ပလိဗောဓ ဆိုသည်မှာ ကမ္မဋ္ဌာန်း ဝိပဿနာကို အားထုတ်ဆဲအခါ ဖြစ်ပေါ်လာတတ်သော ပူပန်စရာ စိုးရိမ်စရာ ကြောင့်ကြစရာ(အနှောင်အဖွဲ့) မျိုးကိုဆိုလိုသည်။ ထိုပူပန်စရာ စိုးရိမ်စရာ ကြောင့်ကြစရာ ဖြစ်သော ပလိဗောဓကို ကမ္မဋ္ဌာန်းဝိပဿနာ အားထုတ်ရာ၌ ဝင်ရောက်နှောက်ယှက်ခြင်း မရှိစေခြင်းငှာ ရှေးဦးစွာ ရှင်းလင်း ကင်းပြတ်အောင် ပြုလုပ်ထားရမည်ဟု ဆိုလိုသည်။ ထိုသို့ ပူပန်စရာဖြစ်သော ပလိဗောဓများမှာ (၁၅)ပါးရှိသည်။ ယင်းတို့အနက် ပလိဗောဓကြီး(၁၀)ပါးနှင့် ပလိဗောဓငယ်(၅)ပါးဟု ထပ်မံခွဲခြားပြထားသည်။

ပလိဗောဓကြီး(၁၀)ပါး ပြင်ဆင်ရန်

  • ၁။ အာဝါသ ပလိဗောဓ

ကျောင်းနေရာ အရိပ်အာဝါ အတွက် မပြီးစီးသဖြင့် ပူပန်စိုးရိမ်ကြောင့်ကြနေရခြင်း၊

  • ၂။ ကုလပလိဗောဓ

အလုပ်အကျွေး၊ အစေအပါး၊ ဒါယကာဒါယိကာမများအတွက် စိတ်လက်မချ သောကပိုနေရခြင်း၊

  • ၃။ လာဘပလိဗောဓ

ရရှိပြီးသော ပစ္စည်းဥစ္စာ၊ ရလတ္တံ့သော ပစ္စည်းဥစ္စာ လာဘ်လာဘတို့အတွက် ကြောင့်ကြနေရခြင်း၊

  • ၄။ ဂဏပလိဗောဓ

နှစ်သက် ချစ်ခင် မေတ္တာဝင်၍ မိတ်သင်္ဂဟ ဖြစ်သဖြင့် အတူတကွ စားသောက်နေထိုင်ဖူးသော သီတင်းသုံးဖော် စသည့် အပေါင်းအသင်း(ဂိုဏ်း) များအတွက် ငဲ့ကွက်ပူပင်နေရခြင်း၊

  • ၅။ ကမ္မပလိဗောဓ

‌ဝေယျာဝစ္စ၊ အမှုကြီးငယ်၊ အသစ်တို့အတွက် ရှုပ်ထွေးစိတ်မအေးနေရခြင်း၊

  • ၆။ အဒ္ဓါနပလိဗောဓ

အဝေးအနီး ကိစ္စကြီးငယ် အသွယ်သွယ်ကြောင့် သွားလာရန်လမ်းခရီးများသောကြောင့် ကြောင့်ကြနေရခြင်း၊

  • ၇။ ဉာတိပလိဗောဓ

ဆရာ၊ တပည့်၊ မိဘ၊ ဘိုးဘွား ညီအစ်ကိုဆွေမျိုးတို့အတွက် ပူပင်နေရခြင်း၊

  • ၈။ အာဗာဓပလိဗောဓ

အနာရောဂါ တစ်ခုခု စွဲကပ်နေသောကြောင့် နေထိုင်စားသောက်မကောင်းသဖြင့် ပူပင်နေရခြင်း၊

  • ၉။ ဂန္ထပလိဗောဓ

စာပေကျမ်းဂန်များကို သင်အံပို့ချခြင်း၊ ရေးသားပြုစုခြင်း၊ ဟောပြောသင်ကြားနေရခြင်း စသည်တို့အတွက် အလုပ်များနေရခြင်း၊

  • ၁၀။ ဣဒ္ဓိပလိဗောဓ

ပုထုဇဉ် ပုဂ္ဂိုလ်တို့ ရရှိထားသော ဈာန် အဘိညာဉ် စသော တန်ခိုးဣဒ္ဓိပါဒ် အတွက် ငဲ့ကွက်ပူပန်နေရခြင်း၊ [၁]

ဆောင်ပုဒ် ပြင်ဆင်ရန်

အာ ကု လာဘ ဂိုဏ်း ကိစ္စ၊ ပထ ဉာ အနာ။ ကျမ်းဂန် တန်ခိုး၊ ဤဆယ်မျိုး ဖြတ်ရိုး ဝိပသ်မှာ။ [၂]

ပလိဗောဓငယ်(၅)ပါး ပြင်ဆင်ရန်

၁။ ရှည်သော ဆံပင်မုတ်ဆိတ်လက်သည်းခြေသည်း စသည်တို့ကို ပယ်အပ်သည်။

၂။ ဆွေးမြေ့ စုတ်ပြတ်သော သင်္ကန်း၊ အဝတ်စသည်တို့ကို ခိုင်မြဲအောင် ဖာထေးချုပ်ခြင်းကို ပြုအပ်သည်။

၃။ ဟောင်းနွမ်းညစ်လွန်းသော သင်္ကန်း၊ အဝတ်တို့ကို သန့်စင်အောင်လျှော်ဖွပ် အပ်သည်။

၄။ အညစ်အကြေးတင်သော သပိတ်များကိုလည်း စင်ကြယ်အောင် ပြုအပ်သည်။

၅။ အိပ်ရာ၊ ခုတင်အင်းပျဉ်ညောင်စောင်း စသည်တို့ကို ပြုပြင်အပ်သည်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. အရှင်ဇာဂရ- ဝိပဿနာကြေးမုံကျမ်း
  2. အရှင်ဇာဂရ- ဝိပဿနာကြေးမုံကျမ်း
  3. အရှင်ဇာဂရ- ဝိပဿနာကြေးမုံကျမ်း