တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

မြန်မာနိုင်ငံတပ်မတော်၏အကြီးအကဲ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြန်မာ့တပ်မတော်၏ အကြီးအကဲ ဖြစ်သည်။ စစ်သေနာပတိဟူ၍လည်း ခေါ်ဆိုသည်။ ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲ ဖြစ်သည်ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၂၀(ဂ) တွင် ပြဋ္ဌာန်း ထားသည်။[၂] ပြည်ထောင်စုအစိုးရ၏ တရားဝင်ထုတ်ပြန်ထားသော ပြည်ထောင်စုအင်္ဂါစဉ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အဆင့် ၈ တွင် ရှိသော်လည်း တပ်မတော်မှ ၎င်းသည် ဒုတိယသမ္မတ အဆင့်ရှိသူဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။[၃]

မြန်မာနိုင်ငံ ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အလံတော်
တာဝန်ထမ်းဆောင်ဆဲ ပုဂ္ဂိုလ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

မတ် ၃၀၊ ၂၀၁၁ (၂၀၁၁-၀၃-၃၀) မှစ၍
 တပ်မတော်
ပုံစံအဘ၊ ဆရာ၊ ဘဘကြီး
အမျိုးအစားစစ်ဘက်ဆိုင်ရာ ရာထူး
အဖွဲ့ဝင်အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
အစီရင်ခံရသူနိုင်ငံတော် သမ္မတ
စံအိမ်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နေအိမ်၊ စစ်ရုံး၊ နေပြည်တော်
ရုံးတည်နေရာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စစ်ရုံး၊ နေပြည်တော်
ခန့်အပ်သူနိုင်ငံတော် သမ္မတ
(အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြု ထောက်ခံချက်ဖြင့်)[၁]
ဖွဲ့စည်းပုံ အခြေခံဥပဒေဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)
ယခင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
ဖွဲ့စည်းခြင်း၁၉၄၅ ခုနှစ်
တည်ထောင်သူရဲဘော်သုံးကျိပ်
ပထမဆုံး ထမ်းဆောင်သူဗိုလ်ချုပ် အောင်ဆန်း
အခြားအမည်တပ်ချုပ်၊ ကာချုပ်၊
လက်ထောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
အဆင့် / တံဆိပ် အဆောင်အယောင်များ

ဗိုလ်ချုပ်မှူးကြီး

လုပ်ပိုင်ခွင့်နှင့်အာဏာ

တပ်မတော်၏ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးမှာ ယခင်ဖွဲ့စည်းပုံက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထက် အလွန်မြင့်သည်။ ယခင်က ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်တွင် တပ်မတော်၏ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များကို ညှိနှိုင်းကွပ်ကဲနိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ထားရှိရာ ပြည်ထောင်စုအင်္ဂါစဉ်အရ ၎င်းရာထူးသည် အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဆင့်နှင့် ညီမျှသည်ဟု ဆိုနိုင်သည်။ ပြောင်းလဲခဲ့သော ဖွဲ့စည်းပုံအသစ်တွင်မူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်၏ အာဏာအရပ်ရပ်ကို ရရှိထားပြီး ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် အခြားဝန်ကြီးဌာနအချို့၏ ပြည်ထောင်စုဝန်ကြီးများကို ခန့်အပ်ရန် အဆိုပြုနိုင်သည်။ ထို့ကြောင့် ကာကွယ်ရေးဝန်ကြီးသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အောက်တွင်ရှိသည်။ ၂၀၀၅ ခုနှစ်တွင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဟူသော ရာထူးအသစ်ကို တိုးချဲ့ဖန်တီးခဲ့ရာ ယခုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးသည် ပြည်ထောင်စုအင်္ဂါစဉ် အဆင့် ၈ တွင်ရှိပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုဝန်ကြီးများကဲ့သို့အဆင့်ထက် မြင့်သည် (သို့မဟုတ်) ဝန်ကြီးအဆင့်ရှိသည်ဟု ဆိုနိုင်သည်။[၄]

အုပ်ချုပ်ရေး

စစ်ဘက်အုပ်ချုပ်ရေးတွင် အမိန့်ပေးစနစ်နှင့် အုပ်ချုပ်မှုအာဏာသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ ဆင်းသက်လာသည်။ သို့ရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုမူ ၎င်းနှင့် ၎င်းခန့်အပ်ထားသည့် အဖွဲ့ဝင် ၆ ဦးပါဝင်သော အဖွဲ့ဝင် ၁၁ ဦးရှိသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့်သာ ခန့်အပ်ခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။ သို့ဖြစ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ၎င်းရာထူးမှဖယ်ရှားရန် ၎င်းမှတစ်ပါး မည်သူမျှအာဏာမရှိပေ။ စစ်ဘက်ရာထူးခန့်အပ်မှုတွင်လည်း စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ၊ စစ်ရာထူးခန့်ချုပ် အစရှိသည်တို့မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကသာ အလွယ်တကူ ခန့်အပ်/ပြောင်းရွှေ့/ဖယ်ရှားနိုင်သဖြင့် စစ်ဘက်အုပ်ချုပ်ရေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အကြွင်းမဲ့အာဏာရရှိထားသည်ဟု ဆိုနိုင်သည်။

တရားစီရင်ရေး

စစ်ဘက်တရားစီရင်ရေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးပြတ်ဖြစ်သည်ဟု ပြဋ္ဌာန်းထားသည်။ စစ်ဘက်တရားစီရင်ရေးတွင် ပြန်တမ်းဝင်အရာရှိတစ်ဦးအား စီရင်ရာ၌ စစ်တရားရုံးများတွင် ၎င်းအဆင့်ထက်မနိမ့်သူပါဝင်ရမည်ဖြစ်ပြီး ထိုစစ်တရားရုံးကို စီရင်ခံမည့်သူထက် အဆင့်မြင့်သောအရာရှိက ဖွဲ့စည်းပေးရသည်။ သို့ဖြစ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို စစ်ဖက်ဥပဒေဖြင့် အရေးယူနိုင်ခြင်း မရှိပေ။

ဥပဒေပြုရေး

စစ်ဘက်ဥပဒေများကို အရပ်ဖက်ဥပဒေများကဲ့သို့ ပြည်ထောင်စုလွှတ်တော်၏ အာဏာဖြင့် ပြင်ဆင်/ပြဋ္ဌာန်းသည်။ သို့ရာတွင် အရေးပေါ်ကာလ၌မူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၎င်းကိုယ်တိုင်ဖြစ်စေ၊ ၎င်းဖွဲ့စည်းထားသော အဖွဲ့ကဖြစ်စေ ဥပဒေပြဋ္ဌာန်းနိုင်သည့် အာဏာရှိသည်။ သာမန်အခြေအနေတွင်လည်း တပ်မတော်၏ လုပ်ထုံးလုပ်နည်း၊ ကန့်သတ်ချက်များကို ပြုပြင်ဆောင်ရွက်နိုင်သော ကာကွယ်ရေးဌာနကောင်စီ(ကကန)ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆုပ်ကိုင်ထားရာ စစ်ဘက်ဥပဒေပြုရေးတွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အာဏာရရှိထားသည်။

ခန့်အပ်သည့်အလေ့အထ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ခေတ်အဆက်ဆက်၌ တပ်မတော်(ကြည်း)မှ ဗိုလ်ချုပ်အဆင့်ထက် မနိမ့်သော အရာရှိကိုသာ ခန့်အပ်ခဲ့ကြသည်။ အကြောင်းမှာ တိုင်းမှူးများ၊ အရာရှိချုပ်များ၏ အဆင့်သည် အမြင့်ဆုံး ဒုတိယဗိုလ်ချုပ်ကြီး (သို့မဟုတ်) ဗိုလ်ချုပ်အဆင့်၌သာရှိသဖြင့် ၎င်းအဆင့်များထက် စီနီယာကျစေရန် ဖြစ်သည်။ ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ၎င်းနှင့်အတူ ထိပ်သီးအရာရှိကြီးများကိုပါ အနားပေးလေ့ရှိသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်ခံရသော အရာရှိမှာ ဗိုလ်ချုပ်မှူးကြီးအဆင့်သို့ ပြန်တမ်းဝင်အရာရှိရာထူးတိုးမြှင့်သည့် လုပ်ထုံးလုပ်နည်းနှင့်အညီ တစ်နှစ်လျှင် တစ်ဆင့်နှုန်းဖြင့် တိုးမြှင့်ခံရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ၎င်းယုံကြည်ရသည့် ပုဂ္ဂိုလ်ကိုသာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ်အဖြစ် ခန့်အပ်လေ့ရှိသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို နိုင်ငံရေးကျွမ်းကျင်သူ၊ တစ်နည်းအားဖြင့် နိုင်ငံရေးသမားဟူသော နေရာအဖြစ်တင်စားကြပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကိုမူ စစ်ရေးကျွမ်းကျင်သူ၊ တစ်နည်းအားဖြင့် တိုက်ခိုက်ရေးသမားဟူသော နေရာအဖြစ်တင်စားကြသည်။ အကြောင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကို စစ်ရေးကျွမ်းကျင်သူ၊ အနေအေးသူ၊ ၎င်းအပေါ်အပြိုင်အဆိုင်မရှိသူ၊ နိုင်ငံရေးမကျွမ်းကျင်သူကိုသာ ခန့်အပ်လေ့ရှိသောကြောင့် ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များစာရင်း
စဉ် ဓာတ်ပုံ ပြန်တမ်းဝင်အမှတ် ရာထူးအဆင့်နှင့်အမည် တာဝန်သက်တမ်း ထမ်းဆောင်သည့်တပ်ဖွဲ့ မှတ်ချက်
၁။   - ဗိုလ်ချုပ် အောင်ဆန်း ၁၉၄၅ – ၁၉ ဇူလိုင် ၁၉၄၇   ဗမာ့ကာကွယ်ရေးတပ်မတော် ခေတ်သစ်မြန်မာ့တပ်မတော် တည်ထောင်သူ၊ ရဲဘော်သုံးကျိပ်၏ခေါင်းဆောင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်လည်းဖြစ်သည်။ ဂျပန်ခေတ် ဗမာ့ကာကွယ်ရေးတပ်မတော်တွင် စစ်ဦးစီးချုပ်ဖြစ်ခဲ့သည်။ စစ်ပြီးကာလတွင် ကာကွယ်ရေးဝန်ကြီး အဖြစ်ဆောင်ရွက်ခဲ့သည်။
၂။   BC 3501 ဗိုလ်မှူးချုပ် လက်ျာ ၁၉ ဇူလိုင် ၁၉၄၇ – ၄ ဇန်နဝါရီ ၁၉၄၈   တပ်မတော် (ကြည်း) ရဲဘော်သုံးကျိပ်ဝင်တစ်ဦးဖြစ်သည်။ တပ်မတော်ကို အာဏာလွှဲခြင်းနှင့်ပက်သက်သည့် လက်ျာ-ဖရီးမင်း စာချုပ်ကို ချုပ်ဆိုခဲ့သူလည်းဖြစ်သည်။ ၁၉၄၈ တွင် ရာထူးမှအနားယူခဲ့ရသည်။
၃။   BC 5106 ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်း ၄ ဇန်နဝါရီ ၁၉၄၈ – ၃၁ ဇန်နဝါရီ ၁၉၄၉   တပ်မတော် (ကြည်း) ကရင်လူမျိုးဖြစ်ပြီး ကရင်ပြည်တွင်းစစ်ကြောင့် အငြိမ်းစားပေးခံခဲ့ရသည်။
၄။   BC 3502 ဗိုလ်ချုပ်ကြီး နေဝင်း ၁ ဖေဖော်ဝါရီ ၁၉၄၉ – ၂၀ ဧပြီ ၁၉၇၂   တပ်မတော် (ကြည်း) နောက်ပိုင်းတွင်နိုင်ငံတော်သမ္မတနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ရာထူးကိုတပ်မတော်၏ စစ်ဦးစီးအရာရှိချုပ်အဖြစ် သတ်မှတ်ခဲ့သည်။
၅။ BC 3569 ဗိုလ်ချုပ်ကြီး စန်းယု ၂၀ ဧပြီ ၁၉၇၂ – ၁ မတ် ၁၉၇၄   တပ်မတော် (ကြည်း) အရပ်ဘက်နိုင်ငံရေးကိစ္စများ ဆောင်ရွက်ရန် အငြိမ်းစားယူခဲ့သည်။ နောက်ပိုင်းတွင်နိုင်ငံတော်သမ္မတဖြစ်လာခဲ့သည်။
၆။   BC 3561 ဗိုလ်ချုပ်ကြီး သူရ တင်ဦး ၁ မတ် ၁၉၇၄ – ၆ မတ် ၁၉၇၆   တပ်မတော် (ကြည်း) သမ္မတဦးနေဝင်းနှင့် ဆက်ဆံရေးတင်မာမှုများကြောင့် နုတ်ထွက်ခဲ့ရသည်။ နောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
၇။   BC 5322 ဗိုလ်ချုပ်ကြီး သူရကျော်ထင် ၆ မတ် ၁၉၇၆ – ၃ နိုဝင်ဘာ ၁၉၈၅   တပ်မတော် (ကြည်း) အသက် ၆၀ တွင် အငြိမ်းစားယူခဲ့သည်။
၈။ BC 6187 ဗိုလ်ချုပ်မှူးကြီး စောမောင် ၄ နိုဝင်ဘာ ၁၉၈၅ – ၂၂ ဧပြီ ၁၉၉၂   တပ်မတော် (ကြည်း) ၁၉၈၈ တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကို ဖွဲ့စည်း၍အာဏာသိမ်းယူခဲ့သည်။ ၁၉၉၂ တွင် ကျန်းမာရေးကြောင့် အငြိမ်းစားယူခဲ့ရသည်။ ရာထူးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် သတ်မှတ်ခဲ့သည်။
၉။   BC 6710 ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂၂ ဧပြီ ၁၉၉၂ – ၃၀ မတ် ၂၀၁၁   တပ်မတော် (ကြည်း) နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ဥက္ကဋ္ဌဖြစ်သည်။ ၂၀၁၁ တွင် အငြိမ်းစားယူခဲ့သည်။
၁၀။   BC 14232 ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၃၀ မတ် ၂၀၁၁ – လက်ရှိ   တပ်မတော် (ကြည်း) ၂၀၂၁ တွင် အာဏာသိမ်းပိုက်ခဲ့သည်။ ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဥက္ကဋ္ဌဖြစ်သည်။

ဆက်စပ်ကြည့်ရှုရန်

ကိုးကား

  1. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)
  2. ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း (၂၇ ဖေဖော်ဝါရီ ၂၀၂၀)။ ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲအဖြစ် ပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀(ဂ) အား ပယ်ဖျက်ခြင်းမပြုသင့်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး။ Eleven Media Group။ ၆ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  3. စိုင်းဝဏ္ဏ (၅ နိုဝင်ဘာ ၂၀၂၀)။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒုတိယသမ္မတအဆင့်ရှိသူဟု တပ်မတော်ထုတ်ပြန်မြန်မာတိုင်း(မ်)။ 13 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၆ နိုဝင်ဘာ ၂၀၂၀ တွင် ပြန်စစ်ပြီး။
  4. ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒုတိယသမ္မတအဆင့်ရှိသူဟု တပ်မတော်ထုတ်ပြန်။ 13 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 September 2021 တွင် ပြန်စစ်ပြီး။