၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း

၁၉၆၂ ခုနှစ် မြန်မာ့တပ်မတော်မှရွေးကောက်ခံအစိုးရအားဖြုတ်ချခြင်း

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ပထမဆုံးသော စစ်အာဏာသိမ်းပိုက်မှုဖြစ်ပွားခဲ့သည်။ မြန်မာ့တပ်မတော်၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်နေဝင်းသည် ဝန်ကြီးချုပ်ဦးနုအစိုးရကိုဖြုတ်ချခဲ့၍ တော်လှန်ရေးကောင်စီကိုဖွဲ့စည်းကာ စတင်အုပ်ချုပ်ခဲ့သည်။

၁၉၆၂ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း
ပြည်တွင်းပဋိပက္ခနှင့် စစ်အေးတိုက်ပွဲ၏ တစ်စိတ်တစ်ပိုင်း
ရက်စွဲ၂ မတ် ၁၉၆၂
နေရာရန်ကုန်မြို့မြန်မာနိုင်ငံ
ရလဒ်

အာဏာသိမ်းပိုက်မှုအောင်မြင်

စစ်ရင်ဆိုင်သည့် နိုင်ငံများ

မြန်မာ့အစိုးရ

တပ်မတော်

တပ်မှူးများနှင့် ခေါင်းဆောင်များ
ဝင်းမောင်
(နိုင်ငံတော်သမ္မတ)
ဦးနု
(နိုင်ငံတော်ဝန်ကြီးချုပ်)
နေဝင်း
(တပ်မတော်စစ်ဦးစီးချုပ်)
ပါဝင်သည့် တပ်ဖွဲ့များ
မြန်မာ့ရဲတပ်ဖွဲ့ (ကြားနေအဖြစ်သာ) မြန်မာ့ကြည်းတပ်
အသေအပျောက်
၁ – ၂ ဦး အသတ်ခံရ

ဗိုလ်ချုပ်နေဝင်းသည် တိုင်းပြည်ကိုအာဏာသိမ်းပြီးနောက် အောက်ပါအတိုင်း မိန့်ခွန်းပြောကြားခဲ့သည်။

နိုင်ငံတော်တစ်ဝှမ်းလုံးရှိ ရဟန်းရှင်လူအပေါင်းတို့ခင်ဗျား၊

ပြည်ထောင်စုနိုင်ငံတော်၏ အထူးယိုယွင်းလာသောအခြေအနေဆိုးကို ထိန်းသိမ်းစိမ့်သောငှါ ဗမာ့တပ်မတော်မှ တာဝန်ယူစောင့်ရှောင့်လိုက်ပြီ ဖြစ်ပါကြောင်းအစီရင်ခံပါသည်။

ထိုသို့အာဏာသိမ်းပိုက်ပြီးနောက် ဗိုလ်ချုပ်နေဝင်းသည် မြန်မာနိုင်ငံကို ၁၉၇၄ ခုနှစ်အထိ စစ်အာဏာရှင်စနစ်ဖြင့် ၁၂ နှစ်မျှအုပ်ချုပ်ခဲ့သည်။ ထိုကာလ၌ ဗိုလ်ချုပ်နေဝင်းသည် တိုင်းပြည်၏ နိုင်ငံရေးကဏ္ဍကိုသာမက အုပ်ချုပ်ရေးနှင့် စီးပွားရေးကဏ္ဍတို့ကိုပါ ကိုယ်တိုင်ခြယ်လှယ်နိုင်အောင် ဆောင်ရွက်ခဲ့သည်။ ၁၉၇၄ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကိုရေးဆွဲခဲ့ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကိုတည်ထောင်ခဲ့ရာ တစ်ပါတီအာဏာရှင်စနစ်ဖြင့် ဆက်လက်အုပ်ချုပ်ခဲ့သည်။

၁၉၈၈ တွင် ပြည်သူတို့စတင်ထကြွမှုကြောင့် မဆလအစိုးရမှာ ပြိုလဲခဲ့လေသည်။ သို့သော်ဗိုလ်ချုပ်နေဝင်း၏တပ်မတော်သည် ကျန်ရှိနေသောအင်အားဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (ထို့နောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ) ကိုဖွဲ့စည်း၍ အာဏာပြန်လည်သိမ်းပိုက်ခဲ့ရာ ၂၃ နှစ်မျှဆက်လက်အုပ်ချုပ်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် စစ်တပ်၏ပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား အာဏာလွှဲခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစိုးရသစ်တက်လာခဲ့သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဒုတိယအကြိမ် အာဏာသိမ်းခံခဲ့ရသည်။

နောက်ခံသမိုင်းကြောင်းပြင်ဆင်

ဒုတိယကမ္ဘာစစ်အပြီးတွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးနောက် ဒီမိုကရက်တစ်ဆိုရှယ်လစ် နိုင်ငံအဖြစ်ရပ်တည်ခဲ့သည်။ သို့သော်ပြည်တွင်းပဋိပက္ခများမှာ ဖြစ်ပေါ်လာခဲ့သည်။ ကရင်ပဋိပက္ခဖြစ်နေခဲ့သောကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်စမစ်ဒွန်းကို ကရင်လူမျိုးဖြစ်သောကြောင့် ရာထူးမှအနားယူစေခဲ့၍ ဗိုလ်ချုပ်နေဝင်းအား ခန့်အပ်ခဲ့သည်။

 
အာဏာသိမ်း‌စစ်ခေါင်းဆောင် ဦးနေဝင်း

၁၉၅၈ အောက်တိုဘာတွင် နိုင်ငံတော်အခြေအနေမှာ အလွန်ဆိုးရွားလာခဲ့သဖြင့် ဝန်ကြီးချုပ်ဦးနုမှ ဦးနေဝင်းအား တိုင်းပြည်ကိုခေတ္တအုပ်ချုပ်စေခဲ့ရသည်။ သို့ဖြစ်ရာ ဗိုလ်ချုပ်နေဝင်းသည် အိမ်စောင့်အစိုးရကိုဖွဲ့စည်း၍ မာရှယ်လော (ခေါ်) စစ်အုပ်ချုပ်ရေးကိုကြေညာပြီး စတင်အုပ်ချုပ်ခဲ့သည်။ ၁၉၆၀ တွင် အိမ်စောင့်အစိုးရမှ ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးခဲ့သည်။ ထိုရွေးကောက်ပွဲ၌ ဦးနုဦးဆောင်သော သန့်ရှင်း ဖဆပလမှာ အနိုင်ရရှိခဲ့သည်။

အရပ်သားအစိုးရကို အာဏာပြန်လည်လွှဲအပ်ပေးခဲ့သော်လည်း ပြည်သူများသည် အစိုးအနေဖြင့် တိုင်းပြည်ကိုတည်ငြိမ်အောင် ပြုလုပ်နိုင်ခြင်းမရှိဟူ၍ မြင်လာခဲ့ကြသည်။ သို့ဖြစ်ရာ မြန်မာ့တပ်မတော်သည် တိုင်းပြည်ကိုတည်ငြိမ်အောင် ပြုလုပ်နိုင်စွမ်းရှိကြောင်း ယုံကြည်မိလာကြသည်။

အာဏာသိမ်းပိုက်မှုပြင်ဆင်

နိုင်ငံရေးမတည်ငြိမ်မှု၊ ဖဆပလပြိုကွဲမှု၊ နိုင်ငံတော်ကိုဆက်လက်အုပ်ချုပ်လိုခြင်း စသောအကြောင်းများကြောင့် ဗိုလ်ချုပ်နေဝင်းသည် စစ်အင်အားဖြင့် တိုင်းပြည်အာဏာကို သိမ်းပိုက်လိုခဲ့သည်။

ဝန်ကြီးချုပ်ဦးနု၏ အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းပြီး ၂ နှစ်မကြာမီ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းသည် စစ်အာဏာသိမ်းပိုက်ခဲ့သည်။ ဝန်ကြီးချုပ်ဦးနု၊ သမ္မတဟောင်းစဝ်ရွှေသိုက်စသော နိုင်ငံရေးသမားများနှင့် ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၏ ခေါင်းဆောင်ဟောင်းတို့ကို ဖမ်းဆီးခဲ့သည်။ စဝ်ရွှေသိုက်၏သားဖြစ်သူ စဝ်မြေသိုက်သည်သာ သေနတ်ဖြင့်အပစ်ခံခဲ့ရ၍ ဤအာဏာသိမ်းပိုက်မှုကို ကမ္ဘာ့မီဒီယာများမှ "‌‌သွေး‌‌မြေမကျ‌သော အာဏာသိမ်းပိုက်မှုကြီး" ဟူ၍ပင် မှတ်တမ်းအတင်ခံခဲ့ရသည်။ ထို့အပြင်သီပေါစော်ဘွား စဝ်ကြာဆိုင်သည်လည်း တောင်ကြီးမြို့၌ ပျောက်ဆုံးသွားလေသည်။

အာဏာသိမ်းပိုက်ပြီး ၂ ရက်အကြာ ရန်ကုန်မြို့တွင်း၌ စစ်ကားများရောက်လာစဉ်

၁၉၆၂ ဇူလိုင်လတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများဆန္ဒပြခဲ့ကြရာ ထိုဆန္ဒပြမှုကိုဖိနှိပ်ရန်အတွက် စစ်သားများကိုစေလွှတ်ခဲ့သည်။ ထို့နောက်ကျောင်းသားသမဂ္ဂအဆောက်အဦကို ဗုံးခွဲဖျက်ဆီးခဲ့သည်။ ဗိုလ်ချုပ်နေဝင်းသည် ဆန္ဒပြသူကျောင်းသားများအား "ဓားကိုဓားခြင်း၊ လှံကိုလှံခြင်း ရင်ဆိုင်မည်" ဟူ၍ပြောကြားခဲ့သည်။ ၁၉၆၂ ဇူလိုင် ၁၃ တွင် ဗိုလ်ချုပ်နေဝင်းသည် ဩစတြီးယားနိုင်ငံဆွစ်ဇာလန်နိုင်ငံနှင့် ယူနိုက်တက်ကင်းဒမ်းနိုင်ငံများသို့ ကျန်းမာရေးစစ်‌ဆေးရန်အကြောင်းပြု၍ သွားရောက်ခဲ့သည်။

၁၉၈၈ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းသည် ကျောင်းသားသမဂ္ဂအဆောက်အဦကို ဗုံးခွဲဖျက်ဆီးခဲ့သည့်အကြောင်းကို ငြင်းပယ်ခဲ့၍ ရာထူးမှနှုတ်ထွက်သွားခဲ့ပြီဖြစ်သော ဗိုလ်ချုပ်ဟောင်းဦးအောင်ကြီးအား တရားခံဖြစ်ကြောင်း အပြစ်တင်ခဲ့သည်။ ထို့အပြင် မိမိကိုယ်မိမိ "တော်လှန်ရေးခေါင်းဆောင်" ဟူ၍လည်းကောင်း၊ "ဓားကိုဓားခြင်း၊ လှံကိုလှံခြင်း" ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်ဟူ၍လည်းကောင်း ပြောဆိုခဲ့သည်။

သိမ်းပိုက်ရသည့်အကြောင်းအရင်းပြင်ဆင်

မြန်မာစစ်တပ်မှ အာဏာသိမ်းပိုက်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ဖဆပလအစိုးရလက်အောက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်မှာ ပျက်သုဉ်းလုနီးပါးရှိနေခဲ့သည် ဟူ၍သမိုင်းပညာရှင်များကသုံးသပ်ကြသည်။

၁၉၆၀ ခန့်တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့သည် ဖက်ဒရယ်မူမရပါက ပြည်ထောင်စုမှနှုတ်ထွက်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ ထို့အပြင်ရှမ်းပြည်နယ်တွင်လည်း လက်နက်တိုင်တပ်ဖွဲ့များကိုဖွဲ့စည်းပြီး စတင်တော်လှန်ခဲ့ကြပြီးဖြစ်သည်။ ဝန်ကြီးချုပ်ဦးနုသည် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုခြင်းကြောင့် အခြားဘာသာဝင်များမှာ အစိုးရအားဆန့်ကျင်လိုကြသည်။ မြန်မာ့တပ်မတော်သည်လည်း ထိုပြဿနာရပ်များကို အကြောင်းပြု၍ အာဏာသိမ်းပိုက်ခဲ့ရကြောင်း ပြောဆိုခဲ့သည်။

ဖက်ဒရယ်စနစ်နှင့်ပါလီမန်စနစ်တို့သည် နိုင်ငံအပေါ်သက်ရောက်မှုအားနည်းရာ ကိုယ်ပိုင်အုပ်ချုပ်မှုကိုအားပေးစေသည်၊ တိုင်းရင်းသားကိုယ်စားလှယ် များစွာရှိနေခြင်းကြောင့် နိုင်ငံတွင်းမတည်ငြိမ်မှုများ ဖြစ်ပေါ်လာစေသည် ဟူသောအကြောင်းများကြောင့် တိုင်းပြည်တည်ငြိမ်စေရန် ခိုင်မာသောဗဟိုအစိုးရတစ်ရပ် လိုအပ်သည်ဟူ၍ တပ်မတော်ကယုံကြည်ခဲ့သည်။

၁၉၆၀ ခုနှစ်သည် ကမ္ဘာ့သမိုင်းအရ စစ်အေးတိုက်ပွဲကာလ၌ ပါဝင်သည်။ အမေရိကန်ပြည်ထောင်စု (အရင်းရှင်ဝါဒ) နှင့် ဆိုဗီယက်ပြည်ထောင်စု (ကွန်မြူနစ်ဝါဒ) တို့သည် ကမ္ဘာတစ်ဝှမ်း၌ အချင်းချင်းယှဉ်ပြိုင်လျက်ရှိခဲ့ကြသည်။ မြန်မာနိုင်ငံ၏ အစွန်းအဖျားဒေသများသည် ကိုယ်ပိုင်အုပ်ချုပ်ရေးရရှိပါက ပြည်ပနိုင်ငံများ (အထူးအဖြင့် အမေရိကန်နှင့် ဆိုဗီယက်နိုင်ငံ) ၏ လွှမ်းမိုးမှုများရှိလာနိုင်သည်။ အမေရိကန်နိုင်ငံသည် အာရှဒေသ၌ ကွန်မြူနစ်ထောက်ခံသော နိုင်ငံများကို စိတ်ဝင်စားလျက်ရှိခဲ့ပြီး ကွန်မြူနစ်တရုတ်နိုင်ငံနှင့် ထိစပ်လျက်ရှိသော မြန်မာနိုင်ငံကို စောင့်ကြည့်ကောင်း စောင့်ကြည့်နိုင်ခဲ့မည်။

အကယ်၍ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့သည် ပြည်ထောင်စုမှထွက်ခွာခဲ့ပါလျှင် လွတ်လပ်သောတိုင်းပြည်အနေဖြင့် ကိုယ်တိုင်နိုင်ငံခြားရေးပေါ်လစီများကို ချမှတ်ဆောင်ရွက်ရမည်ဖြစ်ရာ အခြားနိုင်ငံများနှင့် မဟာမိတ်ပြု၍ ပူးပေါင်းရမည်ဖြစ်သည်။ စစ်အေးတိုက်ပွဲ၌ ဖက်မလိုက်သော မြန်မာနိုင်ငံအနေဖြင့် လုံခြုံရေးပြဿနာရပ်များ ပေါ်ပေါက်လာမည်ဖြစ်ပြီး မြန်မာ့နယ်မြေအတွင်း၌ အမေရိကန်နှင့်တရုတ်ပြည်တို့၏ တိုက်ပွဲဖြစ်နိုင်ခြေလည်း မြင့်မားနိုင်သည်။

နောက်ဆက်တွဲနှင့်သက်ရောက်မှုများပြင်ဆင်

မြန်မာ့လူထုများတွင် အာဏာသိမ်းပြီးအစပိုင်း၌ မည်သည့်ပြောင်းလဲမှုများမှ မကြုံတွေ့ရသေးပေ။ တပ်မတော်၏ တန်းတူညီမျှရေးမူဝါဒကြောင့် စိုက်ပျိုးရေးတွင်လုပ်ကိုင်ကြသော လူထူတို့၏ လူနေမှုအဆင့်အတန်းမှာ အနည်းငယ်တိုးတက်လာခဲ့သည်။ တပ်မတော်သည် ၁၉၅၈ မှ ၁၉၆၀ အထိ နိုင်ငံတော်ကို အုပ်ချုပ်ခဲ့ဖူးသည့်အတွက် အချိန်တန်လျှင် အရပ်သားအစိုးရထံ အာဏာပြန်လွှဲမည်ဟု ယုံကြည်ခဲ့ကြသည်။ တပ်မတော်၏ ကွန်မြူနစ်ဝါဒဆန့်ကျင်ခြင်းကို အမေရိကန်နိုင်ငံက နှစ်သက်ခဲ့သည်။ စစ်အေးတိုက်ပွဲ၌ ဖက်မလိုက်မှုကို ဆက်လက်ကိုင်တွယ်ထားသဖြင့် မည်သည့်နိုင်ငံများမှ အာဏာသိမ်းပိုက်မှုကို ဆန့်ကျင်ခြင်း သို့မဟုတ် အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ခြင်းတို့မရှိခဲ့ပေ။

တပ်မတော်သည် အာဏာသိမ်းပြီးနောက် တော်လှန်ရေးကောင်စီကိုဖွဲ့စည်း၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို စတင်ဆောင်ရွက်ခဲ့သည်။ ဦးစွာတိုင်းပြည်စီးပွားရေးကို ခြယ်လှယ်နိုင်အောင်ဆောင်ရွက်ခဲ့သည်။ ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းခဲ့သည်။ ထို့အပြင် ဥပဒေပြုရေး၊ ပညာရေး၊ ယဉ်ကျေးမှုစသော အရေးပါသည့်ကဏ္ဍများကို ချုပ်ကိုင်နိုင်အောင်ပြုလုပ်ခဲ့သည်။ အစိုးရပိုင်မဟုတ်သည့် အင်စတီကျူးရှင်း (institution) များကို ဖျက်သိမ်းခဲ့သည်။

ဗြိတိသျှကိုလိုနီခေတ်၏ အတိတ်သမိုင်းကို ပပျောက်ရန်လည်း ဆောင်ရွက်ခဲ့သည်။ မြန်မာဘာသာစကားကို မြန်မာနိုင်ငံ၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ခဲ့သည်။ အင်္ဂလိပ်လမ်းအမည်များကို မြန်မာဘာသာသို့ပြောင်းလဲစေခဲ့သည်။ အနောက်တိုင်းနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ရပ်ဆိုင်းစေခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် မြန်မာနိုင်ငံသည် ပြင်ပလောကနှင့် အဆက်အသွယ်ပြတ်ခဲ့ရသည်။ ၁၉၆၀ တွင် နိုင်ငံတော်၏ ပြင်ပကူးသန်းရောင်းဝယ်ရေးနှင့် GDP အချိုးမှာ ၄၀ ရာခိုင်နှုန်းရှိခဲ့၍ ၁၉၇၀ တွင် ထိုအချိုးမှာ ၂၆ ရာခိုင်နှုန်းအထိကျဆင်းခဲ့သည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏ အဓိကမူဝါဒသည် အခြေခံလူတန်းစား၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန်ဖြစ်သည်။ သို့သော် တောင်သူလယ်သမားတို့ကိုသာ အလေးပေးခဲ့၍ စက်မှုလုပ်ငန်းသမားများကို လျစ်လျူရှုသကဲ့သို့ဖြစ်ခဲ့သည်။ စက်မှုလုပ်ငန်းများကို ထောက်ပံ့မှုနည်းပါးလာသဖြင့် မြန်မာ့စီးပွားရေးမှာ ယိမ်းယိုင်လာခဲ့သည်။ ၁၉၈၀ ဆယ်စုနှစ်အလယ်ကာလတွင် အခွန်အတုတ်များကြီးမားလာခြင်း၊ မြေယာများကိုအဓ္ဓမသိမ်းယူခြင်းတို့ ဖြစ်ပွားလာခဲ့သည်။ ၁၉၈၅ တွင် မြန်မာကျပ်‌ငွေစက္ကူများမှ ၅၀ တန်နှင့် ၁၀၀ တန်တို့ကို တရားမဝင်ကြေညာ၍ ရုပ်သိမ်းခဲ့သည်။ ဆန်ဈေးနှင့် သစ်ဈေးများမှာ လုံးဝကျဆင်းခဲ့သည်။ ပြည်သူတို့မှာ ဘဏ်များ၌ ပိုက်ဆံများစွာ ထုတ်ယူခဲ့ကြရသည်။ ၁၉၈၇ တွင် ၂၅ ကျပ်၊ ၃၅ ကျပ်နှင့် ၇၅ ကျပ်တန် ငွေစက္ကူများကို ထက်မံရုပ်သိမ်းခဲ့ပြန်သည်။ စီးပွားရေးကျဆင်းမှုကြောင့် မြန်မာနိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် ကုလသမဂ္ဂမှ မှတ်တမ်းတင်ခဲ့သည်။

တိုင်းပြည်စီးပွားရေးပျက်ပြားမှု၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်မအောင်မြင်မှု စသည့်အကြောင်းများကြောင့် ၁၉၈၈ ခုနှစ်တွင် ပြည်သူများစတင်ထကြွလာခဲ့ပြီး ရှစ်လေးလုံးအရေးအခင်းဖြစ်ပေါ်လာခဲ့ရာ မဆလအစိုးရမှာ ပြိုလဲခဲ့လေသည်။

ဆက်လက်ဖတ်ရှုရန်ပြင်ဆင်

ကိုးကားချက်ပြင်ဆင်

  • Aung-Thwin၊ Michael; Aung-Thwin၊ Maitrii (2013)။ A history of myanmar since ancient times: Traditions and transformations. (2nd ed.)။ London, UK: Reaktion Books။ ISBN 978-1861899019
  • Callahan၊ Mary P. (2004)။ Making enemies: War and State Building in Burma။ Singapore: Singapore University Press။ ISBN 0801472679
  • Myoe၊ Maung A. (2009)။ Building the Tatmadaw: Myanmar Armed Forces Since 1948။ Institute of Southeast Asian Studies။ ISBN 978-9812308481
  • Taylor၊ Robert H. (2009)။ The State in Myanmar. (2nd ed.)။ Singapore: NUS Press။ ISBN 978-0824833626
  • Taylor၊ Robert H. (2015)။ General Ne Win: A Political Biography.။ Singapore: Institute of Southeast Asian Studies။