ဗောဇ္ဈင်
ဗောဇ္ဈင်္ဂ [၁]ပါဠိမှ ဗောဇ္ဈင် ဖြစ်လာသည်။ သတိ, ပညာ စသော ၇-ပါး အပေါင်းအစုသည် သစ္စာ ၄-ပါး သိရာ၌၎င်း, ကိလေသာအစဉ်ဟူသော အိပ်ပျော်ခြင်းမှ နိုးရာ၌၎င်း နိဗ္ဗာန်ကို မျက်မှောက်ပြုရာ၌၎င်း အကြောင်းတရားများ ဖြစ်သည်၊ ထို့ကြောင့် ဗောဓိ မည်၏၊ ထိုအပေါင်းအစုဖြစ်သောဗောဓိ၏အစိတ်အပိုင်း (အင်္ဂ)သည် ဗောဇ္ဈင်္ဂမည်၏။
တနည်းအားဖြင့် သစ္စာ ၄-ပါး သိတတ်သော ကိလေသာ အစဉ်ဟူသော အိပ်ပျော်ရာမှ နိုးတတ်သော, နိဗ္ဗာန်ကိုမျက်မှောက်ပြုတတ်သော အရိယသာဝကသည် ဆိုအပ်ပြီးသော ဂုဏ်သတ္တိကြောင့် ဗောဓိမည်၏၊ ထိုအရိယာသာဝက ဟူသော ဗောဓိ၏ ဖြစ်ကြောင်း တရားတို့သည် (ဤအရာ၌ အင်္ဂသဒ္ဒါအကြောင်းဟော ဖြစ်၏) ဗောဇ္ဈင်္ဂမည်၏။ [၂] ဗောဇ္ဈင်၊ အရိယာဖြစ်ရန် အကြောင်းတရား။ [၃]
ဗောဇ္ဈင်၏ အဓိပ္ပါယ်နှင့် သရုပ်လက္ခဏာ စသည်
ပြင်ဆင်ရန်အခါတစ်ပါး၌ ရဟန်းတစ်ပါးသည် ဘုရားရှင်အား “ဗောဇ္ဈင်ဟု အဘယ်ကြောင့် ခေါ်ပါသနည်း”ဟု လျှောက်ထားရာဖြင့် နိဗ္ဗာန်ကို သိမြင်ဆင်ခြင်ရန်, မဂ်ဖြင့် ကိလေသာဟူသော အိပ်ပျော်ခြင်းမှ နိုးရန် ဖြစ်သောကြောင့် ဗောဇ္ဈင် မည်၏-ဟု ဖြေကြားတော်မူသည်။ [၄]
(ဤအရာ၌ ဗောဓာယ သံဝတ္တန္တိ-ကို အဋ္ဌကထာနှင့်အညီ ပြဆိုခြင်း ဖြစ်၏ ပြည်ဆရာတော်ကြီးကမူ အလားတူ ပဋိသမ္ဘိဒါမဂ် ပါဠိတော်ကို “ဗောဓာယ-ကိလေသာအစဉ် ဟူသော အိပ်ပျော်ခြင်းမှ နိုးခြင်းငှါ (ဝါ) သစ္စာလေးပါးတရားကို သိခြင်းငှါ (ဝါ) နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှါ၊ သံဝတ္တန္တိ-ဖြစ်ကုန်၏”ဟု ၃နက် ပြန်ဆိုတော်မူ၏။) ဗောဇ္ဈင်ကို ရေတွက်ရာ၌ သတိသမ္ဗောဇ္ဈင် စသည်ဖြင့် သံ-သဒ္ဒါပါရှိရာ ချီးမွမ်းအပ်သော ကောင်းသောဗောဇ္ဈင်ဟု ဆိုလိုသည်၊ အခြား အထူးမရှိ၊ ပဋိသမ္ဘိဒါမဂ်[၅]၌ ဗောဇ္ဈင် မည်ခြင်း၏ အကြောင်းတို့ကို အမျိုးမျိုး ပြဆိုထားသည်။
လယ်တီဆရာတော်၏ ဗောဓိပက္ခိယဒီပနီ၌လောကုတ္တ ရာမဂ်ဉာဏ်သည် သစ္စာ ၄-ပါးတို့ကို ကောင်းစွာ သိမြင်တတ်သောကြောင့် သမ္ဗောဓိ မည်၏၊ ထိုမဂ်ဉာဏ်၏ အတောင်အလက်သည် သမ္ဗောဇ္ဈင် မည်၏။ ငှက်တို့သည် အမိဝမ်းတွင်းမှ တစ်ကြိမ်ပေါက်ဖွား၍ တဖန် ဥခွံတွင်းမှ ပေါက်ဖွားရပြန်ကုန်၏၊ ထို့နောက် အတောင် အလက်စုံလင်သောအခါ၌ အသိုက်မှ ပျံတက်၍ အလိုရှိရာသို့ ကျွတ်လွှတ်စွာ ပျံသွားကုန် သကဲ့သို့ ထို့အတူ ယောဂီပုဂ္ဂိုလ်တို့သည် ကာယဂတာသတိတည်းထောင်မိသောအခါ သမထအလုပ် ထမြောက်သောအခါ အနမတဂ္ဂ ဘဝသံသရာမှ ပါရှိကြသော စိတ်ရူးစိတ် နှမ်းစိတ်နောက် အတွင်းမှ တစ်ကြိမ်ကျွတ်လွှတ်ကုန်၏၊ တဖန် ရုပ် နာမ် ခန္ဓာတို့၌ ဝိပဿနာ အမြင်ပေါက်သောအခါ ရုန့်ရင်းသောအဝိဇ္ဇာမှ တစ်ကြိမ် လွှတ်ကုန်၏၊ ထို့နောက် ဗောဇ္ဈင် ၇-ပါး ကြီးပွါးရင့်သန်သောအခါ လောကုတ္တရာမဂ်ဉာဏ်၏ အတောင်အလက် စုံလင်သဖြင့် သမ္ဗောဓိမည်သော မဂ်ဉာဏ်သို့ ရောက်၍ လောကီဘုံသူ လောကီဘုံသား နစ်သမား မွန်းသမားအဖြစ်မှ တစ်ကြိမ်ကျွတ်လွှတ်ကြကုန်၍ ပုထုဇဉ်ဘုံမှ ပျံတက်၍ ဘဝ အဆက်ဆက် တောင့်တ၍ လာခဲ့ကြသော အရိယာဘုံသူ ဘုံသား လောကုတ္တရာဘုံသူ ဘုံသား နိဗ္ဗာန်ဘုံသူ ဘုံသားအဖြစ်သို့ ပေါက်ရောက်ကြလေကုန်၏၊ ဤကား ဗောဇ္ဈင်ကို မဂ်ဉာဏ်၏ အတောင်အလက်ဆိုရာ၌ ဥပမာနှင့်ကဟူသော အတ္ထယုတ္တိပေတည်း ဟု ဗောဇ္ဈင်အဓိပ္ပါယ်ကို ပြတော်မူသည်။
ဗောဇ္ဈင် ၇-ပါး
ပြင်ဆင်ရန်ဗောဇ္ဈင်သည် သတိသမ္ဗောဇ္ဈင်, ဓမ္မဝိစယသမ္ဗောဇ္ဈင်, ဝီရိယသမ္ဗောဇ္ဈင်, ပီတိသမ္ဗောဇ္ဈင်, ပဿဒ္ဓိသမ္ဗောဇ္ဈင် သမာဓိသမ္ဗောဇ္ဈင်, ဥပေက္ခာသမ္ဗောဇ္ဈင်-ဟု ၇-ပါး ရှိသည်။ [၆] သတိ, ပညာ, ဝီရိယ, ပီတိ, ကာယပဿဒ္ဓိ, စိတ္တပဿဒ္ဓိ, ဧကဂ္ဂတာ, တတြမဇ္ဈတ္တတာ စေတသိက်တို့ကို အစဉ်အတိုင်း အရကောက်ပါ။ ဗောဇ္ဈင်ကို ပွါးများရာ၌ ဝိဝေက ၅-ပါးကို မှီသော သတိသမ္ဗောဇ္ဈင်ကို ပွါးများ၏ စသည်ဖြင့် ဟောတော်မူရကား ဗလဝဝိပဿနာ မဂ်, ဖိုလ်တို့ ၌သာမဟုတ်၊ ဝိပဿနာ အခြေခံဖြစ်သော ကသိုဏ်းဈာန်, အာနာပါနကမ္မဋ္ဌာန်း, အသုဘကမ္မဋ္ဌာန်း, ဗြဟ္မဝိဟာရဈာန်တို့၌ ပါဝင်သော သတိစသော ၇-ပါးကိုလည်း ဗောဇ္ဈင် ခေါ် ရပေသည်။ [၇]
အစဉ်အတိုင်း ဟောရကြောင်း
ပြင်ဆင်ရန်- ထိုသတိစသည်တို့တွင် သတိကို ကိစ္စခပ်သိမ်း၌ လိုအပ်သော တရားဟု[၈] ဟောတော်မူသည်နှင့် အညီ ဗောဇ္ဈင်အားလုံးအတွက် ကျေးဇူးများသောကြောင့် ဦးစွာ ဟောတော်မူသည်။
- သတိနှင့် ပြည့်စုံသော ရဟန်းသည် နာမ် ရုပ် အာရုံကို ပညာဖြင့် အနိစ္စစသော အပြားအားဖြင့် စူးစမ်းဆင်ခြင်လေ့ရှိသောကြောင့် ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ဒုတိယ ဟောတော်မူသည်။
- ထိုသို့ စူးစမ်းဆင်ခြင်သော ရဟန်း၏ လုံ့လဝီရိယသည် ထက်သန်၏။ မတွန့်ဆုတ် တော့။ ထို့ကြောင့် ဝီရိယသမ္ဗောဇ္ဈင်ကို တတိယ ဟောတော်မူသည်။
- အားထုတ်အပ် ပြီးသော လုံ့လရှိသော ရဟန်းအား ကိလေသာမိသ ကင်းသောပီတိ ဖြစ်ပေါ်လာ၏
- ပီတိစိတ်ရှိသော ရဟန်း၏ ကိုယ်သည်၎င်း၊ စိတ်သည်၎င်း၊ ငြိမ်းအေး၏၊ ထို့ကြောင့် ပီတိသမ္ဗောဇ္ဈင်, ပဿဒ္ဓိသမ္ဗောဇ္ဈင်တို့ကို စတုတ္ထ, ပဉ္စမ, ဟောတော်မူသည်။
- ကိုယ်စိတ် ငြိမ်းအေးချမ်းသာသော ရဟန်းအား စိတ်တည်ကြည်မှု ရ၏။ ထို့ကြောင့် သမာဓိသမ္ဗောဇ္ဈင်ကို ဆဋ္ဌ ဟောတော်မူသည်။
- သမာဓိ ထူထောင်မိသောအခါ စိတ်မငြိမ်သက်မှုအတွက် ကြောင့်ကြစိုက်ဘွယ် မရှိ၊ လျစ်လျူရှုသောအားဖြင့် အာရုံ၌ စိတ်ကို လွှတ်၍ ထားရကား တတြမဇ္ဈတ္တတာဟူသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို သတ္တမ ဟောတော်မူသည်။ [၉]
ဗောဇ္ဈင် ၇-ပါး လက္ခဏာများ
ပြင်ဆင်ရန်- လက္ခဏာအားဖြင့် သတိသမ္ဗောဇ္ဈင်သည် အာရုံ၌ ထင်ခြင်း လက္ခဏာရှိ၏(ဥပဋ္ဌာနလက္ခဏာ)။
- ဓမ္မဝိစယသမ္ဗောဇ္ဈင်သည် “အနိစ္စစသော အပြားအားဖြင့် စူးစမ်းဆင်ခြင်ခြင်း လက္ခဏာရှိ၏၊ (ပဝိစယက္ခဏာ)။
- ဝီရိယသမ္ဗောဇ္ဈင်သည် ချီးမြှောက်ခြင်း လက္ခဏာရှိ၏ (ပဂ္ဂဟလက္ခဏာ)။
- ပီတိသမ္ဗောဇ္ဈင်သည် ပျံ့နှံ့ခြင်း လက္ခဏာရှိ၏ (ဖရဏလက္ခဏာ)။
- ပဿဒ္ဓိသမ္ဗောဇ္ဈင်သည် ကိုယ်စိတ်တို့၏ ငြိမ်းအေးခြင်း လက္ခဏာ ရှိ၏ (ဥပသမလက္ခဏာ)၊
- သမာဓိသမ္ဗောဇ္ဈင်သည် အာရုံ၌ မပျံ့လွင့်ခြင်း၊ တည်ကြည်ခြင်း လက္ခဏာ ရှိ၏(အဝိက္ခေပလက္ခဏာ)။
- ဥပေက္ခာသမ္ဗောဇ္ဈင်သည် အညီအညွတ်ဖြစ်သော တရားတို့ကို အသင့်အားဖြင့် ရှုနိုင် လျစ်လျူထားနိုင်ခြင်း လက္ခဏာရှိ၏။ (ပဋိသင်္ခါနလက္ခဏာ)။
သတိ ၇-ပါးတို့၏ အရကောက် အကျယ်ကို ဗောဇ္ဈင်္ဂဝိဘင်း ပါဠိ, အဋ္ဌကထာများ၌ ကြည့်ပါ။ [၁၀] (ဗောဇ္ဈင်တို့၏ ရသ-ပစ္စုပဋ္ဌာန်နှင့် ဝစနတ္ထတို့ကို မ၊ဋ္ဌ၊၁၊၈၆-၇-၌ ကြည့်ပါ၊ ဤ၌ ကျယ်အံ့စိုး၍ လက္ခဏာမျှသာ ရေးလိုက်သည်။)
ဗောဇ္ဈင် ၇-ပါးသာ ဟောရကြောင်း
ပြင်ဆင်ရန်ဗောဇ္ဈင်ကို အဘယ်ကြောင့် ၇-ပါးသာ အယုတ်အလွန်မရှိပဲ ဟောရပါသနည်းဟု စောဒနာခဲ့သော် တွန့်တို ဆုတ်နစ်ခြင်း, ပျံ့လွှင့်ခြင်း၏ ဆန့်ကျင်ဘက်အားဖြင့်လည်းကောင်း, ဗောဇ္ဈင်အားလုံးတို့၌ လိုအပ်သောကြောင့်၎င်း ၇-ပါးသာ ဟောတော်မူ၏။
ရှင်းဦးအံ့—ဘာဝနာစိတ် တွန့်တို ဆုတ်နစ်သောအခါ ဓမ္မဝိစယ, ဝီရိယ, ပီတိဟူသော ဗောဇ္ဈင် ၃-ပါးတို့ကို ပွါးရာ၏ဟု ဟောတော်မူခြင်းကြောင့် ထို၃-ပါးသည် တွန့်တို ဆုတ်နစ်ခြင်း၏ ဆန့်ကျင်ဘက် ဖြစ်သည်။
ဘာဝနာစိတ် ပျံ့လွင့်သောအခါ ပဿဒ္ဓိ ,သမာဓိ, ဥပေက္ခာဗောဇ္ဈင် ၃-ပါးကို ပွါးရာ၏ဟု ဟောတော်မူခြင်းကြောင့် ထို ၃-ပါးသည် ပျံ့လွင့်ခြင်း၏ ဆန့်ကျင်ဖက် ဖြစ်သည်။
ထို၆-ပါးသော ဗောဇ္ဈင်အားလုံး၌ သတိသည် လိုအပ်သောကြောင့် သတိနှင့်တကွ ဗောဇ္ဈင် ၇-ပါးကို (အယုတ် အလွန် မရှိ) ဟောတော်မူခြင်း ဖြစ်သည်။ [၁၁]
တိတ္ထိပရိဗိုဇ်တို့ အယူ၌ နီဝရဏ ၅-ပါး ပယ်ရမည်၊ ဗောဇ္ဈင် ၇-ပါး ပွါးရမည်ဟု မပါရှိ
ပြင်ဆင်ရန်အခါတစ်ပါး၌ သာဝတ္ထိပြည် ပရိဗိုဇ်တို့က မိမိတို့ အရာမ်သို့လာသော ရဟန်းတို့ကို “ရဟန်းဂေါတမကဲ့သို့ ငါတို့လည်း နီဝရဏ ၅-ပါးပယ်၍ ဗောဇ္ဈင် ၇-ပါး ပွါးများကြဟု တပည့်များအား တရားဟောသည် သင်တို့ဆရာ ဂေါတမနှင့် ငါတို့ ဘာများ ထူးသနည်း၊ တရားချင်း ဆုံးမစကားချင်း ဘာထူးသနည်း၊ အတူတူပင် မဟုတ်လော”ဟု ပြောကြသည်၊ ထိုအခါ ရဟန်းတို့သည် စိတ်ထည်းက မနှစ်သကသော်လည်း ဘာမျှပြန်မပြောပဲ ထလာ၍ ဘုရားရှင်ထံသို့ အကြောင်းစုံကို လျှောက်ထားရာ ဘုရားရှင်က “ဗောဇ္ဈင် ၁၄-ပါးရှိကြောင်း၊ ဘုရားရှင်နှင့် ဘုရားတပည့်သားတို့ အရာသာ ဖြစ်သောကြောင့် ပရိဗိုဇ်တွေကို ထို၁၄-ပါး မေးက ပြည့်စုံအောင် ဖြေနိုင်မည်မဟုတ်ကြောင်း”ဖြင့် ဗောဇ္ဈင် ၇-ပါးမှ ၁၄-ပါး ဖြစ်ပုံ အကြောင်းကို ဟောတော်မူသည်။ (အမှန်အားဖြင့် တိတ္ထိပရိဗိုဇ်တို့ အယူ၌ နီဝရဏ ၅-ပါး ပယ်ရမည်၊ ဗောဇ္ဈင် ၇-ပါး ပွါးရမည်ဟု မပါရှိချေ၊ ဘုရားရှင် ဟောတော်မူစဉ် ပရိသတ် အစွန်က ယောင်လည်လည်လုပ်၍ နာယူ မှတ်သားပြီးလျှင် မိမိအရာမ် ရောက်သောအခါ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် သိလေဟန် သိသောအနေမျိုးနှင့် “နီဝရဏ ၅-ပါး ပယ်ကြ၊ ဗောဇ္ဈင် ၇-ပါး ပွါးများကြ”ဟု မိမိပရိသတ်တို့အား ပြောဆိုကြခြင်းသာဖြစ်သည်။ [၁၂]
ဗောဇ္ဈင်၇-ပါးမှ ၁၄-ပါး ဖြစ်လာပုံ
ပြင်ဆင်ရန်သတိ၊ ဓမ္မဝိစယ ဥပေက္ခာ ဤဗောဇ္ဈင် ၃-ပါးကို အဇ္ဈတ္တအာရုံ၌ ဖြစ်သော သတိ, ဗဟိဒ္ဓအာရုံ ဖြစ်သော သတိစသည်ဖြင့် ၂-ပါးစီ ဟောတော်မူ၏။ ဝီရိယသမ္ဗောဇ္ဈင်ကို ကာယိကဝီရိယ, စေတသိကဝီရိယ-ဟု ၂-ပါး ဝေဖန် ဟောတော်မူသည်။ ပီတိနှင့် သမာဓိဗောဇ္ဈင် ၂-ဝါးကို ဝိတက် ဝိစာရယှဉ်သောပီတိ၊ မယှဉ်သောပီတိ၊ ဝိတက် ဝိစာရယှဉ်သော သမာဓိ၊ မယှဉ်သော သမာဓိဟု ၂-ပါးစီ ဝေဖန် ဟောတော်မူသည်၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ ၂-မျိုး ဝေဖန် ဟောတော်မူသည်။ ဤသို့လျှင် သတိစသော ဗောဇ္ဈင်တပါးတစ်ပါးကို ၂-ပါးစီ ၂-ပါးစီ ဝေဖန်ဟောတာ်မူသောကြောင့် ၁၄-ပါး ဖြစ်လာသည် [၁၃]။
ဗောဇ္ဈင်ပေါင်း ၁၂၈၀၀၀
ပြင်ဆင်ရန်အဘိဓမ္မာဘာဇနီနည်းအားဖြင့် ဝေခွဲလိုက်ပါက ဗောဇ္ဈင်ပေါင်း ၁၂၈၀၀၀ ရှိသည်၊ ကျဉ်းချုပ်တွက်ပုံမှာ မဂ်တစ်ပါးတစ်ပါး၌ နည်း ၁၀၀၀-ရှိသည်။ (တွက်နည်းကို မဂ္ဂ-ကြည့်) မဂ် ၄-ပါး ၄၀၀၀-ရှိ၏၊ ဗောဇ္ဈင် ၇-ပါးလုံး တပေါင်းတည်းပြုမေးဖြေ၌ နည်း ၄၀၀၀, ဗောဇ္ဈင်တစ်ပါးစီတစ်ပါးစီခွဲ၍မေး ဖြေရာ၌ (၇× ၄၀၀၀) ၂၈၀၀၀ မဂ်၌ နည်းပေါင်း ၃၂၀၀၀-ရသည်။ ဖိုလ်သည် မဂ္ဂဂမန အစွမ်းအားဖြင့် သုညတ အနိမိတ္တ အပ္ပဏိဟိတ အမည် ၃-ပါး ရသောကြောင့် ဖိုလ်တစ်ပါးတစ်ပါး၌ နည်း ၃၀၀၀-ရသည်။ ဖိုလ်၄-ပါးအတွက် ၁၂၀၀၀-ဖြစ်၏၊ ဗောဇ္ဈင် ၇-ပါးလုံး တပေါင်းတည်းပြု မေး ဖြေရာ၌ ၁၂၀၀၀ ဗောဇ္ဈင် တစ်ပါးစီတပါးစီးခွဲ၍ မေးဖြေရာ၌ (၇×၁၂၀၀၀) ၈၄၀၀၀ ဖြစ်၍ ဖိုလ်၌နည်းပေါင်း ၉၆၀၀၀ ရသည်၊ မဂ်, ဖိုလ် ၂-ခုပေါင်းလျင် ဗောဇ္ဈင်ပေါင်း ၁၂၈၀၀၀ ရသည်။ အဘိ၊ဝိ၊၂၃၈-၄၁။ အဘိ၊ဋ္ဌ၊၂၊ ၃၀၃။ မြတ်စွာဘုရား၏ဗောဇ္ဈင်ကို ဝေဖန်သိတော်မူသော ဉာဏ်တော်အရာ၌ နည်းပေါင်း ၉၆၀၀၀-ဣတိဝုတ်၊ဋ္ဌ၊၁၂၅-၌ပြဆိုသည်၊ ပညာရှိများ ညှိနှိုင်းကြပါကုန်။
ဗောဇ္ဈင်ကိုဖြစ်စေတတ်သော အကြောင်း အရပ်များ
ပြင်ဆင်ရန်- (၁) ရှေးရှေးဖြစ်သော သတိတို့၌ အသင့်လမ်းမှန်အားဖြင့် နှလုံးသွင်းခြင်းကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းသည် မဖြစ်သေးသော သတိသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်း၊ ဖြစ်ပြီး သတိသမ္ဗောဇ္ဈင်း၏ တိုးပွါးပြည့်စုံ ကြောင်းဖြစ်သည်။
- (၂) ကုသိုလ်အကုသိုလ်, အပြစ်ရှိအပြစ်မဲ့, အယုတ်အမြတ်, မည်းညစ် ဖြူစင်သော တရားတို့၌ အသင့်လမ်းမှန်အားဖြင့် နှလုံးသွင်းခြင်းကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းသည် မဖြစ်သေးသော ဓမ္မဝိစယ သမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်း၊ ဖြစ်ပြီး ဓမ္မဝိစယသမ္ဗောဇ္ဈင်၏ တိုးပွါးပြည့်စုံကြောင်း ဖြစ်သည်။
- (၃) လက်ဦးအစ အားထုတ်သော ဝီရိယသည် အာရမ္ဘဓာတ်မည်၏၊ ပျင်းရိခြင်းမှ ထွက်မြောက်နိုင်သော (တနည်း)ကာမတို့ကို ပယ်ဖျောက်နိုင်စွမ်းရှိသော ဝီရီယသည် နိက္ကမဓာတ်မည်၏၊ တဆင့်တဆင့်မြင့်ထက်မြင့်သော နေရာသို့ ရောက်စေနိုင်စွမ်းရှိသော (တနည်း) ကာမအနှောင်အဖွဲ့ကို ဖြတ်တောက် ဖျက်ဆီးနိုင်စွမ်းရှိသော ဝီရိယသည် ပရက္ကမဓာတ်မည်၏။ [၁၄] ထို၃-ပါးသော ဝီရိယတို့၌ အသင့်လမ်းမှန်အားဖြင့် နှလုံးသွင်းခြင်းကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းသည် မဖြစ်သေးသော ဝီရိယသမ္ဗောဇ္ဈင်ဖြစ်ကြောင်း၊ ဖြစ်ပြီး ဝီရိယသမ္ဗောဇ္ဈင်၏ တိုးပွါးပြည့်စုံကြောင်း ဖြစ်သည်။
- (၄) ရှေးရှေးဖြစ်သော ပီတိတို့၌ အသင့် လမ်းမှန်အားဖြင့် နှလုံးသွင်းခြင်းကို ကြိမ်ဖန် များစွာ ပြုလုပ်ခြင်းသည် မဖြစ်သေးသော ပီတိသမ္ဗောဇ္ဈင်ဖြစ်ကြောင်း၊ ဖြစ်ပြီး ပီတိသမ္ဗောဇ္ဈင်၏ တိုးပွါးပြည့်စုံကြောင်း ဖြစ်သည်။
- (၅) ရှေးရှေး ဖြစ်သော စိတ် စေတသိက်တို့၏ ငြိမ်းချမ်းခြင်းဟုဆိုအပ်သော စိတ္တပဿဒ္ဓိ ကာယပဿဒ္ဓိတို့၌ အသင့်လမ်းမှန်အားဖြင့် နှလုံးသွင်းခြင်းကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းသည် မဖြစ်သေးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်း၊ ဖြစ်ပြီးပဿဒ္ဓိ သမ္ဗောဇ္ဈင်၏ တိုးပွါးပြည့်စုံကြောင်း ဖြစ်သည်။
- (၆) တည်ကြည်သော သမာဓိဟု ဆိုအပ်သော သမာဓိနိမိတ် အဗျဂ္ဂနိမိတ်တို့၌ အသင့် လမ်းမှန်အားဖြင့် နှလုံးသွင်းခြင်းကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းသည် မဖြစ်သေးသော သမာဓိသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်း၊ ဖြစ်ပြီး သမာဓိသမ္ဗောဇ္ဈင်၏ တိုးပွါးပြည့်စုံကြောင်း ဖြစ်သည်။
- (၇) ရှေးရှေး ဖြစ်သော ဥပေက္ခာတို့၌ အသင့်လမ်းမှန်အားဖြင့် နှလုံးသွင်းခြင်းကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းသည် မဖြစ်သေးသော ဥပေက္ခာသမ္ဗောဇ္ဈင်၏ ဖြစ်ကြောင်း၊ ဖြစ်ပြီး ဥပေက္ခာသမ္ဗောဇ္ဈင်၏ တိုးပွါးပြည့်စုံကြောင်း ဖြစ်သည်။
ဤကား ဗောဇ္ဈင်္ဂ သံယုတ် အာဟာရသုတ်လာ ဘုရားရှင် ဟောတော်မူသော ဗောဇ္ဈင်ဖြစ်ပေါ်ကြောင်း တရားတို့ဖြစ်၏၊ [၁၅]) အဋ္ဌကထာဆရာတို့က တနည်းတဖုံ ထုတ်ပြသော ဗောဇ္ဈင်၏ အကြောင်းတရားတို့ကိုလည်း ဆက်လက်ပြ ဆိုပါဦးမည်။
အဋ္ဌကထာဆရာတို့က ထုတ်ပြသော ဗောဇ္ဈင်၏ အကြောင်းတရား
ပြင်ဆင်ရန်(၁) ရှေးသို့ တက်ခြင်း နောက်သို့ဆုတ်ခြင်း စသော ၇-ဌာနတို့၌ သတိသမ္ပဇဉ်နှင့် ပြည့်စုံခြင်း၊ သတိမေ့လျော့တတ်သူကို ရှောင်ကြဉ်ရခြင်း၊ သတိကောင်းသူ သတိမြဲသူကို မှီဝဲဆည်းကပ်ရခြင်း၊ ထိုသတိသမ္ဗောဇ္ဈင်၌ ညွှတ်ကိုင်းခြင်း (ဝါ) သတိကို မြဲမြဲစွဲစွဲနှလုံးသွင်းခြင်း ဤ ၄-ပါးသည် သတိသမ္ဗောဇ္ဈင် ဖြစ်ခြင်း၏အကြောင်းတို့တည်း။
(၂) ခန္ဓာအာယတနစသည်၌ အနက် အဓိပ္ပါယ်ကို အဖန်ဖန် စိစစ်မေးမြန်းခြင်း၊ ကိုယ်တွင်းကိုယ်ပဝတ္ထုပစ္စည်းတို့ကို သန့်ရှင်း စင်ကြယ်အောင် ပြုခြင်း၊ ဣန္ဒြေတို့ကို မျှတအောင် ထားခြင်း၊ ပညာမဲ့သူကို ရှောင်ကြဉ်ခြင်း၊ ပညာရှိကို မှီဝဲဆည်းကပ်ခြင်း၊ သိမ်မွေ့ နက်နဲသော ဉာဏ်ဖြင့် သက်ဝင် ကျက်စားအပ်သော သိမ်မွေ့နက်နဲသော တရားတို့ကို ဆင်ခြင်ခြင်း၊ ထိုဓမ္မဝိစယသမ္ဗောဇ္ဈင်၌ ညွတ်ကိုင်းခြင်း (ဝါ) ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို မြဲမြဲစွဲစွဲနှလုံးသွင်းခြင်း၊ ဤ ၇-ပါးသည် ဓမ္မဝိစယသမ္ဗောဇ္ဈင်ဖြစ်ခြင်း၏ အကြောင်းတို့တည်း။
ထို ၇-ပါးတို့တွင် ဒုတိယ, တတိယ အချက်တို့ကို အနည်းငယ်ရှင်းပြလို၏။ ခန္ဓာကိုယ်၌ ဆံပင်, ခြေသည်း လက်သည်းတို့ ရှည်နေလျှင်, ချွေးအညစ်အကြေးစသည် လိမ်းကပ်နေလျှင် ကိုယ်တွင်းဝတ္ထု မသန့်ရှင်းသည် မည်၏၊ သင်္ကန်း၏ အိုမင်းခြင်း ညစ်နွမ်းခြင်း နံစော်ခြင်း ကျောင်း၌ အမှိုက်သရိုက်ရှုပ်ထွေး ခြင်းစသည်သည် ကိုယ်ပပစ္စည်းဝတ္ထုမဆန့်ရှင်းသည် မည်၏၊ ထို၂-မျိုးလုံး သန့်ရှင်းစင်ကြယ်မှသာ ပညာဉာဏ်ပွင့်လင်းသည်၊ ကိုယ်တွင်း ကိုယ်ပ မသန့်ရှင်းပဲ ညစ်ပတ်ပေရေလျက် ရှုပ်ရှုပ်ထွေးထွေး နေခဲ့လျှင် စိတ်နောက်ကျုဘွယ်ဖြစ်၍ အဘယ်မှာ ပညာဉာဏ် ပွင့်လင်း နိုင်ပါမည်နည်း။ (ပညာဉာဏ်သည် ဓမ္မဝိစယ သမ္ဗောဇ္ဈင်ပင်တည်း။)
သန့်ရှင်းစင်ကြယ် ဣန္ဒြေတို့ကို မျှတအောင် ထားခြင်းသည်လည်း အရေးကြီး၏၊ ဣန္ဒြေတစ်ခုလွန်ကဲလျှင် အခြား ဣန္ဒြေများ နုံ့တတ်၍ ဆိုင်ရာကိစ္စ မပြုနိုင်ကြ။ ဥပမာ-သဒ္ဓိန္ဒြေ ထက်သန် လွန်ကဲနေသူတို့အဖို့ ကျန်ဣန္ဒြေတို့ အားနည်းသောကြောင့် ဝီရိယိန္ဒြေသည် သမ္ပယုတ် တရားတို့ကို ချီးမြှောက်ခြင်း ကိစ္စကို,သတိန္ဒြေသည် အာရုံ၌ ထင်ခြင်း အာရုံသို့ ကပ်၍ တည်ခြင်းကိစ္စကို, သမာဓိန္ဒြေသည် သမ္ပယုတ် တရားတို့ကို မပျံ့ လွင့်အောင်ပြုခြင်းကိစ္စကို, ပညိန္ဒြေသည် အာရုံကို အမှန်အတိုင်းမြင်ခြင်း ကိစ္စကို မပြုနိုင်တော့ချေ။ ဝက္ကလိမထေရ် ဝတ္ထုကို ထောက်ဆလေ။
ဝီရိယစသော ဣန္ဒြေတို့လွန်ကဲရာ၌လည်း ဤနည်းမှီး၍ သိနိုင်လောက်ပြီ။ ထိုကဲ့သို့ဖြစ်လျှင် ထက်သန် လွန်ကဲသော ဣန္ဒြေကို အားနည်းအောင် နှလုံးမသွင်းပဲသော်လည်း နေရာ၏၊ ကျန်ဣန္ဒြေတို့ အားကောင်းလာအောင်သော်လည်း ပြုရာသည်။ အထူးသဖြင့် သဒ္ဓါနှင့်ပညာ, သမာဓိနှင့် ဝီရိယတို့ညီမျှရန် အရေးကြီးပေသည်။ သဒ္ဓါ အားကောင်း၍ ပညာနုံ့သောသူသည် အချည်းအနှီး အလကား ကြည်ညိုတတ်၏၊ မကြည်ညိုထိုက်သော အရာတို့၌သော်လည်း ကြည်ညိုမိတတ်၏၊ ပညာအားကောင်း၍ သဒ္ဓါနုံ့သောသူသည် ကောက်ကျစ်စဉ်လဲ တတ်၏၊ ဆေးကြောင့်ဖြစ်သော ရောဂါကဲ့သို့ အကုရ ခက်တတ်၏၊ “စိတ်သက်သက်မျှဖြင့် ကုသိုလ်ရသည်” ဟု အယူမှားလျက် ဒါနစသည် မပြုသောကြောင့် ငရဲ၌ ကျရောက်တတ်၏။ သဒ္ဓါပညာမျှတသူအဖို့ ကြည်ညိုသင့်သော ရတနာ ၃-ပါး, ကံ, ကံ၏အကျိုးတို့၌သာ သက်ဝင်ကြည်ညိုပေသည်။ သမာဓိနှင့် ဝီရိယတို့တွင်လည်း သမာဓိအားကောင်း၍ ဝီရိယနုံ့ သောသူသည် ပျင်းရိတတ်၏၊ ဝီရိယ အားကောင်း၍ သမာဓိနည်း ပြန်လျှင်လည်း အာရုံ၌ ပျံ့လွင့်တတ်၏၊ ဥဒ္ဓစ္စ ဘိစီးနှိပ်စက်၏။ ထိုကဲ့သို့ ပျင်းရိခြင်း ပျံ့လွင့်ခြင်း မရှိရလေအောင် သမာဓိ ဝီရိယ ဣန္ဒြေ ၂-ပါးတို့မျှတဘို့ လိုအပ်ပေသည်၊ ဤသို့ ဣန္ဒြေတို့ မျှတညီညွတ်မှသာလျှင် ဓမ္မဝိစယသမ္ဗောဇ္ဈင်ခေါ် ဉာဏ်ပညာပေါ်ပေါက် ဖြစ်ထွန်းနိုင်ပေသည်။ ထိုဣန္ဒြေ ၄-ပါးတို့၌ သတိအားကောင်းအောင် အမြဲမပြတ် အားထုတ်အပ်၏၊ အဘယ့်ကြောင့်ဆိုသော သဒ္ဓါ ဝီရိယ ပညာ တို့ကြောင့် ဥဒ္ဓစ္စဘက် ကျရောက်နေလျှင် (သို့မဟုတ်) သမာဓိကြောင့် ကောသဇ္ဇဘက် ကျရောက်နေလျှင် ထိုကဲ့သို့ မကျရောက်အောင် သတိက စောင့်ရှောက်နိုင်၏။ ဟင်းလျာမျိုးဟူသမျှ၌ ဆားကဲ့သို့ ဣန္ဒြေခပ်သိမ်းတို့၌ သတိလိုအပ်ပေသည်။ (သတိလိုအပ်ပုံကို ဗောဇ္ဈင်ပွါးသင့်၊ မပွါးသင့်သောအခါများကဏ္ဍ၌ ကြည့်ပါ။)
(၃) အပါယ်ဘေးကို ဆင်ခြင်ခြင်း၊ ဝီရိယအကျိုး အာနိသင်ကို သိမြင်ခြင်း၊ အရိယာတို့၏သွားလမ်း (ဝိသုဒ္ဓိ-၇-ပါး)ကို ဆင်ခြင်ခြင်း၊ ဆွမ်းကို အတုံ့ပူဇော်ခြင်း၊ ဓမ္မ အမွေမွန်မြတ်ပုံကို ဆင်ခြင်ခြင်း၊ ဘုရားရှင်၏ မွန်မြတ်ပုံကို ဆင်ခြင်ခြင်း၊ သာကိယဇာတ် (ရဟန်းဘောင်)၏ မွန်မြတ်ပုံကို ဆင်ခြင်ခြင်း၊ သီတင်းသုံးဖေါ်တို့၏ မွန်မြတ်ပုံကို ဆင်ခြင်ခြင်း၊ ပျင်းရှိသူကို ရှောင်ကြဉ်ခြင်း၊ ဝီရိယရှိသူကို မှီဝဲဆည်းကပ်ခြင်း၊ ထိုဝီရိယသမ္ဗောဇ္ဈင်၌ ညွတ်ကိုင်းခြင်း (ဝါ) ဝီရိယသမ္ဗောဇ္ဈင်ကို စွဲစွဲမြဲမြဲနှလုံးသွင်းခြင်း ဤ ၁၁-ပါးသည် ဝီရိယသမ္ဗောဇ္ဈင် ဖြစ်ခြင်း၏ အကြောင်းတို့တည်း။ ထိုအချက်တို့ကို အနည်းငယ် ရှင်းလင်းပြဦးအံ့-
အပါယ်ဘုံသား ဘဝရောက်နေလျှင် ဝီရိယသမ္မာဇ္ဈင်ကို ဖြစ်စေနိုင်မည်မဟုတ်၊ အရတော်ခိုက် ယခုဘဝ ယခုအချိန်သည် ဝီရိယသမ္ဗောဇ္ဈင်ကို အားထုတ်ဘို့ အချိန်တည်းဟု အပါယ်ဘေးကို ဆင်ခြင်ခြင်းဖြင့် ဝီရိယသမ္ဗောဇ္ဈင်ကို ဖြစ်စေရာ၏။ “ပျင်းရိသဖြင့် လောကုတ္တရာ တရား ၉-ပါးကို မရနိုင်၊ အားထုတ်မှသာ ရနိုင်သည်။ ဤကား ဝီရိယ အကျိုး အာနိသင်ပါတကား”ဟုဝီရိယအကျိုး အာနိ သင်ကို သိမြင်ခြင်းဖြင့် ဝီရိယသမ္ဗောဇ္ဈင်ကို ဖြစ်စေရာ၏။ “ဘုရား ပစ္စေကဗုဒ္ဓါ အရိယာ သာဝကတို့လမ်းစဉ်ကို ပျင်းရိသူတို့ လိုက်နာ ကျင့်သုံးနိုင်မည်မဟုတ်၊ ဝီရိယရှိသူသာ ယင်း လမ်းစဉ် လိုက်နာကျင့်သုံးနိုင်သည်” ဟု အရိယာတို့ လမ်းစဉ်ကို ဆင်ခြင်ခြင်းဖြင့် ဝီရိယသမ္ဗောဇ္ဈင်ကို ဖြစ်စေရာ၏။ “ဆွမ်း စသည်ဖြင့် လှူဒါန်းလုပ်ကျွေးသူတို့သည် ငါ၏ ဆွေမျိုးလည်းမဟုတ်၊ ကျေးကျွန်လည်း မဟုတ်၊ ငါ့မှီ၍ အသက်မွေးအံ့ ဟူသော ရည်ရွယ်ချက်ဖြင့် လှူသည်လည်းမဟုတ်၊ မိမိပြုသော ကောင်းမှု၏ အကျိုးကြီးမားမှုကို တောင့်တ၍သာ ဤသို့ လှူဒါန်းခြင်းဖြစ်သည်၊ ဘုရားရှင်ကလည်း ပြည်သူတို့ဆွမ်း စသည်ကို သုံးဆောင်၍ ခန္ဓာကိုယ်တောင့်တင်း သန်မာချမ်းသာစွာ နေကြလိမ့်လတံ့ ဟူသော ရည်ရွယ်ချက်ဖြင့် ပစ္စည်း ၄-ပါးကို ခွင့်ပြုသည်မဟုတ်၊ ဤ ပစ္စည်းလေးပါးတို့ကို သုံးဆောင်၍ ရဟန်းတရားအားထုတ်လျက် ဝဋ်ဆင်းရဲမှ လွတ်ကုန်လတံ့ဟူသော ရည်ရွယ် ချက်ဖြင့်သာ ခွင့်ပြုခြင်း ဖြစ်သည်၊ ပြည်သူတို့ ဆွမ်းကို ဘုန်းပေးသုံးဆောင်၍ အပျင်းထူနေခဲ့သော် ဆွမ်းကို အတုံ့ပူဇော်ရာ မရောက်။ ရဟန်းတရား အားထုတ်ခြင်းဖြင့် သာလျှင် ဆွမ်းကို အတုံ့ပူဇော်ရာရောက် ပေမည်” ဟု ဆင်ခြင်သော ရဟန်းအား ဝီရိယသမ္ဗောဇ္ဈင် ဖြစ်ပေါ်လာသည်။ (ကဿကလိုဏ်၌ သီတင်းသုံးသော မဟာမိတ္တ(အယျမိတ္တ) မထေရ်၏ နှလုံးသွင်းပုံမျိုးတည်း၊ ယင်းဝတ္တု အကျယ်ကို အဋ္ဌကထာတို့၌ ကြည့်။ ကျမ်းညွှန်းကို အဆုံး၌ ဖော်ပြထားသည်။)
အရိယာဥစ္စာ ၇-ပါးဟူသော တရားအမေ့ကို ပျင်းရှိသူတို့ မဆက်ခံနိုင်၊ ဝီရိယရှိသူမှသာ ဘုရားရှင်၏ အရိယာဥစ္စာ ၇-ပါး တရားအမွေကို ဆက်ခံနိုင်ပေသည်ဟု ဓမ္မအမွေ၏ မြင့်မြတ်ပုံကို နှလုံးသွင်း ဆင်ခြင်ခြင်းဖြင့် ဝီရိယသမ္ဗောဇ္ဈင်ကို ဖြစ်စေရာ၏။ ကျန်အချက် အလက်တို့မှာ သိသာထင်ရှား၏။
(၄) ဘုရားဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း ဗုဒ္ဓါနုဿတိ၊ တရားဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း ဓမ္မာနုဿတိ၊ သံဃဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း သံဃာနုဿတိ၊ မိမိသီလကို အဖန်ဖန် အောက်မေ့ခြင်း သီလာနုဿတိ၊ မိမိစွန့်ကြဲခြင်းကို အဖန်ဖန်အောက်မေ့ခြင်း စာဂါနုဿတိ၊ နတ်ဗြဟ္မာတို့ကို သက်သေထား၍ မိမိ၏ သဒ္ဓါသီလစသော ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်း ဒေဝတာနုဿတိ၊ ကိလေသာတို့ ငြိမ်းအေးခြင်းကို အဖန်ဖန် အောက်မေ့ခြင်း ဥပသမာနုဿတိ၊ ကြမ်းတမ်းခေါင်းပါး သူကို ရှောင်ကြဉ်ခြင်း၊ နူးညံ့ပြေပြစ်သူကို မှီဝဲဆည်းကပ်ခြင်း၊ စိတ်ကြည်ညိုဘွယ်ရာသုတ်ကို့ကို ဆင်ခြင်ရွတ်ဖတ် သရဇ္ဈာယ်ခြင်း၊ ပီတိသမ္ဗောဇ္ဈင်၌ ကိုင်းညွှတ်ခြင်း (ဝါ) ပီတိသမ္ဗောဇ္ဈင်ကို စွဲစွဲမြဲမြဲ နှလုံးသွင်းခြင်း၊ ဤ ၁၁-ပါးသည် ပီတိသမ္ဗောဇ္ဈင် ဖြစ်ခြင်း၏ အကြောင်းတို့တည်း။
(၅) မွန်မြတ်သော ဘောဇဉ်ကို သုံးဆောင်မှီဝဲခြင်း၊ သပ္ပါယဖြစ်၍ ချမ်းသာသော ဥတုကို မှီဝဲခြင်း၊ ချမ်းသာသော ဣရိယာပုထ်ဖြင့် နေခြင်း၊ အလယ်အလတ်သဘော ထားရှိခြင်း (ကမ္မဿကတာဉာဏ်ကို ကောက်ယူပါ)၊ ပူပန်တတ်သောပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်း၊ ငြိမ်းအေးစွာ နေတတ်သူကို မှီဝဲခြင်း၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်၌ ညွတ်ကိုင်းခြင်း၊ စွဲမြဲစွာ နှလုံးသွင်းခြင်း၊ ဤ ၇-ပါးသည် ပဿဒ္ဓိသမ္ဗောဇ္ဈင် ဖြစ်ခြင်း၏ အကြောင်းတို့တည်း။
(ဤ ၇-ပါးအနက် ပူပန်တတ်သော ပုဂ္ဂိုလ်ဟူသည် ခဲ တုတ် လှံ ထားစသည်ဖြင့် သူတစ်ပါးကို နှိပ်စက်တတ်သူကို ဆိုလို၏။ ထိုကဲ့သို့ မနှိပ်စက်တတ်ပဲ လက်ခြေ စောင့်စည်းတတ်သူကို ငြိမ်းအေးစွာ နေတတ်သူဟု ဆိုလို၏။)
(၆) ကိုယ်တွင်းကိုယ်ပ ဝတ္ထုပစ္စည်းတို့ကို သန့်ရှင်းစင်ကြယ်အောင် ပြုခြင်း၊ ဣန္ဒြေတို့ကို မျှတအော၌ ထားခြင်း၊ (ယင်း ၂-ပါး အဓိပ္ပါယ်ကို အထက်၌ ပြခဲ့ပြီ)။ ကသိုဏ်း နိမိတ် အသုဘနိမိတ်တို့၌ လိမ္မာခြင်း၊ ဘာဝနာစိတ်ကို ချီးမြှောက်သင့်သောအခါ ချီးမြှောက်ခြင်း၊ ဘာဝနာစိတ်ကို နှိပ်သင့်သောအခါ နှိပ်ခြင်း၊ ဘာဝနာစိဟ်ကို ကောင်းစွာရွှင်လန်း စေသင့်သောအခါ ကောင်းစွာ ရွှင်လန်းစေခြင်း၊ ဘာဝနာစိတ်ကို လျစ်လျူရှုသင့်သောအခါ လျစ်လျူရှုခြင်း၊ မတည်ကြည်သော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်း၊ တည်ကြည် သောပုဂ္ဂိုလ်ကို မှီဝဲခြင်း၊ ဈာန်ဝိမောက္ခတို့ကို ဆင်ခြင်ခြင်း၊ သမာဓိသမ္မောဇ္ဈင်၌ ညွတ်ကိုင်းခြင်း (ဝါ) သမာဓိသမ္ဗောဇ္ဈင်ကို စွဲစွဲ မြဲမြဲ နှလုံးသွင်းခြင်း၊ ဤ ၁၁-ပါးသည် သမာဓိသမ္ဗောဇ္ဈင် ဖြစ်ခြင်း၏ အကြောင်း တို့တည်း။
ထို၁၁-ပါးတို့တွင် ဘာဝနာစိတ်နှင့် ပတ်သက်သော အချက်အလက်တို့ကို အနည်းငယ် ရှင်းပြဦးအံ့—ဝီရိယ လျော့ပါးခြင်း စသည်ကြောင့် ဘာဝနာစိတ် တွန့်တိုဆုတ်နစ်သောအခါ ဓမ္မဝိစယ, ဝီရိယ, ပီတိဗောဇ္ဈင် ၃-ပါးကို ဖြစ်စေသဖြင့် ချီးမြှောက်ခြင်းသည် ဘာဝနာစိတ်ကို ချီးမြှောက်သင့်သောအခါ ချီးမြှောက်ခြင်း မည်၏။ အထူးအားထုတ် အပ်ပြီးသော ဝီရိယ, ထက်သန်သောဝီရီယ စသည်ကြောင့် ဘာဝနာစိတ် ပျံ့လွင့်သောအခါ ပဿဒ္ဓိ, သမာဓိ, ဥပေက္ခာဗောဇ္ဈင် ၃-ပါးကို ဖြစ်စေသဖြင့် နှိပ်ခြင်းသည် ဘာဝနာစိတ်ကို နှိပ်သင့်သောအခါ၌ နှိပ်ခြင်းမည်၏။ ပညာ၏ လှုံ့ဆော်မှု အားနည်းခြင်းကြောင့် ဖြစ်စေ, ကိလေသာ ငြိမ်းအေးသော သုခကို မရသောကြောင့်ဖြစ်စေ ဘာဝနာစိတ်သည် သာယာခြင်းမှ ကင်းငြားအံ့ (ငြီးငွေ့လာငြားအံ့)၊ ထိုအခါ ပဋိသန္ဓေ အို နာသေဘေး လေး မျိုးသော ဆင်းရဲနှင့် အပါယ်ဆင်းရဲ, အတိတ်ဝဋ်ဆင်းရဲ, အနာဂတ် ဝဋ်ဆင်းရဲ, ပစ္စုပ္ပန်၌ အာဟာရ ရှာမှီးရသောဆင်းရဲ၊ ဤ ၈-ပါးသော သံဝေဂဝတ္ထုတို့ကို ဆင်ခြင်ခြင်းဖြင့် ဘာဝနာစိတ်ကို ထိတ်လန့်စေရာ၏၊ ထို့ပြင် ရတနာ ၃-ပါးဂုဏ်တော်တို့ကို အောက်မေ့ခြင်းဖြင့် စိတ်ကြည်လင်စေရာ၏၊ ဤသို့ ထိတ်လန့်စေခြင်း စိတ်ကြည်လင်စေခြင်းသည် ဘာဝနာစိတ်ကို ကောင်းစွာ ရွှင်လန်းစေ သင့်သောအခါ ကောင်းစွာ ရွှင်လန်းစေခြင်းမည်၏။ ဘာဝနာစိတ်သည် အကျင့်မှန်ခြင်းကြောင့် တွန့်တိုဆုတ်နှစ်မှု ပျံ့လွင့်မှု ငြီးငွေ့မှု မဖြစ်ပဲ အာရုံ၌ အညီအမျှ ဖြစ်သောအခါ သမထလမ်းပေါ် သွားနေသောအခါ ချီးမြှောက်ခြင်း နှိပ်ခြင်း ကောင်းစွာ ရွှင်လန်းခြင်းဟူသော လုံ့လ ဗျာပါရ မပြုပဲ လျစ်လျူရှုခြင်းသည် ဘာဝနာ စိတ်ကို လျစ်လျူရှုသင့်သောအခါ လျစ်လျူရှုသည် မည်၏။ မြင်းတို့ အညီအမျှ အပြေးမှန်သောအခါ ရထားထိန်းသည် ဘာမျှ လှုံ့ဆော် အားစိုက်မှု မပြုဘဲ လျစ်လျူရှုသကဲ့သို့ မှတ်ပါ။
(၇) ဆတ္တဝါတို့၌ အလယ်အလတ် သဘောထားခြင်း၊ လျစ်လျူရှုခြင်း၊ သင်္ခါရတို့၌ အလယ်အလတ် သဘောထားခြင်း၊ လျစ်လျူရှုခြင်း၊ သတ္တဝါ သင်္ခါရတို့ကို စုံမက် ချစ်ခင်တတ်သော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်ခြင်း၊ သတ္တဝါသင်္ခါရတို့၌ အလယ်အလတ် သဘောထားရှိသော ပုဂ္ဂိုလ်ကို မှီဝဲခြင်း၊ ဥပေက္ခာသမ္ဗောဇ္ဈင်၌ ညွတ်ကိုင်းခြင်း (ဝါ) ဥပေက္ခာသမ္ဗောဇ္ဈင်ကို စွဲစွဲမြဲမြဲနှလုံးသွင်းခြင်း၊ ဤ ၅-ပါးသည် ဥပေက္ခာသမ္ဗောဇ္ဈင် ဖြစ်ခြင်း၏ အကြောင်းတို့တည်း။
ထို၅-ပါးတို့တွင် သတ္တဝါ သင်္ခါရတို့၌ အလယ်အလတ် သဘောထားပုံ လျစ်လျူရှုပုံ အကြောင်းတို့ကို ရှင်းပြပါဦးမည်— “ဘယ်သူမဆို ကံ အတိုင်းလာ၍ ကံအတိုင်း သွားရပေမည်၊ သို့ဖြစ်လျက် သင်သည် အဘယ်သူကို အဘယ်ကြောင့် ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးနေရဘိသနည်း”ဟု ကံသာ မိမိဥစ္စာရှိသည်အဖြစ်ကို ဆင်ခြင်သဖြင့်လည်းကောင်း, “သတ္တဝါဟူ၍ ပရမတ်အားဖြင့် မရှိချေ။ သို့ဖြစ်လျက် သင်သည် အဘယ်သူကို အဘယ်ကြောင့် ချစ်ခင်စုံမက် နှစ်သက် မြတ်နိုးနေရဘိသနည်း” ပုဂ္ဂိုလ်သတ္တဝါ ဆိတ်သုဉ်းခြင်းကို ဆင်ခြင်သဖြင့်၎င်း ထိုအကြောင်း ၂-ပါးတို့ဖြင့် သတ္တဝါတို့၌ လျစ်လျူရှုကာ အလယ်အလတ် သဘော ထားရာ၏။
သင်္ခါရတို့၌ အလယ်အလတ် သဘောထားပုံ လျစ်လျူရှူပုံ— သင်္ကန်းတထည် တွေ့မြင်ရ ဝတ်ရုံ သုံးဆောင်ရသည် ဆိုပါစို့— သင်္ကန်းသည် အဆင်းအရောင် မှေးမှိန်မွဲချောက် ဖောက်ပြန်ခြင်းသို့ ရောက်ပေမည်၊ ထိုအခါ ခြေသုတ်စသည် ပြုလုပ်၍ နောက်ဆုံး စွန့်ပစ်ရပေမည်၊ အကယ်၍ သင်္ကန်း၌ အရှင်သခင် အစိုးရရှိလျှင် ဤသို့ ပျက်စီးမည် မဟုတ်”ဟု အရှင်သခင် အစိုးရမရှိခြင်းကို ဆင်ခြင်သဖြင့်လည်းကောင်း, “ဤသင်္ကန်းသည် အရှည် ခိုင်ခံ့ တည်တန့်သည်မဟုတ်၊ အခိုက်အတန့်သာ တည်မြဲသော ပစ္စည်းပါတကား”ဟု အခိုက်အတန့်မျှဖြစ်သော သဘောကို ဆင်ခြင်သဖြင့်၎င်း, ထိုအကြောင်း ၂-ပါးတို့ဖြင့် သင်္ကန်းဟူသော သင်္ခါရ၌ လျစ်လျူရှုကာ အလယ်အလတ်သဘော ထားရာ၏။ သင်္ကန်းကို နည်းမှီး၍ သပိတ် ပရိက္ခရာစသောပစ္စည်း ဝတ္ထုတို့၌ လျစ်လျူရှုပုံကို သိပါ၊ ဤကား ဗောဇ္ဈင်ဖြစ်ခြင်း၏ အကြောင်းတို့ကို သိသင့် သိထိုက်သော အဓိပ္ပါယ်အချို့ နှင့်တကွ ပြဆို ချက်ဘည်း၊ အကျယ်ကို သတိပဋ္ဌာနသုတ် ဗောဇ္ဈင်ပိုင်းအဖွင့်၊ ဗောဇ္ဈင်္ဂသံယုတ် အာဟာရသုတ်အဖွင့်တို့၌ ကြည့်ပါ။ [၁၆]
- ဗောဇ္ဈင်ပွါးများခြင်း
- ဗောဇ္ဈင်၏ အကျိုးအာနိသင် ကို ကြည့်ပါ။[၁၇]
ကိုးကား
ပြင်ဆင်ရန်- ↑ (ပု) [ဗောဓိ+အင်္ဂ။]
- ↑ သံ၊ဋ္ဌ၊၃၊၁၇၆။ အဘိ၊ဋ္ဌ၊၁၊၂၆၂။ အဘိ၊ဋ္ဌ၊၂၊၂၉၆။]
- ↑ သီလေ ပတိဋ္ဌာယ သတ္တဗောဇ္ဈင်္ဂေ ဘာဝန္တော။ သံ၊၃၊၅၈။ (ဝိ၊၄၊၄၂၃။ မ၊၁၊၈ဝ။ အံ၊၁၊၁၃။ အံ၊၃၊၄၃။ အဘိ၊ဓ၊၇၄။ ပဋိသံ၊၂၇။ ခုဒ္ဒက၊၃။ ဥဒါန၊၁၄၃။ ထေရ၊၂၅၃၊ ၂၇၈။ ထေရီ၊ ၃၈၁။ မဟာနိ၊၁၂။) ဗောဓိယာ ဗောဓိဿ ဝါ အင်္ဂါတိ ဗောဇ္ဈင်္ဂါ...တေနာ-ဟု အဋ္ဌကထာစရိယာ “ဗုဇ္ဈနကသာ ပုဂ္ဂလဿ အင်္ဂါတိ ဝါ ဗောဇ္ဈင်္ဂါ”တိ။ သံ၊ဋ္ဌ၊၃၊၁၇၆။ (မ၊ဋ္ဌ၊၁၊၈၆-၇၊ ၂၉၃။ အံ၊ဋ္ဌ၊၁၊၆၂-၃။ ၃၈၉။ အဘိ၊ဋ္ဌ၊၁၊၂၆၂။ ပဋိသံ၊ဋ္ဌ၊၁၊၈၉-၉၀၊ ၁၁၈။ ဝိသုဒ္ဓိ၊၂၊၃၁၉။ ခုဒ္ဒက၊ဋ္ဌ၊၇၀-၁။ ဥဒါန၊ဋ္ဌ၊၂၇၇။ ဣတိဝုတ်၊ဋ္ဌ၊၁၂၄။ ထေရ၊ဋ္ဌ၊၁၊၃၆၂။ ထေရ၊ဋ္ဌ၊၂၊၆၀။ ထေရီ၊ဋ္ဌ၊၂၉။ မဟာနိ၊ဋ္ဌ၊၄၄၊ ၅၆။)
- ↑ သံ၊၃၊၆၅။ သံ၊ဋ္ဌ၊၃၊၁၈၂။
- ↑ (ပဋိသံ၊၃၀၂-၁၀)
- ↑ သံ၊၃၊၆၄။ အဘိ၊၂၊၂၃၆။
- ↑ သံ၊၃၊၅၈။ အဘိ၊၂၊၂၃၈။ သံ၊ဋ္ဌ၊၃၊၁၇၇၊ အဘိ၊ဋ္ဌ၊၂၊၃၀၁။
- ↑ (သံ၊၃၊၁၁၀)
- ↑ မ၊၃၊၁၂၇-၈။ သံ၊၃၊၆၂။ မ၊ဋ္ဌ၊၁၊၈၇။ အဘိ၊ဋ္ဌ၊၂၊၂၉၆-၇။
- ↑ အဘိ၊ဝိ၊၂၃၆။ အဘိ၊ဋ္ဌ၊၂၊၂၉၇၉။
- ↑ မ၊ဋ္ဌ၊၁၊၈၇-၈။ အဘိ၊ဋ္ဌ၊၂၊၂၉၇။
- ↑ သံ၊ဋ္ဌ၊၃၊၂၀၄-၅၊)
- ↑ သံ၊၃၊၉၆-၈
- ↑ (အဘိ၊ဋ္ဌ၊၁၊၁၉၀။
- ↑ (သံ၊၃၊၉၁-၂။
- ↑ ဒီ၊ဋ္ဌ၊၂၊၃၇၆-၈၅။ မ၊ဋ္ဌ၊၁၊၂၉၄-၃၀၀။ သံ၊ဋ္ဌ၊၃၊၁၉၃-၂၀၁။ အဘိ၊ဋ္ဌ၊၂၊၂၆၃-၂၇၃။
- ↑ တိပိဋကအဘိဓာန် အတွဲ-၁၅