ရောက်နိုင်သော်လည်း မဲပေးပိုင်ခွင့်မရှိပေ။ အခြားအဖွဲ့ဝင်များကို ဝန်ကြီးချုပ်၏ တင်ပြချက်ဖြင့် သမ္မတက ခန့်အပ်နိုင်သည်။[၆]
နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ
ပြင်ဆင်ရန်နိုင်ငံခြားဆက်ဆံရေး
ပြင်ဆင်ရန်နိုင်ငံခြားဆက်ဆံရေးကောင်းမွန်မှုသည် အရှေ့တီမောနိုင်ငံအတွက် လွန်စွာ အရေးကြီးလှသည်။ ရေနံအခွန်များမှ အဓိက ဘဏ္ဍာငွေ မရရှိရှိခင်က နိုင်ငံခြားမှ ထောက်ပံ့လှူဒါန်းမှုများသည် တိုင်းပြည်ဘဏ္ဍာငွေ၏ (၈၀) ရာခိုင်နှုန်းဖြစ်သည်။ လုံခြုရေးအတွက်လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့များမှ ထောက်ပံ့ပေးထားရသည်။
အရှေ့တီမောနိုင်ငံသည် အာဆီယံအဖွဲ့ဝင်ဖြစ်လာရန်အတွက် ကာလအတော်ကြာရှည်စွာ စောင့်ဆိုင်းနေခဲ့ရသည်။ ၂၀၁၁ခုနှစ်မှ စတင်ခဲ့သည်မှာ ၂၀၂၂ခုနှစ်တိုင်အောင်ဖြစ်သည်။ ပစိဖိတ်နိုင်ငံများနှင့် ယဉ်ကျေးမှုခြင်းနီးစပ်သော်လည်း အာဆီယံသို့သာ အဖွဲ့ဝင်နိုင်ရန် စိတ်ဝင်စားခဲ့သည်။ အာဆီယံသို့ဝင်ရောက်ရခြင်းမှာ အင်ဒိုနီးရှားနိုင်ငံနှင့် ဆက်ဆံရေးကောင်းလာစေရန် ရည်ရွယ်ပုံရသော်လည်း လက်တွေ့တွင် အဖွဲ့ဝင်ဖြစ်ရန်အတွက် အချို့အာဆီယံနိုင်ငံများက မထောက်ခံသေးပေ။ ထို့ကြောင့် ပစိဖိတ်ဒေသမှ ကျွန်းနိုင်ငံများနှင့် ဩစတြေးလျတို့၏ ပစိဖိတ်ကျွန်းများဖိုရမ်တွင် လေ့လာသူ ဖြစ်လာပြန်သည်။
အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် အင်ဒိုနီးရှားနှင့် ဩစတြေးလျတို့အား သံတမန်ကောင်းအဖြစ် ဆက်ဆံနိုင်ရေးသည် တီမောအစိုးရ၏ ရည်မှန်းချက်တစ်ခုဖြစ်သည်။ ယခင်က သမိုင်းကြောင်းအရ အနေအထားများ၊ လွန်ခဲ့သော ဆယ်စုနှစ်များက တင်းမာမှုများရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ကောင်းမွန်စွာ ဆက်ဆံနိုင်ခြင်းသည် အရှေ့တီမောအတွက် အကျိုးရှိလှသည်။ ထိုနိုင်ငံများသည် အဓိကစီးပွားရေးမိတ်ဖက်များလည်းဖြစ်ကာ နိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးအချိတ်အဆက်အတွက် အဓိကနေရာမှ ကူညီနေသည်။ နောက်ပိုင်းတွင် တရုတ်နိုင်ငံသည်လည်း မြို့တော်ဒီလီရှိ အခြေခံအဆောက်အဦးများ တည်ဆောက်ပြုပြင်ရန်အတွက် လှူဒါန်းမှုများ မြှင့်တင်ခဲ့သည်။ နိုင်ငံပေါင်း (၁၂၂)နိုင်ငံနှင့် သံတမန်အဆက်အသွယ်ရှိသည်။
စစ်ရေး
ပြင်ဆင်ရန်တီမောလက်စ်တိ ကာကွယ်ရေးတပ်မတော်ကို ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလတွင် တည်ထောင်ခဲ့ကာ ပြည်တွင်းပြည်ပရန်ကို ကာကွယ်ရန် တာဝန်ရှိသည်။
အုပ်ချုပ်ရေးနယ်မြေများ
ပြင်ဆင်ရန်အရှေ့တီမောနိုင်ငံကို ခရိုင် (၁၄)ခု (ယခု Municipalities၊ ယခင် Districts) ဖြင့် ပိုင်းခြားထားသည်။ ၎င်းတို့ကို ခရိုင်ခွဲ (၆၄)ခုဖြင့် ထပ်မံပိုင်းခြားထားသည်။ ခရိုင် (၁၄)ခုမှာ
- အီလူ (Aileu)
- အီနာရို (Ainro)
- အထိုရို (Atauro)
- ဘာကော (Baucau)
- ဘိုဘိုနာရို (Bobonaro)
- Cova Lima (ကိုဗာလီမာ)
- ဒီလီ (Dili)
- အယ်မာရာ (Ermera)
- လော်တင်မ် (Lautém)
- လီကွီကာ (Liquiçá)
- မာနာတူတို (Manatuto)
- မာနူဖာဟိ (Manufahi)
- အိုးကပ်စ် (Oecusse)
- ဗိုက်ကွဲ (Viqueque)
တို့ဖြစ်ကြသည်။
ဒီလီမြို့ သည် နိုင်ငံ၏ အကြီးဆုံးမြို့နှင့် မြို့တော်ဖြစ်ကာ ဘာကောမြို့သည် ဒုတိယအကြီးဆုံးမြို့ဖြစ်သည်။
ပထဝီဝင်အနေအထား
ပြင်ဆင်ရန်တည်နေရာနှင့် အကျယ်အဝန်း
ပြင်ဆင်ရန်အရှေ့တောင်အာရှဒေသနှင့် တောင်ပစိဖိတ်သမုဒ္ဒရာကြားတွင် တည်ရှိသော လက်ဆာဆူဒန်ကျွန်းများတွင် တီမောကျွန်းသည် အကြီးဆုံးဖြစ်သည်။ ထိုကျွန်းသည် အွမ်ဘိုင်နှင့် ဝက်တာ ရေလက်ကြားတို့ အကြားတွင် တည်ရှိသည်။ အရှေ့တီမောနိုင်ငံသည် တီမောကျွန်းကို အင်ဒိုနီးရှားနှင့် ခွဲ၍ အသုံးပြုရသည်။ ကျွန်း၏ အရှေ့ဘက်ခြမ်းသည် အရှေ့တီမောအပိုင်ဖြစ်သည်။ အိုးကပ်စ်ခရိုင်သည် ပင်မအရှေ့တီမောနိုင်ငံနှင့် သီးခြားတည်ရှိကာ ၎င်းတို့အကြားတွင် အင်ဒိုနီးရှား နယ်နိမိတ် တည်ရှိသည်။ အိုးကပ်စ်ခရိုင်သည် တိုင်းပြည်၏ အနောက်ဘက်အကျဆုံးဖြစ်ကာ လူမနေသော ဂျာကိုး ကျွန်းငယ်သည် အရှေ့ဘက်အကျဆုံးဖြစ်သည်။
အရှေ့တီမောသည် ၂၆၅ ကီလိုမီတာ ရှည်လျားပြီး ၉၇ ကီလိုမီတာ ကျယ်ဝန်းသည်။ ဧရိယာ (၁၄,၈၇၄) စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။
မြေမျက်နှာသွင်ပြင်
ပြင်ဆင်ရန်နိုင်ငံ၏ အတွင်းပိုင်းသည် တောင်ကုန်းတောင်တန်းများဖြစ်ကာ မီးတောင်သေများလည်းရှိသည်။ တောင်ပိုင်းသည် တောင်ကုန်းတောင်တန်းနည်းကာ ကမ်းခြေများအနီးတွင် လွင်ပြင်များရှိသည်။ အမြင့်ဆုံးမှာ တာတာမယ်လူတောင်ဖြစ်ကာ ပေပေါင်း (၉၇,၉၇) မြင့်မားသည်။ မြစ်အများစုသည် ခြောက်သွေ့သော ရာသီတွင် ခမ်းခြောက်လေ့ရှိသည်။
ရာသီဥတု
ပြင်ဆင်ရန်အရှေ့တီမောနိုင်ငံသည် အပူပိုင်းရာသီဥတုဖြစ်ကာ တစ်နှစ်ပတ်လုံး အပူချိန်ကွာခြားမှု မများပေ။ ဒီဇင်ဘာလမှ မေလအတွင်းတွင်မူ မိုးများတတ်သည်။ ထိုကာလများတွင် ပျမ်းမျှမိုးရေချိန်မှာ တစ်လလျှင် (၈.၇ - ၉.၉) လက်မရှိတတ်သည်။
စီးပွားရေး
ပြင်ဆင်ရန်ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက်အရ အရှေ့တီမောနိုင်ငံ၏ စီးပွားရေးသည် နိမ့်ကျသည်။ နိုင်ငံလူဦးရေ၏ (၂၀) ရာခိုင်နှုန်းသည် အလုပ်လက်မဲ့ဖြစ်သည်။ တိုင်းပြည်လူဦးရေ၏ တစ်ဝက်ခန့်သည် စာတတ်မြောက်မှု မရှိပေ။ တိုက်းပြည်၏စီးပွားရေးသည် ကော်ဖီ၊ စကျင်ကျောက်၊ ရေနံနှင့် စန္ဒကူးပင်များအပေါ် မှီခိုသည်။ ငွေကြေးအဖြစ် အမေရိကန်ဒေါ်လာကို သုံးစွဲကြသည်။ အစိုးရ၏ အသုံးစရိတ်သည် ငွေကြေးဖောင်းပွမှုတွင် များစွာ သက်ရောက်မှုရှိသည်။ နိုင်ငံသားများသည် ဆင်းရဲမွဲတေမှုနှင့် ကြုံနေရကာ အထူးသဖြင့် လယ်သမားများနှင့် ငါးဖမ်းသမားများ၏ ကျေးလက်ဒေသများတွင်ဖြစ်သည်။ မြို့ပြဧရိယာ၌ပင် အများစုမှာ ဆင်းရဲကြသည်။ အမျိုးသမီးများသည် အမျိုးသားများထက် ဆင်းရဲကာ လုပ်အားခ အလွန်နည်းသော အလုပ်များတွင်သာ အလုပ်လုပ်ရသည်။ ကလေးငယ်များ၏ ကြီးထွားမှုနှေးကွေးပုံမှာ အာဟာရချို့တဲ့နေကြောင်း ပြသနေသည်။
လူမှုရေးဆိုင်ရာအချက်များ
ပြင်ဆင်ရန်လူဦးရေ
ပြင်ဆင်ရန်၂၀၁၅ သန်းခေါင်စာရင်းအရ အရှေ့တီမောနိုင်ငံ၏ လူဦးရေမှာ (၁,၁၈၃,၆၄၃) ဖြစ်သည်။ အများစုမှာ ငယ်ရ်ယ်သူများဖြစ်သည်။ လူအများစုသည် ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသည်။ ငွေကြေးတတ်နိုင်သူများကမူ ကျန်းမာရေးနှင့် ပညာရေးကိစ္စများအတွက်လပြည်ပသို့ သွားတတ်ကြသည်။
ယဉ်ကျေးမှု
ပြင်ဆင်ရန်အားကစား
ပြင်ဆင်ရန်အရှေ့တီမောနိုင်ငံသည် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ အဖွဲ့ဝင်ဖြစ်သည်။ ထို့အပြင် အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်၏ အဖွဲ့ဝင်လည်းဖြစ်ကာ ၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မှစ၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၂၀၀၃အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် အလေးမအားကစားနည်းမှ ကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီသို့ ၂၀၀၃ခုနှစ်တွင် ဝင်ရောက်နိုင်ခဲ့ပြီး ၂၀၀၄အေသင်ပွဲတော်တွင် စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ UNGEGN list of country names။ United Nations Group of Experts on Geographical Names (2–6 May 2011)။
- ↑ Unanumous Assembly Decision Makes Timor-Leste 191st United Nations Member State။ United Nations။
- ↑ https://www.thejakartapost.com/world/2022/11/11/timor-leste-gets-the-nod-to-join-asean.html
- ↑ https://www.reuters.com/world/asean-agrees-principle-admit-east-timor-11th-member-2022-11-11/
- ↑ ထင်အောင်ကျော်။ အရှေ့တောင်အာရှနိုင်ငံများသမိုင်း။
- ↑ အရှေ့တီမောနိုင်ငံ၏ အခြေခံဥပဒေ။