ယောနယ်
ယောနယ်သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၏ အနောက်ဘက်ပိုင်းတွင် တည်ရှိပြီး ပုံတောင်ပုံညာတောင်တန်းနှင့် ချင်းတောင်တန်းများကြားတွင် တည်ရှိသည်။ ယောဒေသသည် ခေတ်ကာလအလိုက် ပြောင်းလဲလာခဲ့ရာ ယခုအခါ ဂန့်ဂေါခရိုင်အဖြစ် အဓိကအားဖြင့် သိရှိကြသည်။ ဂန့်ဂေါခရိုင်တွင် ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်နှင့် မြို့နယ်ခွဲဖြစ်သော ကျောက်ထုမြို့တို့ ပါဝင်သည်။
သမိုင်းကြောင်း
ပြင်ဆင်ရန်ယောဒေသ၌ အစောဆုံးပေါ်ထွန်းခဲ့သော မြို့မှာ ထီးလင်းမြို့ ဖြစ်သည်။ ထီးလင်းမြို့ကို ပုဂံခေတ်ကတည်းက ပုဂံမင်းတစ်ပါးက ခံတပ်မြို့အဖြစ် တည်ဆောက်ခဲ့သောကြောင့် ပုဂံခေတ်မှစ၍ မြို့ဖြစ်လာခဲ့သည်။ ကိုလိုနီခေတ်မတိုင်မီ ထီးလင်းနယ်သည် အင်အားတောင့်တင်းခဲ့သည်။
နောက်ပိုင်းတွင် ဒေသခံအချို့သည် ရေကြည်ရာ မြက်နုရာသို့ ပြောင်းရွှေ့ရင်း ဂန့်ဂေါနယ်သို့ ရောက်ရှိလာခဲ့ကြသည်။ လူနေထူထပ်သော ရွာကြီးများ ပေါများလာခြင်းသည် ဂန့်ဂေါမြို့အတွက် ကျောထောက်နောက်ခံနယ် အားကောင်းလာစေခဲ့သည်။ ဂန့်ဂေါမြို့သည် ၎င်း၏ ပထဝီအနေအထား ကောင်းမွန်ခြင်းနှင့် ဒေသခံများ၏ လုံ့လဝီရိယ၊ တီထွင်ဉာဏ်ရှိခြင်းတို့ကြောင့် ယခုအခါ ယောမြို့တော်အဖြစ် ထီးလင်းမြို့ကို ကျော်လွန်ကာ ခရိုင်အဆင့်သို့ ရောက်ရှိလာခဲ့သည်။ ဂန့်ဂေါမြို့နယ်သည် ယောဒေသ၏ မြောက်ဘက်အစွန်ဆုံးတွင် တည်ရှိပြီး ခရိုင်တစ်ခုလုံးတွင် အကြီးဆုံးမြို့နယ် ဖြစ်သည်။
ရှေးအခါကမူ ယောဒေသကို “ယောနကတိုင်း” ဟူသော အမည်ဖြင့်လည်း ခေါ်ဝေါ်ခဲ့ပြီး သကျသာကီဝင် အဆက်အနွယ်တို့ အစပြုနေထိုင်ခဲ့သည်ဟု ဆိုကြသည်။ ယောနကတိုင်း၏ နယ်နိမိတ်မှာ မြောက်ဘက်တွင် ကသည်းပြည်၊ အက္ကပတ်ပြည်၊ ရှမ်းပြည်မိုင်းလွန်အထိ၊ အရှေ့ဘက်တွင် မြောက်ပိုင်းသောင်သွပ်၊ ဖောင်းပြင်မှ သလ္လာဝတီမြစ်ရိုးတစ်လျှောက် ဧရာဝတီမြစ်ဆုံအထိ၊ တောင်ဘက်တွင် မန္တာတောင်အထိ၊ အနောက်ဘက်တွင် နာဂရာဇ်တောင်ရိုးမှ ဖိုးခေါင်တောင်၊ ယမုနာမြစ်အနီးအထိ ကျယ်ဝန်းသည်ဟု ဆိုသည်။ ယောနကတိုင်းတွင် ထင်ရှားသောမြို့ကြီးများမှာ ကလေးမြို့၊ တိမ်ညင်းမြို့၊ ရာဇဂြိုဟ်ဟု ကလေးဘုံမြို့၊ ယောမြို့၊ ဆောမြို့၊ လောင်းရှည်မြို့၊ ထီးလင်းမြို့တို့ ဖြစ်သည်။ ဗုဒ္ဓဘာသာလည်း ထွန်းကားခဲ့သည်။
ယောတွင်းနယ်ဟုလည်း ခေါ်ဝေါ်ခဲ့သော ဤဒေသတွင် ယောမြို့နယ်နှင့် လောင်းရှည်မြို့နယ်တို့ ပါဝင်ခဲ့သည်။ ယောတွင်းနယ်၏ အရှေ့ဘက်တွင် ပေါက်နယ်နှင့် ပခုက္ကူနယ်၊ မြောက်ဘက်တွင် ပေါက်နယ်၊ အနောက်ဘက်တွင် ချင်းတောင်တန်း၊ တောင်ဘက်တွင် မင်းဘူးခရိုင်တို့ တည်ရှိသည်။ နယ်မြေဒေသများကို ပြန်လည်စီစဉ်ပြီးနောက်တွင် ပခုက္ကူခရိုင် အနောက်ပိုင်း၌ တောင်နှင့်မြောက်စီတန်းလျက်ရှိသော ဆော၊ ထီးလင်း၊ ဂန့်ဂေါဟူ၍ မြို့နယ်သုံးခု တည်ရှိလာခဲ့ပြီး ယင်းတို့ကို ယောတောင်တန်းမြို့နယ်များဟု ခေါ်ဝေါ်လာကြသည်။ ထိုအခါ ယောမြို့နယ်သည် ဆောမြို့နယ်တွင် ပါဝင်သွားခဲ့ပြီး ယောလေးမြို့တွင် ပါဝင်ခဲ့သော ယောမြို့နှင့် လောင်းရှည်မြို့တို့မှာ ယခုအခါ လူနေအိမ်ခြေ မစည်ကားသော ရွာကြီးများအဖြစ်သာ တည်ရှိတော့သည်။
ပထဝီဝင်
ပြင်ဆင်ရန်ယောနယ်သည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၏ အနောက်ပိုင်းနှင့် ချင်းတောင်တန်းကြီး၏ အရှေ့ဘက်တွင် တည်ရှိသည်။ ယောချောင်းသည် အနောက်ဘက် ချင်းတောင်တန်း၌ မြစ်ဖျားခံ၍ ဧရာဝတီမြစ်ထဲသို့ ဆိပ်ဖြူမြို့အနီးတွင် စီးဝင်သည်။ ယင်း၏ ထင်ရှားသော မြစ်လက်တက်မှာ ကျောချောင်းဖြစ်ပြီး ပေါက်မြို့အနီး၌ ပေါင်းဆုံကြသည်။ ပခုက္ကူခရိုင် အနောက်ပိုင်းတွင် ယောချောင်းနှင့် ယင်း၏မြစ်လက်တက်များ စီးဆင်းရာ မြစ်ဝှမ်းဒေသကို ယောနယ်အဖြစ် သိမှတ်ထားကြသည်။
ယောနယ်တွင် တောင်ကုန်း၊ တောင်တန်း၊ ချိုင့်ဝှမ်း၊ မြစ်ချောင်းများ ပေါများခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲခဲ့သည်။ ယောချောင်း ရေဆင်းနယ်အတွင်း ချင်းတောင်တန်း၊ ယောချောင်းနှင့် မောချောင်းအကြားရှိ ရေဝေကုန်းတန်းတို့တွင် ကျွန်းသစ်တောများ ပေါက်ရောက်သည်။ ယောသစ်တောတိုင်းမှ သန်းသစ်နှင့် ရှားစေးအမြောက်အမြား ထွက်ရှိသည်။ မောချောင်းနှင့် မြစ်သာမြစ်တို့သည် သစ်မျှောရန်အတွက် အသုံးဝင်သည်။
လူဦးရေနှင့် ယဉ်ကျေးမှု
ပြင်ဆင်ရန်ယောနယ်တွင် ယောလူမျိုး၊ ချင်းလူမျိုးနှင့် တောင်သားလူမျိုးတို့ နေထိုင်ကြသည်။ ယောလူမျိုးတို့သည် ပျူ-ချင်းစပ်အနွယ်ဝင်များဖြစ်ပြီး ဒေသအလိုက် ထုံးဓလေ့နှင့် စကားအသုံးအနှုန်းတို့ ခြားနားမှုရှိသည်။ ၎င်းတို့သည် ဂန့်ဂေါနှင့်ယောတွင် အများဆုံးနေထိုင်ကြသည်။ တောင်သားလူမျိုးတို့သည် ချင်းနှင့်ပျူသွေးစပ်ထားသည့် ချင်းအနွယ် (Rungtu-Chin) များဖြစ်ပြီး ဂန့်ဂေါ၊ ထီးလင်း၊ ယော၊ ဆော စသည့်နယ်များ၏ အတွင်းပိုင်း တောင်ခြေကျေးရွာများတွင် နေထိုင်ကြသည်။ ၁၉၅၆ ခုနှစ် ခန့်မှန်းခြေ သန်းခေါင်စာရင်းအရ ဆောမြို့နယ်တွင် လူဦးရေ ၃၈,၀၁၉ ယောက်ရှိပြီး ယောမြို့ရှိ လူဦးရေမှာ ၄၂၅ ယောက်ခန့် ဖြစ်သည်။
ယောသံဟုခေါ်သော ယောသူယောသားများ၏ စကားသည် ထင်ရှားသော ဒေသိယစကားဖြစ်သည်။ ဤဒေသခံတို့၏ စကားလုံးဖန်တီးပုံမှာ စံမြန်မာစကားနှင့် မတူဘဲ ရှေးသုံးစကားလုံးများ၊ အထူးသဖြင့် ပုဂံခေတ်စကားလုံးများကို ထိန်းသိမ်းပြောဆိုနေသည်ကို ကြိယာစကားလုံးများမှတစ်ဆင့် လေ့လာတွေ့ရှိရသည်။ ဥပမာအားဖြင့် "တုတ်ချောင်း" ကို "တုတ်ခလောင်း" ဟု ပြောဆိုခြင်းသည် ပုဂံခေတ် ကျောက်စာရေးထုံးအတိုင်း ရှေးခေတ် "တုတ်ခ္လောင်း" ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် ဘာသာစကားထိတွေ့မှု နည်းပါးခြင်းတို့ကြောင့် ရှေးမြန်မာစကားကို နှစ်ပေါင်းများစွာ ထိန်းသိမ်းပြောဆိုနေသည်ကို တွေ့ရပြီး ပေါရာဏစကားဝင် စကားလုံးအတော်များများကို သက်ကြီးရွယ်အိုများက ယနေ့တိုင် ပိုမိုပြောဆိုနေဆဲဖြစ်သည်။ စကားသံကွဲပြားမှုကြောင့် အခြားဒေသရှိလူများက တိုင်းရင်းသားလူမျိုးခြား၊ ဘာသာခြားဟု ထင်မှတ်စရာ အကြောင်းဖြစ်ခဲ့သည်။
စီးပွားရေးနှင့် ထင်ရှားသော ထွက်ကုန်များ
ပြင်ဆင်ရန်ယောနယ်တွင် မိုးခေါင်ရေရှားရပ်ဝန်း အသီးအနှံပင်များကို မြစ်မှရေသွင်း၍ စိုက်ပျိုးကြသည်။ ဆေးလိပ်လိပ်ရန်အတွက် ယောဖက်ဟု ခေါ်သော ပြောင်းဖူးဖက်သည် ထင်ရှားသော ထွက်ကုန်ဖြစ်ပြီး ပခုက္ကူမြို့မှတစ်ဆင့် အရပ်ရပ်သို့ တင်ပို့ရောင်းချသည်။
ယောလုံချည် ရက်လုပ်သည့် လုပ်ငန်းကြောင့်လည်း ယောနယ်သည် ထင်ရှားသည်။ ယောလုံချည်၏ မွေးဖွားရာဒေသမှာ ဂန့်ဂေါခရိုင်ပင် ဖြစ်သည်။ ကောဇာသက္ကရာဇ် ၁၃၂၀ ခုနှစ် မတိုင်မီကပင် ရက်ကန်းရက်လုပ်ခြင်း ထွန်းကားခဲ့ရာ နောက်ပိုင်းတွင် ယောလုံချည်များ စတင်ရက်လုပ်လာခဲ့ကြသည်။ ချည်မျှင်ကောင်း မထုတ်နိုင်ခြင်းကြောင့် အိန္ဒိယမှ တင်သွင်း၍ ရက်လုပ်ခဲ့ကြသည်။ အရောင်ရရှိရန် မဲနယ်ပင်စိုက်ပျိုး၍ မဲနယ်ရွက်ကို ဆေးစပ်ကာ လှောင်ထားရပြီး ပခုက္ကူဘက်မှ လာသော ဆေးဆိုးသမားများထံမှ အရောင်မျိုးစုံကို ရရှိခဲ့သည်။ ပထမဆုံး တီထွင်ခဲ့သည့် အပွင့်အဆင်များမှာ "မင်းကြီး"၊ "ကောင်စီ"၊ "ချည်ကွင်း" အဆင်များဖြစ်သည်။ ယခုအခါ ယောလုံချည်များကို ဒီဇိုင်းစုံ၊ အဆင်စုံ၊ အရောင်စုံ တွေ့ရနိုင်သည်။ ယောလုံချည်တွင် အကွင်းကို ကန့်လန့်ဖြတ်ထားသော "GANGAW SPECIAL" အသားတံဆိပ်သည် မပြောင်းလဲဘဲ အစဉ်အမြဲ ရပ်တည်နေသော တံဆိပ်ဖြစ်သည်။ ယခုအခါ လုံချည်သာမက အင်္ကျီ၊ လွယ်အိတ်များပါ ရက်လုပ်နေကြသည်။ နာမည်ကြီး လုံချည်တံဆိပ်များကပင် ယောလုံချည်၏ မူရင်းဒီဇိုင်းကို အတုခိုး၍ စက်ဖြင့် ရက်လုပ်ကြသော်လည်း အိန္ဒိယမှ တင်သွင်းသော ချည်သားနှင့် ယောသူယောသားတို့၏ ရက်ကန်းအတတ်ဖြင့် ပေါင်းစပ်ထားသော အရည်အသွေးကိုမူ မမှီနိုင်ပေ။ ယောလုံချည်နှင့် ပင်နီအင်္ကျီဝတ်စုံသည် မြန်မာနိုင်ငံတွင် ဝံသာနုစိတ် တက်ကြွနေချိန်က ခေတ်အလိုက် လူကြိုက်များသော ဝတ်စုံဖြစ်ခဲ့ပြီး ယခုထက်တိုင်လည်း နှစ်သက်စွာ ဝတ်ဆင်ကြသည်။
ထင်ရှားသော ပုဂ္ဂိုလ်များနှင့် ဘာသာရေး
ပြင်ဆင်ရန်ယောဒေသ၊ ဂန့်ဂေါမြို့နယ်မှ အရှင်သုစိဏ္ဏ (ဂျပန်နိုင်ငံ ဗုဒ္ဓသာသနာပြု)၊ အရှင်သိရိန္ဒာဘိဝံသ (ယောဆရာတော်)၊ (ဘဒ္ဒန္တဣန္ဒာစရိ) ရေကြည်စမ်းတောရဆရာတော်၊ ဘဒ္ဒန္တပညာဒီပ (မြင်သားတောရဆရာတော်) ကဲ့သို့သော ထင်ရှားသည့် ဆရာတော်ကြီးများ ပေါ်ထွန်းခဲ့ခြင်းကို ဆန်းစစ်လေ့လာခြင်းဖြင့် ဤဒေသခံများ၏ ကိုးကွယ်ယုံကြည်မှုကို သိရှိနိုင်သည်။ ယောနယ်၏ ကျက်သရေဆောင် ဘုရားစေတီများမှာ ယောမြို့ ကျောင်းကြီးရှင်ချစ်စေတီ (ကြောင်ကြီးရှင်ချစ်)၊ လောင်းရှည်မြို့ သိန်းကျင်းရှေတန်ဆာဘုရား၊ ဂန့်ဂေါ ရွှေပြည်ဆိပ်ဦးဘုရားနှင့် မင်းရွာ မြသိန်းတန်စေတီ တို့ဖြစ်သည်။
အထင်အမြင်လွဲမှားမှုများနှင့် စစ်ရေးသက်ရောက်မှုများ
ပြင်ဆင်ရန်ယောဒေသသည် မှော်၊ ကဝေ၊ စုန်းကဲ့သို့သော အောက်လမ်းပညာများနှင့် ထင်ရှားသည်ဟု အများစုက ယုံကြည်နေကြဆဲဖြစ်သည်။ သို့သော် ဤယုံကြည်ချက်မှာ မှားယွင်းသည်။ ရှေးအခါက ယောဒေသ၏ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် ဒေသခံများ၏ ရိုးသားမှုကို အခွင့်ကောင်းယူလျက် မသမာသူအချို့က အချောင်နှိုက်ခဲ့ကြသည်။ ငွေကြေးရရှိရန်အတွက် ဝတ္ထုစာအုပ်၊ သီချင်း၊ ရုပ်ရှင်၊ ဇာတ်လမ်းများကို ဖန်တီးကာ "ယော" ဟူသော နာမည်ကို အမည်းရောင် ဖုံးစေခဲ့ခြင်းသာဖြစ်သည်။ အောက်လမ်းနည်းပညာဆိုသည်မှာ ယော၏ သီးခြားပညာမဟုတ်ပေ။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၏ ဆိုးကျိုးများကို ယောသူယောသားတို့ ခံစားခဲ့ကြရသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် မြန်မာ့တပ်မတော် သဘောထားကွဲလွဲကာ ကွဲပြားသွားချိန်တွင် "ရဲဘော်နီ" (အလံနီ) များ၏ တောခိုရာ ဌာနချုပ် ဖြစ်လာခဲ့ရာ အရိုးခံရှိသော ယောသားတို့သည် မြေစာပင် ဖြစ်ခဲ့ကြသည်။ အဆိုးဆုံး ဖြစ်ရပ်မှာ ထီးလင်းမြို့နယ် ဆင်စွယ်ရွာသားများကို ရွာပြင်ထုတ်၍ နွားထမ်းပိုးကြိုး၊ ထမ်းပိုးကျက် (ဒုတ်ချောင်း) ကိုယ်စီဖြင့် ရိုက်သတ်ခံခဲ့ရခြင်းဖြစ်သည်။ ယောဒေသသည် နာမည်ဆိုးဖြင့် ထင်ပေါ်ခဲ့သကဲ့သို့ နာမည်ကောင်းဖြင့်လည်း ရပ်တည်နိုင်ခဲ့သည်။