သပိတ်ကျင်းမြို့သည် မြန်မာနိုင်ငံအထက်ပိုင်းမန္တလေးတိုင်းဒေသကြီးသပိတ်ကျင်းခရိုင်တွင်ပါဝင်သော သပိတ်ကျင်းမြို့နယ်၏ မြို့ပိုင်ရုံးစိုက်ရာမြို့ဖြစ်သည်။ ဧရာဝတီမြစ်၏ ဝဲဘက်ကမ်းပေါ်၌ရှိသော သင်္ဘောဆိပ်မြို့ တစ်မြို့လည်းဖြစ်သည်။

သပိတ်ကျင်းမြို့
မြို့
သပိတ်ကျင်းမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
သပိတ်ကျင်းမြို့
သပိတ်ကျင်းမြို့
သပိတ်ကျင်းမြို့ တည်နေရာ
ကိုဩဒိနိတ်: 22°53′0″N 95°58′25″E / 22.88333°N 95.97361°E / 22.88333; 95.97361
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး မန္တလေး
ခရိုင်သပိတ်ကျင်းခရိုင်
မြို့နယ်သပိတ်ကျင်းမြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

မိုးပါးရေရှားရပ်ဝန်းဒေသ၏ မြို့တစ်မြို့ဖြစ်၍ ရာသီဥတုပူပြင်းခြောက်သွေ့သည်။ တစ်နှစ်ပတ်လုံး မိုးရေချိန် ၄၄ လက်မခန့်သာရရှိသည်။ ကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများနှင့်နီးစပ်၍ ကူးလူးဆက်ဆံမှုများပြားသော်လည်း မြို့ပေါ်တွင်နေထိုင်ကြသူများသည် မြန်မာလူမျိုးများသာလျှင်၊အများစုဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်ရှိ လူဦးရေမှာ ၅,၆၃၀ ယောက်[၁] ဖြစ်သည်။

ဗြိတိသျှအစိုးရတို့ အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးစအခါက သပိတ်ကျင်းမြို့သည် မိုးကုတ် စသောပတ္တမြားမြေဒေသသို့မြစ်ကြောင်းခရီးဘက်မှ ဝင်ပေါက်ထွက်ပေါက်တစ်ခုဖြစ်ခဲ့သည်။ ထို့ကြောင့် ထိုမြို့တွင် ပတ္တမြားမြေကို စောင့်ရှောက်ရန် စစ်တပ်နှင့် စစ်ပုလိပ်များ ထားရှိခဲ့၍ ထိုစဉ်က ယခုထက် လူနေ အိမ်ခြေ ပိုမိုစည်ကားခဲ့သည်။

မူလကသပိတ်ကျင်းမြို့သည် ပတ္တမြားမြေခရိုင်အတွင်း ပါဝင်သော သပိတ်ကျင်းခရိုင်ခွဲ၏ နယ်ပိုင်ရုံးစိုက်ရာ မြို့ဖြစ်သည်။ နောင်အခါ သပိတ်ကျင်းခရိုင်ခွဲကို မြို့နယ်အဖြစ်ပြောင်း၍ ကသာခရိုင်အတွင်း ထည့်သွင်းခဲ့သည်။ ထို့နောက်တွင် သပိတ်ကျင်းသည် ရွှေဘိုခရိုင်၏ မြို့နယ်တစ်ခုဖြစ်ခဲ့ရာမှ ၁၉၆၅ ခုနှစ်အောက်တိုဘာလ ၁ ရက်နေ့မှ အစပြု၍ မိုးကုတ်မြို့နယ်နှင့်အတူ မန္တလေးခရိုင် အတွင်း သွတ်သွင်းခံခဲ့ရပြီး ယခုအခါ ပြင်ဦးလွင်ခရိုင်တွင် ပါဝင်သည်။ မြို့နယ်မြေမျက်နှာသွင်ပြင်သည် ညီညာပြန့်ဖြူးခြင်း မရှိဘဲ အရှေ့ဘက်ရှိ မိုးကုတ်မြို့နယ်ဘက်သို့ တဖြည်းဖြည်း ကုန်းမြင့်သွားလေသည်။ မြို့နယ်၏ အောက်ခံမြေသည်လည်း များသောအားဖြင့်ထုံးကျောက်မြေဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေး ပြင်ဆင်ရန်

သပိတ်ကျင်းမြို့၏ လမ်းပန်းဆက်သွယ်ရေးသည် မညံ့ဖျင်းလှချေ။ မန္တလေးမြို့နှင့် ရေကြောင်းအားဖြင့် ၇၇ မိုင် မျှသာဝေးကွာ၍ မန္တလေး၊ ဗန်းမော်မြစ်ကြီးနား၊ အစုန်အဆန် သွားလာနေသော ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအဖွဲ့ပိုင် သင်္ဘောကြီးသည်တစ်ပတ်လျှင် တစ်ကြိမ် သပိတ်ကျင်းမြို့၌ ဆိုက်ကပ်သည်။ ထို့ပြင် မန္တလေးနှင့်သပိတ်ကျင်း အစုန်အဆန် သွားလာနေသောကြား ကူးတို့သင်္ဘောကလေးများလည်း ရှိသေးသည်။ ကုန်းလမ်းခရီး အားဖြင့် ပတ္တမြားမြေမိုးကုတ်မြို့နှင့် မော်တော်ကားလမ်းဖြင့်မိုင် ၆ဝ မျှသာကွာဝေး၍ ယင်းမှတစ်ဆင့် မိုးမိတ်နှင့် ဗန်းမော်၊ မြစ်ကြီးနားစသည့်ကချင်ပြည်နယ်ဘက်သို့လည်းကောင်း၊ ကျောက်မဲသီပေါစသည့် ရှမ်းပြည်မြောက်ပိုင်းသို့ လည်းကောင်း ဆက်လက်သွားလာနိုင်သည်။

ကိုးကား ပြင်ဆင်ရန်

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၈။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)