မင်းကြီးစွာ (၂၇ နိုဝင်ဘာလ ၁၅၅၈ – ၈ ဇန်နဝါရီ ၁၅၉၃)သည် ၁၅၈၁ မှ ၁၅၉၃ ခုနှစ်အတွင်း မြန်မာပြည်၏ နန်းမွေဆက်ခံသည့် မဟာဥပရာဇာ အိမ်ရှေ့မင်း ဖြစ်သည်။ တောင်ငူမင်းဆက် နန္ဒဘုရင်၏ သားတော်ကြီးတစ်ပါးဖြစ်ကာ သက္ကရာဇ် ၁၅၈၄ ခုနှစ်မှ ၁၅၉၃ ခုနှစ်အတွင်း အယုဒ္ဓယနှင့် ဖြစ်ပွားခဲ့သော စစ်ပွဲ ၅ ကြိမ်တွင် ၃ကြိမ်တိုင်တိုင် ဦးဆောင်တိုက်ခိုက်ခဲ့သူဖြစ်ပြီး ထိုတိုက်ပွဲများအားလုံး အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရသည်။ ထိုမင်းသားသည် ၁၅၉၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ၅ ကြိမ်မြောက် တိုက်ပွဲအတွင်း နတ်ရွာစံခဲ့ရသည်။ ထိုင်းသမိုင်းတို့တွင် ရေးသားကြသည်မှာ ယိုးဒယားဘုရင် ဗြနရာဇ်နှင့် တဦးချင်းစီးချင်းထိုးရာမှ အရေးနှိမ့်ကာ နတ်ရွာစံခဲ့ရသည်ဆို၏။ မြန်မာရာဇဝင်ကျမ်းများက ဆိုသည်မှာကာ ယိုးဒယားတို့ဖက်က ပစ်သော အမြောက်သင့်၍ ကျဆုံးရသည်ဆို၏။

မင်းကြီးစွာ
မဟာဥပရာဇာ အိမ်ရှေ့မင်း
နန်းသက်၁၅ အောက်တိုဘာ ၁၅၈၁ – ၈ ဇန်နဝါရီ  [O.S. ၂၉ ဒီဇင်ဘာ ၁၅၉၂] ၁၅၉၃
ရှေ့မင်းဆက်နန္ဒဘုရင်
ဆက်ခံသူမင်းရဲကျော်စွာ
မွေးဖွား၂၇ နိုဝင်ဘာ ၁၅၅၈
၉၂၀ ခုနှစ် နတ်တော်လဆုတ် ၂ရက် တနင်္ဂနွေနေ့
ပဲခူးမြို့, တောင်ငူအင်ပါယာ
ကွယ်လွန်၈ ဇန်နဝါရီ  [O.S. ၂၉ ဒီဇင်ဘာ ၁၅၉၂] ၁၅၉၃ (သက်တော် ၃၄)
၉၅၄ ခုနှစ် တပိုတွဲလဆန်း ၈ ရက် သောကြာနေ့
ဆုပန်ဘူရီ, အယုဒ္ဓယ
ထာဝရ အိပ်စက်ရာ နေရာဖေဖော်ဝါရီလ ၁၅၉၃
တပေါင်းလ ၉၅၄
ကမ္ဘောဇသာဒီ နန်းတော်
အိမ်ထောင်ဖက်နတ်သျှင်မယ်တော် (၁၅၈၆တွင် ကွာရှင်း)
ရာဇဓာတုကလျာ (၁၅၈၆–၁၅၉၃)
စံအိမ်တောင်ငူ
ခမည်းတော်နန္ဒဘုရင်
မယ်တော်ဟံသာဝတီမိဖုရား
ကိုးကွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ

အစောပိုင်းဘဝပြင်ဆင်

မင်းကြီးစွာ ကို ဘုရင့်နောင်မင်းတရားကြီး၏သားတော် အိမ်ရှေ့မင်း နန္ဒဘုရင် နှင့် ဟံသာဝတီမိဖုရားတို့မှ ၂၇ ရက် နိုဝင်ဘာလ ၁၅၅၈ ခုနှစ်တွင် ပဲခူးမြို့၌ ဖွားမြင်တော်မူသည်။မောင်နှမ အားလုံးပေါင်းမှာ ၆ ဦး ရှိပြီး တတိယမြောက်သားယောက်ျားလေးဖြစ်သည်။[note ၁] [၁]

အရှေ့တောင်အာရှတွင် အကြီးမားဆုံးသော အင်ပါယာဖြစ်သည့် တောင်ငူအင်ပါယာကြီးအား တည်ထောင်တော်မူခဲ့သော ဘိုးတော် ဘုရင့်နောင်မင်းကြီး ပဲခူးမြို့အား အုပ်စိုးချိန် တွင် လူလားမြောက်ခဲ့သည်။[၂][၃] သက္ကရာဇ် ၁၅၈၁ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဘုရင့်နောင် နတ်ရွာစံပြီး နန္ဒဘုရင်က အရိုက်အရာဆက်ခံခဲ့သည်။ ထိုနောက် ၁၅၈၁ ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့တွင် ခမည်းတော်နန္ဒဘုရင်က မင်းကြီးစွာအား မဟာဥပရာဇာဘွဲ့ခံ အိမ်ရှေ့မင်းအရာပေးအပ်သည်။[note ၂] ထိုအချိန်က မင်းသားငယ်၏ အသက်မှာ ၂၃ ပင်မပြည့်သေးသော်လည်း အလွန်ကြီးမားလှသည့် တိုင်းပြည်ကြီး၏ အိမ်ရှေ့မင်းတပါး ဖြစ်လာခဲ့လေသည်။[၄]

စစ်ပွဲများပြင်ဆင်

ဟံသာဝတီပြည့်ရှင် ဘုရင်နောင်မင်းတရားကြီး၏ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်မှုကြောင့် တိုင်းပြည်သည် လွန်စွာကြီးမားပြီး ပဏ္ဍာဆက်တိုင်းပြည်၊ စော်ဘွား၊ ဘုရင်ခံမြောက်များစွာလည်းရှိသည်။[၅] သို့သော် ထိုသူတို့သည် ဘုရင့်နောင်အပေါ် ချစ်ကြောက်ရိုသေကြသော်လည်း တောင်ငူပြည်ကြီးအပေါ်ကား သစ္စာမရှိကြချေ။ ထိုသို့လျှင် သားတော်နန္ဒဘုရင်သည်လည်း ထိုလက်အောက်ခံများအပေါ် ဩဇာအာဏာမသက်ရောက်နိုင်သည့်အချိန်သို့ရောက်ရှိလာခဲ့သည်။ ပထမသုံးနှစ်အတွင်း အင်းဝနှင့် အယုဒ္ဓတို့ ပုန်ကန်ကြသည်။ အင်းဝကို တိုက်ခိုက်ချေမှုန်းနိုင်သော်လည်း အယုဒ္ဓကိုကား ရရန် ခက်ခဲပင်ပန်းလှချေသည်။[၆] နန္ဒဘုရင်သည် အယုဒ္ဓယအား သိမ်းပိုက်ရန် ချီတတ်ရာတွင် သားတော် မဟာဥပရာဇာအပေါ် အလွန်မှီခိုတော်မူသည်။ ၁၅၈၄ နှင် ၁၅၉၃ ခုနှစ်အတွင်း မင်းကြီးစွာဦးဆောင်တိုက်ခိုက်ခဲ့သည့် စစ်ပွဲများသည် အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတွင် ယင်း၏အသက်ပင် ဆုံးရှုံးခဲ့ရလေသည်။

ပထမအကြိမ် ယိုးဒယားသို့ ကျူးကျော်ခြင်း (၁၅၈၄)ပြင်ဆင်

ဘုရင့်နောင် နတ်ရွာစံပြီးနောက် ယိုးဒယားသားတို့ ထောင်ထားခြားနာလာခဲ့ကြသည်။ ၁၅၈၄ ခုနှစ် ဧပြီလတွင် နန္ဒဘုရင်သည် အင်းဝက ထောင်းထားခြားနားသဖြင့် အထက်မြန်မာပြည်သို့ သွားရောက်စစ်ဆင်ရသည်။ ထိအချိန်တွင် ဥပရာဇာသည် ပဲခူး၌ နေ၍ မြို့စောင့်တပ်နှင့် အတူ ချန်နေရသည်။ ထိုအချိန်၌ ယိုးဒယား အိမ်ရှေ့မင်း ဗြနရာဇ်သည် ဟံသာဝတီပြည့်ရှင် နန္ဒဘုရင်၏တပ်တော်နှင့် ပူးပေါင်းရမည့်အစား ဟံသာဝတီအား ဝန်းရံထားခဲ့ပြီး အင်းဝသို့ချီရန် ဥပရာဇာ၏ အမိန့်အား ပုန်စားလေသည်။ ဟံသာဝတီမင်း ပဲခူးသို့ ချီလာသည်ကိုကြားလျှင် ဗြနရာဇ်လည်း မုတ္တမသို့ စုန်ပြီး ၁၅၈၄ ခုနှစ် မေလ ၃ ရက် (ခေတ်ဟောင်း-ဧပြီ ၂၉) တွင် အယုဒ္ဓယသည် ဟံသာဝတီအားထောင်ထားကြောင်း အတိအလင်းကြေညာလေသည်။ အထက်မြန်မာပြည်ရှိ နန္ဒဘုရင်လည်း တပ်တော်နှစ်တပ်(လူ ၁၁၀၀၀၊ မြင်း ၉၀၀၊ ဆင် ၉၀) ဖြင့် ယိုးဒယားတပ်များအား တိုက်လေသည်။ ထိုတပ်အား သားတော်ဥပရာဇာကို အုပ်ချုပ်စေသည်။[၇] ထိုလူပေါင်း ၁၁၀၀ ပါသည့် တပ်သည် ယိုးဒယားအား မသိမ်းနိုင်ခဲ့ပဲ မိုးကျ၍ တပ်ခေါက်ပြန်ခဲ့ရသည်။ ထိုတပ်သည် ချောင်ဖရားမြစ်အနီး မြို့ရွာများတွင် မိုးအခါရေကြီးခြင်းအား ပြင်ဆင်မထားခြင်း၊ ယိုးဒယားတို့၏ အမြောက်စိန်ပြောင်းထိမှန်ခြင်းတို့ကြောင့် ကျဆုံးကြရသည်မှာ မလွဲဧကန်ပင်။ [၆][၈]

ဒုတိယအကြိမ် ကျူးကျော်ခြင်း (၁၅၈၆)ပြင်ဆင်

၁၅၈၆ခုနှစ်[၉] တွင် တကြိမ် မင်းကြီးစွာ အချုပ်ပြု၍ (လူ ၁၂,၀၀၀၊ မြင်း ၁၂၀၀၊ ဆင် ၁၀၀) ဖြင့် ဆိုင်ယမ်မြောက်ပိုင်း ဇင်းမယ်ပြည်အား ချီတက်လုပ်ကြံပြန်သည်။[၁၀] ဤတကြိမ်တွင် ဇင်းမယ်အား လုပ်ကြံပြီး ခြောက်သွေ့ရာသီရောက်လျင် အယုဒ္ဓယအား လုပ်ကြံမည့် စစ်ဆင်ရေးကြီးအတွက်ဖြစ်သည်။ သို့သော် ယိုးဒယားသားတို့ ပြင်းထန်စွာ ခုခံသဖြင့် လမ်ပန်းမြို့အား မဖြတ်ကျော်နိုင်ပဲရှိ၏။ ထို့နောက် ဇွန်လရောက်သောအခါ မိုးရာသီဖြစ်လာပြီဖြစ်သဖြင့် တပ်အား ဆုတ်စေခဲ့သည်။[၁၀]

တတိယအကြိမ် ကျူးကျော်ခြင်း (၁၅၈၆–၁၅၈၇)ပြင်ဆင်

ဇင်းမယ်အား ချီတတ်လုပ်ကြံတိုင်း မအောင်မြင်သောကြောင့် အယုဒ္ဓယမြို့တော်အား လုပ်ကြံရန ၁၅၈၆ခုနှစ် အောက်တိုဘာလတွင် မင်းတရားကြီးကိုယ်တိုင် အစီအမံချလေသည်။[၁၁] ဤတကြိမ်တွင် ဥပရာဇာအား ဟံသာဝတီနေပြည်တော်အား စောက်ရှောက်ရန် ထားခဲ့လေသည်။ ထိုသို့ အယုဒ္ဓယအား လေးလခန့် (၁၅၈၆ ခုနှစ် ဒီဇင်လာလ မှ ၁၅၈၇ ခုနှစ် ဧပြီလအထိ) ဝန်းရံလုပ်ကြံသော်လည်း မရချေ။ စစ်သည်ဗိုလ်ပါတို့ အကျအဆုံးများ၍ စစ်သည်ဗိုလ်ပါ ၂၅၀၀၀ ခန့်ရှိသည့် တပ်တော်သည် အင်အား အနည်းငယ်သာ ကျန်ရှိပြီး နောက်ဆုံးတွင် ဟံသာဝတီသို့ တပ်ဆုတ်ပြန်ခဲ့ကြသည်။[၈][၁၂]

စတုတ္ထအကြိမ် ကျူးကျော်ခြင်း (၁၅၉၀–၁၅၉၁)ပြင်ဆင်

မင်းတရားလည်း လက်မလျော့ချေ။ ၁၅၉၀ ခုနှစ်တွင် ဥပရာဇာအား ယိုးဒယားမြောက်ပိုင်းသို့ နောက်တကြိမ် လုပ်ကြံရန် မိန့်တော်မူသည်။ ဤတကြိမ်တွင် ရှမ်းပြည်မြောက်ပိုင်း မိုးညှင်းနှင့် မိုးကောင်းစော်ဘွားတို့ ပုန်ကန်သဖြင့် ယိုးဒယားမြောက်ပိုင်းမှ ချီတတ်သိမ်းပိုက်ရန် မင်းတရားစီစဉ်သည်။ ၁၅၉၀ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဇင်းမယ်မှ ထိုင်းမြောက်ပိုင်းသို့ ဥပရာချီလေသည်။[၁၃] ၁၅၈၆ ခုနှစ် ကျူးကျော်မှုကဲ့သို့ပင် ပြင်းထန်သည့်ရှုံးနိမ့်မှုသာ ဖြစ်လေသည်။ ၁၅၈၆ ခုနှစ်က ကဲသို့ပင် ဗြနရာဇ်ဦးဆောင်သည့် လမ်ပန်ခံတပ်အား ဖြတ်ကျော်နိုင်ခြင်းမရှိချေ။ သို့သော် ၁၅၈၆ ခုနှစ်မတူသည်မှာ ဤတကြိမ်သည် တပ်ဆုတ်ခြင်းသာမဟုတ်ချေ။ တပ်တော် ၂၄ တပ်၊ စစ်သည် ၂၀,၀၀၀ သည် ၁၅၉၁ ခုနှစ် မတ်လတွင် လမ်ပန်မြို့ အပြင်၌ ကစဉ့်ကလျားတပ်ပျက်လေသည်။ ကျန်ရှိသော် တပ်တော်အနည်းငယ်သာ နေပြည်တော်သို့ကစင့်ကလျား ပြန်လည်ရောက်ရှိလာသောကြောင့် မင်းတရားလည်း မင်းကြီးစွာအား ကဲ့ရဲ့တော်မူပြီးလျင် ဗိုလ်မှူးအချို့ကို ကွပ်မျက်လေသည်။[၁၄]

ပဉ္စမ နှင့် နောက်ဆုံးအကြိမ် စစ်ပွဲ (၁၅၉၂–၁၅၉၃)ပြင်ဆင်

ထို့သို့လျင် စစ်၏အရှိန်အဟုန်သည် အယုဒ္ဓယတို့အား မျက်နှာသာပေးလာခဲ့သည်။ ၁၅၉၁-၁၅၉၂ ခုနှစ်၏ ‌ခြောက်သွေ့ရာသီသို့ရောက်သောအရာ ဗြနရာဇ်လည်း တနင်္သာရီကမ်းရိုးတန်း အထက်ပိုင်းအား လုပ်ကြံရန် ချီတတ်လေသည်။ တုံပြန်မှုအနေဖြင့် မင်းတရားနှင့် လွှတ်တော်တို့က အယုဒ္ဓယအား နောက်တကြိမ် လုပ်ကြံရန်ဆုံးဖြတ်လေသည်။ ဤတကြိမ်တွင် မင်းတရားသည် မင်းကြီးစွာအား အချုပ်ခန့်သည်သာမက ပြည်၊ တောင်ငူ နှင့် ဇင်းမယ်ပြည်တို့အား စားစေသည်။ ၁၅၉၂ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် တပ်တော်နှစ်ခု(စစ်သည် ၂၄၀၀၀၊ မြင်း ၂၀၀၀၊ ဆင် ၁၅၀) နှင့် ထပ်မံကြိုးစားလေသည်။ ဤပွဲတွင်လည်း အရှုံးနှင့် အဆုံးသတ်ခဲ့ရသည်သာမ မင်းကြီးစွာလည်း အယုဒ္ဓယအနီးတွင်ဖြစ်ပွားသည့် တိုက်ပွဲအတွင်း နတ်ပြည်စံလေသည်။[၁၅] ဥပရာဇာသည် တိုက်ပွဲအတွင်း ကျဆုံးသည်ဟု နှစ်ဖက်သော ထိုင်း နှင့် ယိုးဒယား မဟာရာဇဝင်တို့ဆိုသော်လည်း မည်သည့်အချိန်၊ မည်သို့မည်ပုံကျဆုံးသည်ကို တိတိကျကျဖော်ပြရာတွင်ကား မတူသည်ကိုတွေ့ရှိရလေသည်။

မြန်မာ ရာဇဝင်မှတ်တမ်းပြင်ဆင်

မြန်မာရာဝင်တော်များ၏ အဆိုအရ မင်းကြီးစွာ၏ တပ်သည် အယုဒ္ဓယမြို့ ဆင်ခြေဆုံးထိတိုင်အောင် အတင်းထိုးစစ်ဆင်လေသည်။ ထိုအချိန်တွင် ဗြနရာဇ်၏ တပ်နှင့်ဆုံသည်။ ၁၅၉၃ ဇန်နဝါရီ ၈ ရက်နေတွင် နှစ်ဖက်တပ်တို့ တိုက်ပွဲဖြစ်ပွားလေသည်။ မဟာဥပရာဇာသည် ဘုန်းစုံအမည်ရှိ ဆင်ရဲကို စီတော်မူသည်။ ညာဘက်တွင် ညီတော်သတိုးဓမ္မရာဇာက အလုံးအရင်းနှင့် နေသည်။ ဘယ်ဘက်တွင် နတ်သျှင်နောင်သည်အလုံးအရင်းနှင့်နေသည်။ ဇာပရိုးစားသည် ပေါက်ကျော်ဇေယျအမည်ရှိ မုန်ယိုနေသောဆင်ကိုစီးကာ မနီးမဝေးတွင်နေလေသည်။ ဆင်မှာ မုန်ပြင်းလှသောကြောင့် မျက်နှာအား ပုဆိုးအုပ်ထားရလေသည်။ ဗြနရာဇ်သည်လည်း ဗြလပုံဟူသော ဆင်ကိုစီးကာ မှူးမတ်အလုံးအရင်းဖြင့် ထွက်တိုက်လေသည်။ မဟာဥပရာဇာကိုမြင်လျင် ဆင်ကို အပြင်းလွှတ်လာသဖြင့် ဇာပရိုးစားလည်း ဗြနရာဇ်လွှတ်လာသည်ကို တိုက်မည်ဟု ဆင်အား မျက်နှာအုပ်ထားသော ပုဆိုးကို ဖွင့်လိုက်ရာ ဗြနရာဇ်စီးသော ဆင်ကို မဝှေ့ပဲ နောက်သို့ပြန်၍ မဟာဥပရာဇာစီးသော ဆင်ကို ဝှေ့လေသည်။ သို့ကြောင့် မဟာဥပရာဇာလည်း အပန်းတကြီး တိုက်တော်မူရပြီးလျှင် ဆင်လဲလေသည်။ ထိုသို့လဲချိန်တွင် ယိုးဒယားက ပစ်သော စိန်ပြောင်းသင့်၍ ဆင်ဦးတွင်ပင် မဟာဥပရာဇာကျလေသည်။ ကုန်းလယ်စီးသော တုရင်ဗလသည် အမြောက်သင့်ကြောင်းကို သိလျှင် မဟာဥပရာဇာအား မ၍ ဆင်ကို ဆောက်ချုံသို့မှီ၍ နေစေသည်။ ဗြနရာဇ်လည်း မဟာဥပရာဇာဆုံးသည်ကို မသိသောကြောင့် မတိုက်ပဲ အမ်းနေသည်။ လက်ဝဲတွင်ရှိသော နတ်သျှင်နောင်က ဥပေါသထဆင်ကိုးစီး၍ တိုက်သည်။ ဗြနရာဇ်လည်းဆုတ်လေသည်။ ထိုသို့ ဆုတ်သည်ကို ပြည်ဘုရင်၊ တောငူဘုရင်၊ ဇင်းမယ်ဘုရင် စသော တပ်မှူးတို့က မြင်လျှင် ချွန်းဖွင့်ကာ လိုက်လေသည်။ ဗြနရာဇ်လည်း ဆုတ်၍ အယုဒ္ဓယမြို့တွင်းက ခုခံလေသည်။ ယင်းသို့ မဟာဥပရာဇာ ကျဆုံးသောကြောင့် စစ်မှူး စစ်ကဲတို့လည်း စုရံုး၍ ယိုးဒယားအား လုပ်ကြံမည်အရေးကို သတိုးဓမ္မရာဇာနှင့် တိုင်ပင်ကြလေသည်။ ထို့နောက် အထိန်းအကွပ်မရှိဖြစ်နေသောကြောင့် မြို့အား ဆက်လက်တိုက်ရန်မဖြစ်ချေ၊ ထို့ပြင် အလောင်းတော်အား နေပြည်တော်တွင် သင်္ဂြိုလ်တော်မူရန် ဆုံးဖြတ်ပြီး စစ်အားရုပ်သိမ်းကာ တောင်ငူသို့ ပြန်ကြလေသည်။[၁၆][၁၇][၁၆][၁၇]

ယိုးဒယား ရာဇဝင်မှတ်တမ်းပြင်ဆင်

 
ထိုင်းတို့၏ ဂုဏ်ပြုမှတ်တမ်းတင်ထားသည့် ဗြနရာဇ်နှင့် မင်းကြီးစွာတို့၏ နောင်စရိုင်တွင် ဖြစ်ပွားခဲ့သည့် စီးချင်းထိုးပွဲပုံ

ဤနေရာတွင် ယိုးဒယား ရာဇဝင်များ၌ မတူညီသည့် အဆိုလေးမျိုးအား တွေ့ရလေသည်။ ခေတ်စားသည့် ထိုင်းသမိုင်းသည် အယုဒ္ဓယရာဇဝင်မှလာသည့် အဆိုအား ဖော်ပြပေးသည်။ ယင်းအဆိုတွင် မဟာဥပရာဇာ ဦးဆောင်သည့် ဗမာတပ်များသည် ယိုးဒယားတို့၏ နောင်စရိုင်ခေါ် နေရာတိုင်အောင်း အတွင်းထိ ထိုးဖောက်တိုက်လေသည်။ ထိုနေရာတွင် ယိုးဒယားမင်း ဗြနရာဇ်နှင့် ညီတော် အိမ်ရှေ့မင်း ဗြဧကထို့စရို ဦးဆောင်သည့် ယိုးဒယားတပ်တို့နှင့် တိုက်ပွဲဖြစ်လေသည်။ ထိုနှစ်ဖက်တပ်တို့သည် ၁၅၉၃ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် တိုက်ကြလေသည်။ (မြန်မာရာဇဝင်တွင်ဖော်ပြသည့် နေ့ထက် ၁၀ ရက်နောက်ကြလေသည်)[note ၃]

မြန်မာတပ်တို့သည် ပထမတွင် ဆင်ခြေဖုံးအရပ်များအား သိမ်းပိုက်ထားနိုင်ခဲ့ပြီး ယိုးဒယားတပ်ဦးအား ချိုးလေသည်။ ဗြနရာဇ်၊ ဗြဧကထို့စရို (Ekathotsarot) နှင့် ယင်းတို့၏ သက်တော်စောင့်များလည်း ၎င်းတို့မြေတွင် ရပ်၍ တိုက်ပွဲဖွင့်လေသည်။[၁၈] သို့သော် အခြား ယိုးဒယားတပ်ဦးကျိုးသဖြင့် မင်းနှင့်အိမ်ရှေ့မင်းလည်း မြန်မာတပ်တို့၏ ဝန်းရံခြင်းခံရလေသည်။ ဤသို့ အသက်လုနေချိန်တွင် ဗြနရာဇ်လည်း ဆင်ထက်မှနေ၍ ယင်းအား တဦးချင်း စီးချင်းထိုးရန် တိုက်ရန် မင်းကြီးစွာကို ဖိတ်ခေါ်လေသည်။[၁၈][၁၉] ဤသို့ ယိုးဒယားမင်းနှစ်ပါးအား ဝန်းရံထားနိုင်သည့်တိုင်အောင် မင်းကြီးစွာသည် ထိုစီးချင်းထိုးရန် ဖိတ်ခေါ်မှုအား လက်ခံ‌လေသည်။ ထိုင်းသမိုင်းပညာရှင်တစ်ဦးလည်းဖြစ်သည့် မင်းသား ဒမ်ရောင် ရာဇနဟတ်၏ ယူဆချက်တွင် ဖော်ပြထားသည်မှာ ယင်းသို့ မြန်မာအိမ်ရှေ့မင်းသည် စီးချင်းထိုးသည်ကို လက်ခံရခြင်းမှာ "တော်ဝင်မင်းသားအဖြစ်မွေးဖွားလာချိန်တွင် အတူပါရှိလာသည့် မင်းတို့ဂုဏ်ယူဝင့်ကြွားမှု" ကြောင့်အပြင် မလက်ပဲ ပယ်ချပါက ရှက်ဖွယ်ဖြစ်လိမ့်ရမည်ကို စိုးရိမ်ခြင်းကြောင့်"ဟူ၍ ဖြစ်သည်။[၁၉] မည်သည့်နှုန်းထားနှင့်မဆို ထိုမင်းနှစ်ပါးနှင်း တပ်မှူးတို့လည်း စီးချင်းထိုးကြလေသည်။ မင်းကြီးစွာ၏ ဓားသည် ဗြနရာဇ်၏ ဦးဆောင်းအား ဖြတ်လေသည်ဆို၏။ သို့သော် ဗြနရာဇ်လည်း ပြန်လည်၍ အလျှင်အမြန် ခုတ်ရာ မင်းကြီးစွာအား ပိုင်မိသည်ဆို၏။ ထိုအချိန်တွင် ဗြဧကထို့စရို သည် ယင်း၏ ဆင်ထက်တွင် "မောင်ဇာချို"အမည်ရှိ စစ်ကဲနှင့် စီးချင်းထိုးကြရာ ထိုစစ်ကဲလည်း ကျလေသည် ဆို၏။ [၂၀]

ထိုအချိန်တွင် မြန်မာတပ်တို့လည်း စတင်ပစ်ခတ်လေရာ ယိုးဒယားမင်း ဗြနရာဇ်၏ ဆင်ထိန်းနှင့် ဗြဧကထို့စရို ၏ ကုန်းလယ်ထိန်းလည်း ကျလေသည်။ ကျည်သည် ယိုးဒယားမင်း၏ လက်ကိုပင် မှန်လေသည်။ ထိုအချိန် လက်မတင်ကလေးတွင် ယိုးဒယားတပ်ကူတို့ ရောက်ရှိလာကာ မင်းနှင့် အိမ်ရှေ့မင်းတို့အား ဘေးလွှတ်ရာသို့ ကူပြေးလေသည်။[၂၀]

မည်သို့ပင်ဆိုစေ ၁၆၄၇ ခုနှစ် ၁၆၉၀ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအကြောင်း ရေးသားထားသည့် ယိုးဒယားတို့၏ အစောဆုံး သမိုင်းမှတ်တမ်းနှစ်ခုအပါဝင် အခြားယိုးဒယားမှတ်တမ်းများတွင် ဗြနရာဇ်နှင့် မဟာဥပရာဇာ မင်းကြီးစွာတို့ တိုက်ပွဲအကြောင်းကို ဖော်ပြထားခြင်းမရှိချေ။[၂၁]

စိစစ်ကြည့်ခြင်းပြင်ဆင်

ဘီဂျေတာဝီး ၏ အဆိုအရ ဥရောပ နှင့် ပါရှန်း စာရေးဆရာများ( ယိုးဒယား ၄၊ မြန်မာ ၁၊ ၁၆ ရာစုနှောင်းပိုင်းနှင့် ၁၇ ရာစုနှောင်ပိုင်း ဥရောပမှတ်တမ်းများနှင့် ၁၇ ရာစုနှောင်းပိုင်း ပါရှန်းမှတ်တမ်းတစ်ခု) အပါအဝင် ဒေသခံတို့၏ မှတ်တမ်းများအရ ထိုတိုက်ပွဲအကြောင်း မတူညီသည့် မှတ်တမ်းများမှာ ဆယ်ခုခန့်ရှိခဲ့သည်။ [၂၂]ယိုးဒယားတော်ဝင်ရာဇဝင်တော်ကြီး တစ်ခုထဲတည်းသာ ဗြနရာဇ်နှင့် မင်းကြီးစွာတို့၏ တစ်ဦးနှင့်တစ်ဦး စီးချင်းထိုးပွဲအကြောင်း ရေးသားထားသည်။ တာဝီး၏ ထို မှတ်တမ်းဆယ်ခုအား စိစစ်ချက်အရ မင်းကြီးစွာနှင့် ဗြနရာဇ်တို့သည် ဆင်ထက်တွင် တိုက်ပွဲဖြစ်ခဲ့ကြသော်လည်း ထိုသို့ မင်းနှစ်ပါးတည်း တရားဝင် စီးချင်းထိုးသည့် အကြောင်းမှာမရှိခဲ့ချေ။ [၂၃] တာဝီးအဆိုအရ "အထူးသဖြင့် ယုံရခက်သည်မှာ မင်းကြီးစွာအနေဖြင့် ထို စီးချင်းထိုးပွဲအား လက်ခံလိုက်ခဲ့လျှင် ထိုအထိ အခက်အခဲမရှိ အလွန်ခရီးပေါက်လာသည့် အကုန်အကျများသော ကျူးကျော်မှုအား ထိခိုက်ခဲ့လိမ့်မည်ကို လက်ခံပြီးသား ဖြစ်သွားလိမ့်မည်ဖြစ်သည်"။ [၂၄]တိုက်ပွဲအတွင်း ဗြနရာဇ်၏ ဆင်သည် မြန်မာတပ်တို့၏ ဝန်းရံခြင်း ခံထားခဲ့ရသည်။ ဤသို့ အတိမ်းအစောင်းမခံနိုင်သည့် အချိန်တွင် မြန်မာတို့၏ တိုက်ဆင်သည် မုန်ယိုပြီး မင်းကြီးစွာ၏ ဆင်အား တိုက်ခိုက်လေသည်။ ထိုတွင်မြင်ရသည်မှာ မင်းကြီးစွာသည် အခက်ခဲကြားတွင် ရှိနေခဲ့သည်။ ဗြနရာဇ်သည် (သို့မဟုတ် သူနှင့် အတူဆင်စီးနေသည့် စစ်သည်များ မှ တစ်ဦး၊ ပေါ်တူဂီစစ်သည်တဦးဖြစ်နိုင်) "အနီးသို့ကပ်ပြီးလျင် သေနတ်ဖြင့် ပစ်ခတ်သောကြောင့်" မင်းသားလည်း သေလုနီးပါး ဒဏ်ရာရလေသည်။[၂၅] ဗြနရာဇ်လည်း ထိုသို့ "အလွန်အန္ထရာယ်များလှသည့်အချေအနေမှ ကံကောင်းထောက်မှစွာထွက်ပြေးလွတ်မြောက်လာခဲ့ရ"သည့်အပြင် ထိုအချေအနေကို လျင်မြန်စွာ အခွင့်ကောင်းယူနိုင်ခဲ့ခြင်းဖြစ်လေသည်။[၂၆] တာဝီးဆိုသည်မှာ "မြန်မာနှင့် ဥရောပသမိုင်းမှတ်တမ်းများသည် အမှန်တကယ်ဖြစ်ပျက်ခဲ့သည်များနှင့် အနီးစပ်ဆုံး တူညီသည်"နှင့် "ဗြနရာဇ်၏ တစ်ဦးချင်းစီးချင်းထိုးရန် ထပ်တလဲလဲစိန်ခေါ်မှုများအကြောင်းသည် မြောက်များစွာသော ထိုင်းသမိုင်းစာအုပ်များစွာပေါ် စိုးမိုးထားသော်လည်း ဒဏ္ဍာရီပုံပြင်တစ်ခုကဲ့သို့ ချောင်ထိုးလိုက်သင့်သည်" ဟူ၍ဖြစ်လေသည်။[၂၅]

စစ်ပြီးနောက်ပြင်ဆင်

သမိုင်းတို့ မည်သူပင်ကွဲပြားမှုများ ရှိနေကာမူ ထိုစစ်ပွဲသည် အယုဒ္ဓယအနီး၌ ဖြစ်ပွားခဲ့ပြီး မဟာဥပရာဇာသည် တိုက်ပွဲအတွင်း ကျလေသည်၊ ထို့နောက် မြန်မာစစ်သည်တို့လည်း တပ်ဆုတ်ပြန်ခဲ့ကြသည်ကို မြန်မာ နှင့် အယုဒ္ဓယသမိုင်းဆရာတို့က တညီတညွှတ်တည်းဆိုကြသည်။ ထိုစစ်ပွဲသည် ပဲခူးသားတို့ အယုဒ္ဓယအား တိုက်ခိုက်သည့် နောက်ဆုံးစစ်ပွဲဖြစ်သည်။ အယုဒ္ဓယ၏ လွတ်လပ်ရေးသည်လည်း သေချာခဲ့ပြီ၊ ထိုမှနောင်နှစ်ပေါင်း ၁၂နှစ်ခန့်အကြာ မြန်မာသည်လည်း ခံစစ်အနေအထားတွင်သာ ရှိလိမ့်မည်ဖြစ်သည်၊ နှစ်သုံးဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် စစ်စားပွဲ အလှည့်အပြောင်းပင်ဖြစ်လေသည်။

သက္ကရာဇ် ၁၅၉၃ခုနှစ် ဖေဖော်ဝါရီလ တွင် မင်းကြီးစွာ ရုပ်အလောင်းအား ဟံသာဝတီသို့ ပြန်လည်သယ်ဆောင်လာခဲ့၏။[၂၇] သမိုင်းတွင် ဆိုသည်ကား နန္ဒဘုရင်သည် သားတော်နတ်ရွာစံသောကြောင့် ကြီးစွာ ပူဆွေးရပြီး မဟာဥပရာဇာ၏ ရုပ်အလောင်းအား ကမ္ဘောဇသာဒီ ရွှေနန်းတော်ရှေ့၌ မင်းခမ်းမင်းနား ကြီးစွာကျင်းပ၍ သင်္ဂြိုဟ်လေသည်ဟူ၏။[၂၈] ထိုမင်းသား နတ်ရွာစံချိန်၌ သက်တော် ၃၄ နှစ်သာရှိသေးသည်။ နှလုံးပူဆွေးလှသော မင်းကြီးသည် ၉ လခန့်အကြာ စောင့်ပြီးနောက် သက္ကရာဇ် ၁၅၉၃ ဒီဇင်ဘာလ ၂၉ (ခေတ်ဟောင်း-ဒီဇင်ဘာ ၁၉) တွင် သားတော်ငယ် မင်းရဲကျော်စွာအား အိမ်ရှေ့အရာပေးလေသည်။[၂၉]

ကိုယ်ပိုင်ဘဝပြင်ဆင်

မင်းကြီးဆွေ၏ ပထမမိဖုရားမှာအင်းဝဘုရင် သတိုးမင်းစောနှင့် အင်းဝမိဖုရားတို၏ သမီးတော်တစ်ဦးဖြစ်သည့် နတ်သျှင်မယ်တော်ဖြစ်ပြီး မောင်နှစ်မနှစ်ဝမ်းကွဲတော်၏။ ယင်းမိဖုရားသည် မင်းကြီးဆွေ အိမ်ရှေ့မင်းအဖြစ် မြှောက်စားခံရသည့် ၁၅၈၁ ခုနှစ်ကတည်းကပင် မိဖုရား ဖြစ်လာသည်။ ရာဇဝင်တော်ကြီးအရ မင်းကြီးဆွေသည် ယင်း၏ အဒေါ်ဖြစ်သူ ရာဇဓာတုကလျာမင်းသမီး(မင်းကြီးဆွေထက် ၁ နှစ်ငယ်သည်) အပေါ်တွင် မေတ္တာသက်ဝင်နေသည့်အလျောက် ထိုမင်းသမီးနှင့်သာ အချိန်ကုန်နေပြီးလျင် မိဖုရားဖြစ်သူ နတ်သျှင်မယ်တော်အပေါ်ဝယ် ဂရုဏာမေတ္တာ များစွာမထားပဲရှိလေသည်။ ထိုအကြောင်းကို နတ်သျှင်မယ်တော်လည်း ခမည်းတော်နှင့် မယ်တော်အား တိုင်တမ်းသည့်အတွက် နန္ဒဘုရင်နှင့် အင်းဝမင်းတို့ စစ်ခင်းကြရလေသည်။ ထိုစစ်ပွဲသည် ၁၅၈၄ အင်းဝပုန်ကန်မှုဆီသို့ ဦးတည်သွားလေသည်။

မင်းကြီးဆွေလည်း ရာဇဓာတုကလျာအား ဆက်လက်ပိုးပမ်းနေခဲ့ပြီး မင်းသမီးလည်း ဆက်လက် ငြင်းဆန်နေခဲ့သည်။ အစ်ကိုတော်သူ နန္ဒဘုရင်က ထိုမင်းသမီးအား အကာအကွယ်ပေးထားခဲ့လေသည်။ သို့သော် ၁၅၈၆ အောက်တိုဘာလတွင် နန္ဒဘုရင်သည် ယိုးဒယားသို့ တတိယအကြိမ်မြောက် သွားရေက်သိမ်းပိုက်ချိန်တွင် မင်းကြီးဆွေလည်း ရာဇဓာတုကလျာအား မိဖုရားမြှောက်ပြီး နတ်သျှင်မယ်တော်နှင့် ကွာရှင်းရန် ကြိုးပမ်းလေသည်။ ၁၅၈၇ ခုနှစ် ဇွန်လပိုင်းတွင် နန္ဒဘုရင်လည်း စစ်ရှုံး၍ ပဲခူးသို့ ပြန်လည်ရောက်ရှိချိန်တွင် မိမိမရှိချိန်တွင် ဖြစ်ပျက်ခဲ့သည်များကို ကြားသိရပြီးနောက် အလွန် စိတ်ဆင်းရဲခဲ့ရသည်။ သို့သော်လည်း ၎င်းတို့ကွာရှင်းရန်ကိစ္စကိုးကား ခွင့်မပြုခဲ့ပေ။ ဓာတုကလျာသည်လည်း မင်းကြီးစွာနတ်ရွာစံသည်အထိ ယင်း၏ မိဖုရားအဖြစ် နေထိုင်ခဲ့သည်။

မှတ်စုပြင်ဆင်

  1. (Ohn Shwe 1966: xxviii): Sunday, 2nd waning of Nadaw 920 ME = 27 November 1558 per a contemporary poem မဟာဥပရာဇာ ဧချင်း by Thinkhaya, Governor of Talote about the early life of Mingyi Swa.
  2. (Hmannan Vol. 3 2003: 73): Sunday, 5th waning of Tazaungmon 943 ME = 15 October 1581
  3. (Damrong 2001: 128): Monday, 2nd waning of the second Siamese month 954 CS = Monday, 18 January 1593 NS.

ကိုးကားအညွှန်းများပြင်ဆင်

  1. Maha Yazawin Vol. 3 2006: 103
  2. Lieberman 2003: 152
  3. Aung-Thwin and Aung-Thwin 2012: 134
  4. Lieberman 2003: 154–155, 161
  5. Lieberman 2003: 154–155
  6. ၆.၀ ၆.၁ Harvey 1925: 181–182
  7. Hmannan Vol. 3 2003: 79–80
  8. ၈.၀ ၈.၁ Phayre 1967: 121
  9. Late Tagu 947 ME = 20 March 1586 to 8 April 1586 NS
  10. ၁၀.၀ ၁၀.၁ Hmannan Vol. 3 2003: 81–82
  11. Hmannan Vol. 3 2003: 84
  12. Hmannan Vol. 3 2003: 85–86
  13. (Hmannan Vol. 3 2003: 90): 12th waning of Tazaungmon 952 ME = 24 November [O.S. 14 November] 1590
  14. Maha Yazawin Vol. 3 2003: 90
  15. Maha Yazawin Vol. 3 2006: 93
  16. ၁၆.၀ ၁၆.၁ Hmannan Vol. 3 2003: 94
  17. ၁၇.၀ ၁၇.၁ Maha Yazawin Vol. 3 2006: 94
  18. ၁၈.၀ ၁၈.၁ Wyatt 2003: 88–89
  19. ၁၉.၀ ၁၉.၁ Damrong 2001: 131
  20. ၂၀.၀ ၂၀.၁ Damrong 2001: 132
  21. Terwiel 2013: 22–23, 29
  22. Terwiel 2013: 30
  23. Terwiel 2013: 22–25
  24. Terwiel 2013: 31–32
  25. ၂၅.၀ ၂၅.၁ Terwiel 2013: 33
  26. Terwiel 2013: 34
  27. (Hmannan Vol. 3 2003: 95): Tabaung 954 ME = 31 January 1593 to 1 March 1593 NS
  28. Hmannan Vol. 3 2003: 95
  29. (Maha Yazawin Vol. 3: 95): Wednesday, 8th waxing of Pyatho 955 ME = 29 December 1593

ကိုးကားရင်းမြစ်ပြင်ဆင်

  • Aung-Thwin၊ Michael A.; Maitrii Aung-Thwin (2012)။ A History of Myanmar Since Ancient Times (illustrated ed.)။ Honolulu: University of Hawai'i Press။ ISBN 978-1-86189-901-9
  • Prince Damrong Rajanubhab (1928)။ Chris Baker (ed.)။ Our Wars with the Burmese: Thai–Burmese Conflict 1539–1767။ ဘာသာပြန်သူ Aung Thein (2001 ed.)။ Bangkok: White Lotus။ ISBN 974-7534-58-4
  • Harvey၊ G. E. (1925)။ History of Burma: From the Earliest Times to 10 March 1824။ London: Frank Cass & Co. Ltd။
  • Htin Aung၊ Maung (1967)။ A History of Burma။ New York and London: Cambridge University Press။
  • Kala (1724)။ မဟာရာဇဝင်ကြီး (မြန်မာဘာသာစကားဖြင့်)။ 1–3 (2006, 4th printing ed.)။ Yangon: Ya-Pyei Publishing။CS1 maint: unrecognized language (link)
  • Lieberman၊ Victor B. (2003)။ Strange Parallels: Southeast Asia in Global Context, c. 800–1830, volume 1, Integration on the Mainland။ Cambridge University Press။ ISBN 978-0-521-80496-7
  • Ohn Shwe၊ U; Natshinnaung (1920)။ Natshinnaung Yadu Collection (မြန်မာဘာသာစကားဖြင့်) (1966, 3rd printing ed.)။ Yangon: Hanthawaddy။CS1 maint: unrecognized language (link)
  • Phayre၊ Lt. Gen. Sir Arthur P. (1883)။ History of Burma (1967 ed.)။ London: Susil Gupta။
  • Ratchasomphan (Sænluang.) (1994)။ David K. Wyatt (ed.)။ The Nan Chronicle။ SEAP Publications။ ISBN 9780877277156
  • Royal Historical Commission of Burma (1832)။ မှန်နန်းရာဇဝင် (မြန်မာဘာသာစကားဖြင့်)။ 1–3 (2003 ed.)။ Yangon: Ministry of Information, Myanmar။CS1 maint: unrecognized language (link)
  • Terwiel, Barend Jan (2013). "What Happened at Nong Sarai? Comparing Indigenous and European Sources for Late 16th Century Siam" 101. 
  • Wyatt၊ David K. (1998)။ David K. Wyatt, Aroonrut Wichienkeeo (translators) (ed.)။ The Chiang Mai Chronicle (illustrated ed.)။ Silk Worms Books။ ISBN 978-9747100624
  • Wyatt၊ David K. (2003)။ Thailand: A Short History (2 ed.)။ Yale University Press။ ISBN 978-0-300-08475-7