ခန္ဓာငါးပါး
ခန္ဓ ဟူသော ပါဠိသည် အစု ဟု အဓိပ္ပါယ်ရ၏။ ထို့ကြောင့် ရူပက္ခန္ဓာ-ရုပ်အစု၊ ဝေဒနာက္ခန္ဓာ ဝေဒနာအစု၊ သညာက္ခန္ဓာ-သညာအစု၊ သင်္ခါရက္ခန္ဓာ-သင်္ခါရအစု၊ ဝိညာဏက္ခန္ဓာ-စိတ်အစု ဟု သိပါ။ အစုဟူရာ၌ စပါးတွေစုနေသလို ရုပ်တွေ ဒေနာတွေ စုနေသည်ဟုမမှတ်ရ။ အတိတ်ရုပ် အနာဂတ်ရုပ် ပစ္စုပ္ပန်ရုပ် ၃-မျိုးကို ဉာဏ်ဖြင့်စုပေါင်းစပ်ထားရာ၏။ ထိုသုံးမျိုး ပေါင်းစပ်အပ်သော အစုကိုပင် ရူပက္ခန္ဓ ရုပ်အစုဟု ဆိုသည်။ ရုပ်အများတွင်လည်း ပထဝီဓာတ် တခုသည်ပင် အတိတ်ပထဝီ အနာဂတ်ပထဝီ ပစ္စုပ္ပန်ပထဝီ သုံးမျိုးရှိ၏။ ထိုသုံးမျိုးစုမိလျှင် ပထဝီဓာတ်တခုကိုပင် ရူပက္ခန္ဓာဟု ခေါ်နိုင်သည်။ ဝေဒနာတခု ကိုပင် ဝေဒနက္ခန္ဓာ၊ သညာတခုကိုပင် သညာက္ခန္ဓာ စသည်ဖြင့် ခေါ်နိုင်သည်။[၁]
ရဟန်းတို့... ခန္ဓာငါးမျိုးတို့ဟူသည် အဘယ်တို့နည်း?
ရဟန်းတို့...အတိတ်-အနာဂတ်-ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း-အပြင်လည်းဖြစ်သော အကြမ်း-အနုလည်း ဖြစ်သော အယုတ်-အမြတ်လည်းဖြစ်သော အဝေး-အနီးလည်းဖြစ်သော ရုပ်အားလုံးကို ရူပက္ခန္ဓာဟု ဆိုအပ်၏၊ အတိတ်အနာဂတ်-ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း-အပြင်လည်းဖြစ်သော အကြမ်း-အနုလည်းဖြစ်သော။ပ။ ဝေဒနာအားလုံးကို။ ပ။ သညာအားလုံးကို။ပ။ သင်္ခါရအားလုံးကို သင်္ခါရက္ခန္ဓာဟု ဆိုအပ်၏၊ အတိတ်-အနာဂတ်-ပစ္စုပ္ပန်လည်းဖြစ်သော အတွင်း-အပြင်လည်းဖြစ်သော အကြမ်း-အနုလည်းဖြစ်သော အယုတ်-အမြတ်လည်းဖြစ်သော အဝေး-အနီးလည်း ဖြစ်သော ဝိညာဏ်အားလုံးကို ဝိညာဏက္ခန္ဓာဟု ဆိုအပ်၏၊ ရဟန်းတို့... ဤတရားတို့ကို ခန္ဓာငါးမျိုးတို့ဟူ၍ ဆိုအပ်၏၊[၂]
ခန္ဓာဟု ခေါ်ဝေါ်ကြောင်း
ပြင်ဆင်ရန်ရုပ်အစု ရူပက္ခန္ဓာ၊ ခံစားမှုအစု ဝေဒနာက္ခန္ဓာ၊ မှတ်သားမှုအစု သညာက္ခန္ဓာ၊ ပြုပြင်စီရင်မှုအစု သင်္ခါရက္ခန္ဓာ၊ သိမှုအစု ဝိညာဏက္ခန္ဓာ ဟူ၍ ခန္ဓာငါးပါး ပြား၏(အမျိုးအစားခွဲ၏)။ ထိုတွင် မဟာဘုတ်လေးပါး၊ ဥပါဒါရုပ် ၂၄-ပါးဟူသော များစွာသော ရုပ်တို့ကို စုပေါင်း၍ ရူပက္ခန္ဓာရုပ်အစုဟု ခေါ်ဝေါ် ခြင်းသည် သင့်တန်စေ၊ သညာစေတသိက် တခုတည်းကို အဘယ်ကဲ့သို့ သညာအစု သညာက္ခန္ဓာဟု ခေါ်မည်နည်း - မေးငြားအံ့။ တခုတည်းသော သညာစေတသိက်သည်လည်း အတိတ် အနာဂတ် ပစ္စုပ္ပန် စသည် တဆဲ့တပါး ကွဲပြားသောကြောင့် သညာအစု သညာက္ခန္ဓာဟု ခေါ်သင့်ပေသည်ဟု ဖြေရာ၏။ ခန္ဓာဟူ၍ သာမညအားဖြင့် ခေါ်ဝေါ် သုံးစွဲလျှင် နိဗ္ဗာန်မှတပါး လောကီ လောကုတ္တရာတရားအားလုံးကို ယူရမည်။ ခန္ဓာပုဒ် ရှေ့၌ ဥပါဒါန သဒ္ဒါတွဲဖက်၍ ဥပါဒါနက္ခန္ဓာ ဟုဆိုလျှင် လောကီ ရုပ်နာမ်တရားများကို ယူလေ။ အကြောင်းမူ လောကီရုပ်တရား နာမ်တရားများသည် လောဘဒိဋ္ဌိဟူသော ဥပါဒါန်တရားတို့၏ ကျက်စားရာ အာရုံဖြစ် သောကြောင့် ဥပါဒါနက္ခန္ဓာမည်၏။) [၃]
ခန္ဓာ မည်ကြောင်း တရားများ
ပြင်ဆင်ရန်ရုပ်(၂၈-ပါး)သည် ရူပက္ခန္ဓာမည်၏။ ဝေဒနာစေတသိက်သည် ဝေဒနက္ခန္ဓာမည်၏။ သညာစေတသိက် သည် သညက္ခန္ဓာမည်၏။ ဝေဒနာ သညာမှ ကြွင်းသော စေတသိက် ၅၀-သည် သင်္ခါရက္ခန္ဓာမည်၏။ စိတ် ၈၉-ပါးသည် ဝိညာဏက္ခန္ဓာမည်၏။ (နိဗ္ဗာန်သည် အတိတ် အနာဂတ် ပစ္စုပ္ပန် စသည် မကွဲပြား၍ ခန္ဓာအမည် မရ)။[၄]
ခန္ဓာငါးပါး ခွဲကြောင်း
ပြင်ဆင်ရန်ဆေးဆရာကြီးသည် ကျေညက်ခဲသော ဆေးမြစ်ကို ဦးစွာညက်အောင် ထောင်းပြီး နောက်မှ ကျေလွယ်သော ဆေးမြစ်တို့ကို တပေါင်းတည်းညက်အောင်ထောင်းကာ ဆေးမုန့်တို့ကို ပေါင်းပြီး ဆေးလုံးပြုသကဲ့သို့ မြတ်စွားဘုရားသည်လည်း သတ္တဝါတို့၏ နိစ္စဝိပလ္လာသ သုခဝိပလ္လာသ အတ္တဝိပလ္လာသတို့ကို လွယ်ကူစွာ ပယ်ဖျောက်နိုင်စေခြင်းငှါ နာမ်တရားတို့တွင် ဝေဒနာ, သညာ, စိတ်တည်းဟူသော တရားတို့ကို သီးခြား ခန္ဓာတခုစီထုတ်ပြီး ကျန်နာမ်တရား(စေတသိက်-၅၀)တို့ကို ခန္ဓာတခုပြု၍ ဟောတော်မူသည်။
သတ္တဝါတို့၌ သုခဟု ဖောက်ဖောက်ပြန်ပြန် (သုခဝိပလ္လာသ) ထင်စေတတ်သော တရားတို့တွင် ဝေဒနာသည် အလွန်ကဲဆုံးဖြစ်သည်။ အတ္တဟု ဖောက်ဖောက်ပြန်ပြန် (အတ္တဝိပလ္လာသ) ထင်စေတတ်သော တရားတို့တွင် သညာသည် အလွန်ကဲဆုံးဖြစ်သည်။ နိစ္စဟု ဖောက်ဖောက်ပြန်ပြန် (နိစ္စဝိပလ္လာသ) ထင်စေတတ်သော တရားတို့တွင် စိတ်သည် အလွန်ကဲဆုံးဖြစ်သည်။ ငါးသည် ရေရှိရာနေရာကို အားထားရသလို, ပျားပိတုန်းသည် ပန်းရှိရာ တောဂနိုင်မှာ အားထားရသလို သုခသည် ဝေဒနာမှာ အားထားရသည်။ လူနတ် ဗြဟ္မာစည်းစိမ်ကို တောင့်တသည်ဆိုသော်လည်း အမှန်မှာ သုခဝဒေနာကိုသာ တောင့်တခြင်းဖြစ်သည်။ ဖဿ စေတနာ ဝိတက် ဝီရိယ သဒ္ဓါ ပညာစသည်တို့ဖြင့် ကံကို စီမံကြသော်လည်း လိုရင်းမှာ သုခဝေဒနာ ရဖို့ပင်ဖြစ်သည်။ သို့ဖြစ်၍ “သုခ”ဟု ထင်မှတ်စရာတို့တွင် ဝေဒနာသည် ထိပ်ဆုံးဖြစ်သည် ဆိုရသည်။ ထို့ကြောင့်ပင် ဝေဒနာကို သီးခွဲထုတ်၍ ခန္ဓာနာမည် တပ်ရသည်။
သတ္တဝါတို့သည် သညာဖြင့် အတတ်ပညာ တတ်သိကြသည်။ အတတ်ပညာရှိသူတို့သည်“သူများ သိသလောက် ငါသိသည်၊ ဘယ်သူသည် ငါ့ထက် ပိုတတ်လိမ့်မည်နည်း”ဟု အမှတ်သညာ(ပညာ)ကို အတ္တကြီး ပြုလုပ်ကြကုန်၏။ သို့ဖြစ်၍ ]အတ္တ}ဟု ထင်မှတ်စရာတို့တွင် သညာသည် ထိပ်ဆုံးဖြစ်သည် ဆိုရသည်။ ထို့ကြောင့်ပင် သညာကို သီးခွဲထုတ်၍ ခန္ဓာနာမည် တပ်ရပြန်သည်။
ရံခါ လောဘဖြစ်လိုက်, ရံခါ ဒေါသဖြစ်လိုက်, ရံခါ ကြည်ညိုလိုက်, ရံခါမကြည်ညိုလိုက်နှင့် လောဘ
ဖြစ်ခိုက် ဒေါသမဖြစ်, ဒေါသဖြစ်ခိုက် လောဘမဖြစ် စသည်ဖြင့် သတ္တဝါတို့သည် စေတသိက်နာမ်တို့၏
အမြဲမရှိပုံကို ထင်ရှားစွာ သိနိုင်ကြ၏။ လောဘဖြစ်ခိုက် လောဘမူစိတ်, ဒေါသဖြစ်ခိုက် ဒေါသမူစိတ်
ဖြစ်သည် စသည်ဖြင့် မှတ်ယူကာ လောဘ ဒေါသစသည်သည် စိတ်၌ မှီ၍ ဖြစ်ရကား စိတ်သည်
အမြဲတည်ရှိနေသောတရားဟု ထင်မှတ်ကြကုန်၏။ သို့ဖြစ်၍ ‘နိစ္စ’ဟု ထင်မှစရာတို့တွင် စိတ်သည်
ထိပ်ဆုံးဖြစ်သည်ဟု ဆိုရသည်။ ထို့ကြောင့်ပင် စိတ်ကို သီးခြားခွဲထုတ်၍ ခန္ဓာနာမည် တပ်ရပြန်သည်။
ဆေးဆရာကြီးသည် ကျေညက်ခဲသော ဆေးမြစ်ကို ခွဲထုတ်၍ ညက်အောင်ပြုသကဲ့သို့ မြတ်စွာ ဘုရားသည် ဝိပဿနာဉာဏ်ဖြင့် ရှင်းလင်းစွာ သိနိုင်ခဲသော ဝေဒနာ သညာ စိတ်တို့ကို သီးခြားခွဲထုတ်၍ ခန္ဓာနာမည် တပ်ရသည်။ ဆေးဆရာကြီးသည် ကျေလွယ်သော ဆေးမြစ်တို့ကို တပေါင်းတည်းကျိတ်သလို မြတ်စွာဘုရားသည် ဝိပဿနာဉာဏ်ဖြင့် ရှင်းလင်းစွာ သိနိုင်သော ဖဿစသည့် စေတသိက် ငါးဆယ်ကို ပေါင်း၍ သင်္ခါရက္ခန္ဓာဟု ခန္ဓာနာမည် တပ်ရသည်။ [၅]
စိတ္တက္ခဏတစ်ခု အတွင်း၌ ခန္ဓာငါးပါး ခွဲပုံ
ပြင်ဆင်ရန်စိတ် တစ်ခုနှင့် စေတသိက် ခုနှစ်ခု, သုံးဆယ့်သုံးခုစသည် ဖြစ်ကြရာတွင် စိတ်တခုတည်းကိုဝိညာဏက္ခန္ဓာ,ဝေဒနာတခုတည်းကို ဝေဒနက္ခန္ဓာ, သညာတခုတည်းကို သညာက္ခန္ဓာဟု သီခြားခွဲထုတ်၍ ကျန်စေတသိက်အားလုံးကိုတော့သင်္ခါရက္ခန္ဓာဟု တပေါင်းတည်းပြုသည်။[၆]
ကိုးကား
ပြင်ဆင်ရန်- ↑ (အခြေပြုသင်္ဂြိဟ်)
- ↑ (သံ၊၂၊၃၉။ ခန္ဓသုတ္တန်။)
- ↑ တိပိဋကအဘိဓာန် အတွဲ-၆
- ↑ ခန္ဓာ-ခန္ဓာတို့သည်။ ရူပက္ခန္ဓော-ရူပက္ခန္ဓာလည်းကောင်း။ ဝေဒနာက္ခန္ဓော-ဝေဒနာက္ခန္ဓာလည်းကောင်း။ သညာက္ခန္ဓော-သညာက္ခန္ဓာလည်းကောင်း။ သင်္ခါရက္ခန္ဓော-သင်္ခါရက္ခန္ဓာလည်းကောင်း။ ဝိညာဏက္ခန္ဓော- ဝိညာဏက္ခန္ဓာလည်းကောင်း။ ဣတိ-ဤသို့။ ပဉ္စ-ငါးပါးတို့တည်း။ပဉ္စက္ခန္ဓာ ရူပက္ခန္ဓော ဝေဒနာက္ခန္ဓော သညာက္ခန္ဓော သင်္ခါရက္ခန္ဓော ဝိညာဏက္ခန္ဓော။ (အဘိဓမ္မတ္ထင်္သဟပါဠိ-၁၂၆)
- ↑ (ပရမတ္ထသံခိပ်ဋီကာ ဒုတိယတွဲ ၃၂၅-၃၂၈ ကောက်နုတ်ချက်)
- ↑ ဆရာတော် ဦးဂရုဓမ္မ။ ကုသလကာရီ ပဋ္ဌာန်းပဉှာဝါရ ပို့ချချက်။