တပ်မတော်နည်းပညာတက္ကသိုလ်

နည်းပညာနှင့် အင်ဂျင်နီယာဘွဲ့ရ တပ်မတော်ပြန်တမ်းဝင်အရာရှိများ မွေးထုတ်ပေးသည့် စစ်ဘက်ဆိုင်

တပ်မတော် နည်းပညာ တက္ကသိုလ် (အင်္ဂလိပ်: Defence Services Technological Academy; အတိုကောက် DSTA) သည် ပြင်ဦးလွင်မြို့မြန်မာနိုင်ငံ တွင် တည်ရှိပြီးမြန်မာ့တပ်မတော် မှ အဦးဆုံးတည်ထောင်ခဲ့သည့် နည်းပညာတက္ကသိုလ် ဖြစ်သည်။ နိုင်ငံတွင်းတည်ရှိသော တက္ကသိုလ်များ အတွင်းမှ လက်ရွေးစင် တက္ကသိုလ်တစ်ခုဖြစ်ပြီး - ထိုတက္ကသိုလ်၌ အင်ဂျင်နီယာဘွဲ့ အမျိုးမျိုးအား သင်ကြားပေးနေပြီး အရွယ်ရောက်ပြီး အိမ်ထောင်မရှိသူ(လူပျို) မြန်မာအမျိုးသားများသာ တက်ရောက် သင်ကြားနိုင်သည်။ ( ၆ ) နှစ်တာ သင်တန်းကာလ ပြီးဆုံးချိန်တွင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းများအား သက်ဆိုင်ရာ ဘာသာရပ်အလိုက် အထူးပြုသင်ကြားသော အင်ဂျင်နီယာဘွဲ့နှင့်အတူ မြန်မာ့တပ်မတော် အတွင်း၌ ဗိုလ် အဆင့်ဖြင့် ခန့်အပ်တာဝန် ပေးအပ်ခြင်းခံရသည်။ ထိုသို့ ခန့်အပ် တာဝန်ပေးအပ်ရာတွင် ရရှိခဲ့သော အင်ဂျင်နီယာဘွဲ့ အသီးသီးပေါ် မူတည်၍ မြန်မာ့တပ်မတော်၏ ပင်မအဖွဲ့အစည်း သုံးခုဖြစ်သော တပ်မတော် (ကြည်း) တပ်မတော် (ရေ)နှင့် တပ်မတော် (လေ) ဆိုသည့် တပ်ဖွဲ့ကြီးသုံးခုအောက်၌ ခွဲဝေတာဝန်ချထားပေးပြီး - ထိုသို့ တပ်ဖွဲ့ကြီးအသီးသီး၌ မျှတလုံလောက်စွာ ခွဲဝေတာဝန် ချထားနိုင်ရန်အတွက် တက္ကသိုလ် နောက်ဆုံးနှစ်တွင် စစ်လက်ရုံးရွေးချယ်မှု အား မြန်မာ့တပ်မတော်၏အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် စစ်လက်ရုံး အသီးသီးမှ အကြီးအကဲများ တက်ရောက် ရွေးချယ်မှု ပြုလုပ်သည်။ တပ်မတော် နည်းပညာ တက္ကသိုလ်မှ ကျောင်းဆင်းများမှ မဟာအင်ဂျင်နီယာဘွဲ့ တက်ရောက်ရန် အရည်အချင်း ပြည့်မှီသူများအား ရန်ကုန်နည်းပညာတက္ကသိုလ်မန္တလေးနည်းပညာတက္ကသိုလ်၊ ပြည်ပနိုင်ငံများ ဖြစ်သော ရုရှားနိုင်ငံနှင့် အခြားသော ပြည်ပနိုင်ငံများသို့ စေလွှတ်ပညာသင်ကြားစေခြင်းများ ဆောင်ရွက်လျက်ရှိသည်။

တပ်မတော်နည်းပညာတက္ကသိုလ်
တနတ
ပင်မဝင်ပေါက်ဂိတ်တံခါး
ယခင်အမည်
တပ်မတော်အင်ဂျင်နီယာတက္ကသိုလ်
ဆောင်ပုဒ်
  • ကျင့်ဝတ်၊ တီထွင်၊ စွမ်းအားရှင်
  • အင်ဂျင်နီယာစွမ်းပကား တပ်မတော်အား
အင်္ဂလိပ်ဘာသာ ဆောင်ပုဒ်
  • Creative, Honour, Capable
  • Technology for Military Might
အမျိုးအစား
  • စစ်ဘက်ဆိုင်ရာ အကယ်ဒမီ
  • နည်းပညာ တက္ကသိုလ်
တည်ထောင်၁၉၉၃; ၃၁ နှစ် အကြာက (၁၉၉၃)[၁]
တည်ထောင်သူဗိုလ်မှူးချုပ် ဝင်းမြင့်
နှီးနွယ်အဖွဲ့အစည်းကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး
ပါမောက္ခချုပ်ဗိုလ်မှူးကြီး
ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်
ဘွဲ့ကြိုဦးရေ၁၈၀၀
ဘွဲ့လွန်ဦးရေ၃၀၀
ပါရဂူသင်တန်းသား
၄၀
တည်နေရာပြင်ဦးလွင်မြို့, မန္တလေးတိုင်းဒေသကြီး, မြန်မာနိုင်ငံ
ပရဝုဏ်၄,၅၀၀ ဧက (၁၈ စတုရန်း ကီလိုမီတာ)
အထိမ်းအမှတ် သတ္တဝါခြင်္သေ့

သမိုင်းကြောင်း ပြင်ဆင်ရန်

တပ်မတော် နည်းပညာ တက္ကသိုလ်အား နိုင်ငံတဝှမ်းရှိ တက္ကသိုလ်များ၊ ကောလိပ်များ ယာယီပိတ်သိမ်းထားသည့် ၁၉၉၃ ခုနှစ် ၌ ၁၉၈၈ ခုနှစ် အရေးအခင်းကာလတွင် နိုင်ငံတော်အာဏာ ရယူခဲ့သော နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ မှ တပ်မတော်အင်ဂျင်နီယာတက္ကသိုလ် (Defence Services Institute of Technology - DSIT) အမည်ဖြင့် စတင်တည်ထောင်ခဲ့သည်။ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် အပြိုင် တပ်မတော် နည်းပညာ ကောလိပ် နှင့် အခြားသော စစ်ဘက်ဆိုင်ရာ တက္ကသိုလ်များအားလည်း ဖွင့်လှစ်ခဲ့ပြီး ထိုတက္ကသိုလ်များမှာ တပ်မတော်ဆေးတက္ကသိုလ်နှင့် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာသည်တက္ကသိုလ်တို့ ဖြစ်သည်။

တပ်မတော် နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ( ၁ ) အား ၁၉၉၉[၂] ခုနှစ် ၌ အင်ဂျင်နီယာဘွဲ့ Bachelor of Engineering (BE) အပ်နှင်းခဲ့ပြီး တပ်မတော် စစ်ကျောင်းကြီးများ၏ ကျောင်းဆင်း စစ်ရေးပြအခမ်းအနားများသို့ မြန်မာ့တပ်မတော် [၃] ရှိ အမြင့်ဆုံးအဆင့်ရှိသူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် တက်ရောက်ချီးမြှင့်ပါသည်။

ကျောင်းအုပ်ကြီးများ ပြင်ဆင်ရန်

ကျောင်းအုပ်ကြီးများ ကာလ မှတ်ချက်
ဗိုလ်မှူးချုပ် ဝင်းမြင့် ၂၁.၁.၁၉၉၄ မှ ၁၂.၁၁.၂၀၀၇ ထိ
ဗိုလ်မှူးချုပ် ဆန်းဦး ၂၅.၅.၂၀၀၈ မှ ၂၈.၈.၂၀၁၀ ထိ
ဗိုလ်မှူးချုပ် ညိုစော ၂၉.၈.၂၀၁၀ မှ ၈.၅.၂၀၁၁ ထိ
ဗိုလ်မှူးချုပ် အောင်လင်းဒွေး ၉.၅.၂၀၁၁ မှ ၃.၁၀.၂၀၁၁ ထိ
ဗိုလ်မှူးချုပ် အောင်စိုး ၄.၁၀.၂၀၁၁ မှ ၅.၉.၂၀၁၂ ထိ
ဗိုလ်မှူးချုပ် ဇော်မြင့် ၆.၉.၂၀၁၂ မှ ၁၉.၁.၂၀၁၄ ထိ
ဗိုလ်မှူးချုပ်ဝင်းမင်းထွန်း ၂၀.၁.၂၀၁၄ မှ ၁၉.၄.၂၀၁၅ထိ
ဗိုလ်မှူးချုပ်တေဇကျော် ၂၀.၄.၂၀၁၅မှ ၁၅.၈.၂၀၁၅ထိ
ဗိုလ်မှူးချုပ်ဇော်လွင်ဦး ၁၆.၈.၂၀၁၅ မှ ၄.၁၁.၂၀၁၇ ထိ
ဗိုလ်မှူးချုပ်နိုင်နိုင်ဦး ၅.၁၁.၂၀၁၇ မှ ၂၈.၆.၂၀၂၀ ထိ
ဗိုလ်မှူးချုပ် ဇော်ဟိန်း ၂၉.၆.၂၀၂၀ မှ ၂၄.၇.၂၀၂၀ ထိ
ဗိုလ်မှူးချုပ် ကြည်ခိုင် ၂၅.၇.၂၀၂၀ မှ ယနေ့ထိ

[၄]

ရွေးချယ်မှု ပြင်ဆင်ရန်

တပ်မတော် နည်းပညာ တက္ကသိုလ်၌ ၂၀၁၁ ခုနှစ်ထိ အမျိုးသမီး ဗိုလ်လောင်းများ လက်ခံသင်ကြားခြင်းမရှိသေးပါ။ တပ်မတော်နည်းပညာတက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားရန် အခြေခံပညာ ပညာ အထက်တန်းအောင်မြင်၍ ကန့်သတ်ရမှတ်ရရှိသူ အသက် (၁၆ နှစ်မှ ၁၈ နှစ်) အတွင်း မြန်မာနိုင်ငံဖွား အမျိုးသားများ ဝင်ရောက်လျှောက်ထားနိုင်ပြီး ရွေးချယ်ခံရသူများအား တပ်မတော်နည်းပညာတက္ကသိုလ် မတက်ရောက်မှီ နေပြည်တော် တပ်မတော် ဗိုလ်ရွေးအဖွဲ့ ၌ ကိုယ်လက်ကြံ့ခိုင်မှုစွမ်းရည်၊ ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်၊ ခေါင်းဆောင်မှုအရည်အချင်း၊ စိတ်ပညာနှင့် အထွေထွေဗဟုသုတများအား စာတွေ့ လက်တွေ့ စစ်ဆေးအကဲဖြတ်မှု ပြုလုပ်သည်။ ထိုအကဲဖြတ် စစ်ဆေးမှုမှာ ပျမ်းမျှ ၅ ရက်မှ ၇ ရက်အတွင်း ကြာမြင့်ပြီး တပ်မတော် ဗိုလ်ရွေးအဖွဲ့၏ စစ်ဆေးရေး ဘုတ်အဖွဲ့မှ ဖြေဆိုအောင်မြင်သူများကိုသာ သက်ဆိုင်ရာ တပ်မတော်စစ်ကျောင်းကြီးများသို့ တက်ရောက်ရန် အတည်ပြုရွေးချယ်မှု ပြုလုပ်သည်။

သင်ကြားရေး ပြင်ဆင်ရန်

တပ်မတော်နည်းပညာတက္ကသိုလ်၌ တက်ရောက်ပညာသင်ကြားခွင့်ရသော ဗိုလ်လောင်းများသည် အခြေခံစစ်ပညာမှ စ၍ တပ်စုမှူးအဆင့်ထိ ကြီးကြပ်ကွပ်ကပ်မှု စစ်ပညာရပ်များအား အင်ဂျင်နီယာဘာသာရပ်များနှင့် အတူ ခြောက်နှစ်တာကာလ ပူးတွဲသင်ယူကြရသည်။

ဗိုလ်လောင်းများအား သင်ကြားသည့် အခြေခံ စစ်ပညာ၌ စစ်ရေးပရိယာယ်၊ ခေါင်းဆောင်မှု ပညာရပ်၊ အခြားသော စစ်ဘက်ဆိုင်ရာ သင်ရိုးများ ပါဝင်ပြီး တပ်မတော်နည်းပညာတက္ကသိုလ်သို့ စတင်တက်ရောက်သည့် ပထမနေ့မှ စ၍ သင်တန်းပြီးဆုံးသည့် နှစ်ထိ သင်ယူကြရသည်။ တပ်မတော်နည်းပညာတက္ကသိုလ် သို့ တက်ရောက်အောင်မြင်၍ မဟာအင်ဂျင်နီယာဘွဲ့ တက်ရောက်ရန် အရည်အချင်း ပြည့်မှီသူများအား ရန်ကုန် နည်းပညာ တက္ကသိုလ်၊ မန္တလေး နည်းပညာ တက္ကသိုလ်၊ ပြည်ပနိုင်ငံများ ဖြစ်သော ရုရှားနိုင်ငံနှင့် အခြားသော ပြည်ပနိုင်ငံများသို့ စေလွှတ်ပညာသင်ကြားစေခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရန်

၁၉၉၃ ခုနှစ် တပ်မတော်နည်းပညာတက္ကသိုလ် စတင်တည်ထောင်စဉ်ကာလ၌ ဗိုလ်လောင်းတပ်ရင်းဟူ၍ မရှိသေးပဲ အနော်ရထာကျန်စစ်သားဘုရင့်နောင်အောင်ဇေယျအောင်ဆန်း ဟူသည့် တပ်ခွဲ ( ၅ ) ခွဲဖြင့်သာ တည်ရှိခဲ့ပြီး သင်တန်းသားဦးရေပေါ် မူတည်၍ ၂၀၀၂ ခုနှစ်၌ ယခင်တည်ရှိခဲ့သော တပ်ခွဲဟောင်းများအား ဖျက်သိမ်းကာ အနော်ရထာ တပ်ရင်းနှင့် ဘုရင့်နောင် တပ်ရင်းဟူ၍ တပ်ရင်းနှစ်ခုပြောင်းလဲ ဖွဲ့စည်းခဲ့သည်။ ထိုတပ်ရင်းအသီးသီးအောက်၌ တပ်ခွဲငယ် (၁၀) ခုဖြင့် ထပ်မံဖြည့်သွင်း ဖွဲ့စည်းခဲ့ပြီး တပ်ခွဲငယ်များ၏ အမည်အား တပ်ခွဲ (၁) - (၁၀) ဟူ၍ အသီးသီး ခေါ်တွင်ခဲ့သည်။ ယခုအခါ တပ်ရင်းတစ်ရင်းလျင် (၅)ခွဲစီဖြင့် စုစုပေါင်း တပ်ခွဲ (၁၀) ခွဲသာ ဖွဲ့စည်းထားရှိသည်။ ဗိုလ်လောင်းတပ်ခွဲ အသီးသီး၌ အုပ်ချုပ်မှုပုံစံအား နှစ်ကြီးဗိုလ်လောင်းများမှ နှစ်ငယ်ဗိုလ်လောင်းများအား ကြီးကြပ်ကွပ်ကဲမှု ပုံစံဖြင့် ကွပ်ကဲထားရှိပြီး ၎င်းတပ်ခွဲ အသီးသီး၌လည်း တပ်ခွဲနေ ဗိုလ်လောင်း အားလုံးအား တပ်ခွဲအဆင့်မှ တပ်စု တပ်စိတ် အဆင့်ထိ အသေးစိတ် ကွပ်ကဲအုပ်ချုပ်မှုပုံစံ ပြင်ဆင်ထားရှိသည်။ နှစ်စဉ် ဗိုလ်လောင်းသင်တန်း အပတ်စဉ်သစ်များအား အောက်တိုဘာနှင့် နိုဝင်ဘာလများ အတွင်း ခေါ်ယူလေ့ရှိပြီး ဗိုလ်လောင်း သင်တန်းသားသစ်များအား နှစ်ကြီးဗိုလ်လောင်းများ ကျောင်းဆင်းပွဲမကျင်းပမီ တပ်မတော်နည်းပညာတက္ကသိုလ် ပရဝုဏ်အတွင်းရှိ မြေစိုက်ဆောင်များ၌ သီးခြားခွဲ၍ အခြေခံစစ်ပညာများ သင်ကြားလေ့ကျင့်ပေးကာ ကျောင်းဆင်းပွဲလွန် ကာလ၌ သက်ဆိုင်ရာ တပ်ရင်း တပ်ခွဲ အသီးသီးသို့ လွှဲပြောင်းပို့ဆောင်၍ စာပေပညာ စစ်ပညာများ ဆက်လက် သင်ကြားမှု ပြုလုပ်စေသည်။

ကျောင်းပရဝုဏ် ပြင်ဆင်ရန်

တပ်မတော်နည်းပညာတက္ကသိုလ်သည် မန္တလေးတိုင်း ပြင်ဦးလွင်မြို့ တွင်တည်ရှိသော ညီနောင်တက္ကသိုလ် တစ်ခုဖြစ်သည့် စစ်တက္ကသိုလ်တည်နေရာမှ ဆန့်ကျင်ဘက် မန္တလေး-လားရှိုး အဝေးပြေးလမ်းပေါ်ရှိ ဝက်ဝံရပ်အနီးတွင် တည်ရှိသည်။ ပြင်ဦးလွင်မြို့၌ တပ်မတော် နည်းပညာ တက္ကသိုလ်နှင့် အတူ တပ်မတော် အုပ်ချုပ်မှုကျောင်း[၅]နှင့် အခြားသော စစ်ဘက်ဆိုင်ရာ သင်တန်းများ သင်ကြားရာ ကျောင်းများလည်း တည်ရှိသည်။

ဆက်စပ် ကြည့်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Helen James (2005)။ Governance and Civil Society in Myanmar။ Routledge။ p. 102ISBN 978-0-415-35558-2
  2. Defence Services Institute of Technology။ Burmese American Democratic Alliance။ 2008-12-13 တွင် ပြန်စစ်ပြီး။
  3. Thet Khaing (2006-01-09). "Military engineers urged to maintain adaptability". The Myanmar Times.  မော်ကွန်းတင်ပြီးမိတ္တူ။ 7 January 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 December 2020 တွင် ပြန်စစ်ပြီး။ မော်ကွန်းတင်ပြီးမိတ္တူ။ 7 January 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 December 2020 တွင် ပြန်စစ်ပြီး။
  4. တပ်မတော်နည်းပညာတက္ကသိုလ် (၂၀)နှစ်မြောက် နှစ်လည်မဂ္ဂဇင်း၊ ၂၀၁၄ ခုနှစ်
  5. Clive Parker (2006-10-28)။ Inside Myanmar's secret capital။ 13 May 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-12-13 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်