နောင်ချိုမြို့နယ်

ရှမ်းပြည်နယ် ကျောက်မဲခရိုင်ရှိ မြို့နယ်

နောင်ချိုမြို့နယ် သည် မြန်မာနိုင်ငံ အရှေ့ပိုင်း၊ ရှမ်းပြည်နယ်ကျောက်မဲခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ နောင်ချိုမြို့ ဖြစ်သည်။ နောင်ချိုဟူသော အမည်မှာ ရှမ်းဘာသာစကားဖြစ်ပြီး ရေကန်စိမ်းအနီးမှ စခန်းတစ်ခု (နောင် = ရေကန်၊ ချို = အစိမ်းရောင်) ဟု အဓိပ္ပာယ်ရသည်။ နောင်ချိုကို ရှေးအခါက အင်းစိမ်းစခန်းဟု ခေါ်ခဲ့သည်။ အဆိုပါအင်းစိမ်း တည်နေရာမှာ ယခု နောင်ချိုမြို့ ဟော်တော်ကျောင်းတိုက် အနောက်ဘက်တွင် တည်ရှိသည်။[၂]

နောင်ချိုမြို့နယ်
မြို့နယ်
ကျောက်မဲခရိုင်အတွင်းတည်နေရာ
ကျောက်မဲခရိုင်အတွင်းတည်နေရာ
နောင်ချိုမြို့နယ် သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
နောင်ချိုမြို့နယ်
နောင်ချိုမြို့နယ်
ကျောက်မဲခရိုင်အတွင်းတည်နေရာ
ကိုဩဒိနိတ်: 22°20′02″N 96°48′05″E / 22.333809°N 96.801421°E / 22.333809; 96.801421ကိုဩဒိနိတ်: 22°20′02″N 96°48′05″E / 22.333809°N 96.801421°E / 22.333809; 96.801421
နိုင်ငံ မြန်မာ
ပြည်နယ်ရှမ်းပြည်နယ်
ခရိုင်ကျောက်မဲခရိုင်
မြို့နယ်ရုံးစိုက်ရာမြို့နောင်ချိုမြို့
ဧရိယာ
 • စုစုပေါင်း၄၈၈.၄၄ စတုရန်းမိုင် (၁၂၆၅.၀၆ စတုရန်းကီလိုမီတာ)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၂၇၅၀ ပေ (၈၄၀ မီတာ)
လူဦးရေ (၂၀၂၀)[၁]၁၃၂,၅၂၀
 • ဓနု - ၃၆.၀၃%

ရှမ်း - ၃၃.၈၁%

ဗမာ - ၂၄.၀၉%

ကချင် - ၁.၀၁%

အခြားလူမျိုး - ၅.၀၆%
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6:30)

ပထဝီဝင် ပြင်ဆင်ရန်

နောင်ချိုမြို့နယ်သည် မြောက်လတ္တီကျူ့ ၂၂° ၄၅' နှင့် ၂၃° ၁၅' အကြား၊ အရှေ့လောင်ဂျီကျူ့ ၉၆° ၀၀' နှင့် ၉၇ ° ၀၀' အကြားတွင် တည်ရှိသည်။ နောင်ချိုမြို့နယ်သည် အကျယ်အဝန်း ၃,၂၇၇.၉ စတုရန်း ကီလိုမီတာ (၁,၂၆၅.၆ စတုရန်းမိုင်) ကျယ်ဝန်းသည်။

နယ်နိမိတ်များ ပြင်ဆင်ရန်

နောင်ချိုမြို့နယ်နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသော မြို့နယ်များမှာ[၃]

မြေမျက်နှာသွင်ပြင် ပြင်ဆင်ရန်

ဒေသ၏ အလယ်ပိုင်း မြို့နယ်ဧရိယာ၏တစ်ဝက်ခန့်မှာ စိုက်ပျိုးရန်ကောင်းမွန်သော လွင်ပြင်များဖြစ်ပြီး ပတ်ပတ်လည်မှ တောင်တန်းများ ဝန်းရံလျက်ရှိသည်။ လွင်ပြင်သည် မြောက်ပိုင်း ဟိုခိုရွာ အနီး ပင်လယ်မျက်နှာပြင်အထက် ပေသုံးထောင်ခန့်အမြင့်မှ ဆင်ခြေလျှောပုံစံ တောင်ဖက်သို့ တစ်ဖြည်းဖြည်းနိမ့်ဆင်းလာပြီး ဖောင်းအော်ချောင်း ရှိရာ အမြင့်ပေ ၇၀၀ ခန့် သို့ အရောက်တွင် ကျောက်ကြမ်း ပြတ်ရွေ့ ကြောင့် ဖြစ်ပေါ်နေသော တောင်ကမ်းပါးယံ နေရာတွင် အမြင့်ပေ လေးထောင်ခန့်သို့ ရုတ်တရက် မြင့်တက်သွားသည်။ အနောက်မြောက်ဘက် တောင်တန်းများ သည် ဘန့်ဘွေးကျင်း ကျေးရွာအုပ်စု၏ အနောက်ဖက်တွင် ကျောက်ဆောင်ကမ်းပါးယံကြီးများအဖြစ် ရုတ်တရက် နိမ့်ဆင်းသွားပြီး အနောက်ဖက် ဆည်တော်ကြီး ဆည်နှင့် ဆက်စပ်လျက် ရှိသည်။ ဂုတ်တွင်းချောင်း နှင့် ဒုဋ္ဌဝတီမြစ် ဖြတ်သန်းစီးဆင်းရာ လျှိုကြီးများ တစ်လျှောက်တွင်လည်း မတ်စောက်သော ကျောက်သား ကမ်းပါးယံများ ဖြစ်ပေါ်နေသည်။ တောင်ထူထပ်ရာ မြေမျက်နှာပြင်ဧရိယာ အများစုတွင် သဘာဝ မိုးသစ်တောများ ပေါက်ရောက်လျက်ရှိကြသည်။ အလယ်ပိုင်းလွင်ပြင်တွင် ချောင်းများ ကွန်ယက်သဖွယ် ယှက်ဖြာစီးဆင်းနေပြီး စိုက်ပျိုးရေးဖြစ်ထွန်းသည်။ မြို့နယ်တွင်းတွင် မြစ်ချောင်းများစွာ စီးဆင်းလျက်ရှိပြီး အချို့နေရာများတွင် လှပသော ရေတံခွန်များ တည်ရှိသည်။ မြို့နယ်၏ နယ်နိမိတ်ပိုင်းခြားအမှတ်အသား အတော်များများမှာလည်း မြစ်ချောင်းများဖြစ်ကြသည်။ အင်းဝိုင်း ရေတံခွန်၊ အင်းဖိုရေတံခွန်၊ ချောင်းကြီးရေပြန်တောင် ရေတံခွန်နှင့် သပြေဒိုး ရေတံခွန်တို့မှာ နာမည်ကျော်ရေတံခွန်များ ဖြစ်ကြသည်။ ဆိပ်ဖူးရွာအနီးတွင် ရေပူစမ်းတစ်ခုလည်း တည်ရှိသည်။ မြို့နယ်တွင်းတွင် စိုက်ပျိုးရေးအတွက် ရေတမံငယ်များ ၃၀ ခန့် တည်ဆောက်ထားသည်။[၂]

အမြင့်ပေ ပြင်ဆင်ရန်

ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေမှာ အနိမ့်ဆုံးနေရာဖြစ်သော မြို့နယ်၏တောင်ဖက် ဒုဋ္ဌဝတီမြစ် နှင့် မြို့နယ်၏ အနောက်မြောက်ဖက် ဆည်တော်ကြီး ဒေသများတွင် ၆၀၀ ပေဝန်းကျင်နှင့် ဒေသတွင်းရှိ အမြင့်ဆုံးနေရာဖြစ်သော မြို့နယ်၏တောင်ပိုင်း ရွှေမုဋ္ဌော နှင့် တောင်းခမ်းကျေးရွာအုပ်စု အနီးဝန်းကျင်တွင် ၄၃၀၀ ပေခန့် ရှိကာ ပျမ်းမျှအမြင့်ပေမှာ ၂၇၅၉ ပေ ရှိသည်။

ဘူမိဗေဒ ပြင်ဆင်ရန်

မြန်မာနိုင်ငံရှိ ဒုတိယအကြီးဆုံးပြတ်ရွေ့ဖြစ်သော ကျောက်ကြမ်းပြတ်ရွေ့သည် နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းရွာအနီးတွင် တည်ရှိပြီး အဆိုပါ ပြတ်ရွေ့ကြောင့် ၁၉၁၂ ခုနှစ်တွင် ၈.၀ ရစ်ချ်တာစကေးဖြင့် ပြင်ဦးလွင်မြေငလျင်လှုပ်ခတ်မှု ဖြစ်ခဲ့သည်။[၄] ကျောက်ကြမ်းပြတ်ရွေ့သည် Lat. 22˚ 18´N – Long. 96˚ 44´E အကြား တောင်မြောက်တည်ရှိပြီး ၈၀၀ ကီလိုမီတာခန့်ရှိကာ ရှမ်းပြည်နယ်မှ ကယားပြည်နယ် တောင်ပိုင်းအထိ ရှည်လျားသည်။[၅][၄][၆][၇][၈] ဘန့်ဘွေးကျင်းရေတံခွန် ရှိရာ ပြတ်ရွေ့ကြောကြီးအပါအဝင် အခြားပြတ်ရွေ့များလည်း ရှိသည်။ ပြတ်ရွေ့ကြောများ အနီးဝန်းကျင်တွင် ဓာတ်သတ္တုများ တွေ့ရသည်။ မြေလွှာလှုပ်ရှားမှု များသည့် အားလျော်စွာ ရေပူစမ်းများကိုလည်း တွေ့ရသည်။ မြေဆီလွှာမှာ မြေနီအမျိုးအစားက အများစုဖြစ်သည်။ အချို့နေရာများတွင် သစ်ဆွေးမြေ ရှိသည်။

ရာသီဥတု ပြင်ဆင်ရန်

ပူပြင်းခြောက်သွေ့သော နွေရာသီ၊ မိုးရာသီ၊ အေးမြသော ဆောင်းရာသီဟူ၍ ရာသီဥတု သုံးမျိုး တွေ့ရသည်။ နောင်ချိုမြို့တွင် မိုးလေဝသစခန်း တခုသာ ရှိသဖြင့် စခန်းတည်ရှိရာ နောင်ချိုမြို့၏ ရာသီဥတု ကိုသာ တိုင်းတာမှတ်တမ်းတင်ခြင်းများရှိသည်။ နောင်ချိုမြို့နယ် တခုလုံး၏ ရာသီဥတုကို တိုင်းတာ မှတ်တမ်းတင်နိုင်ခြင်း မရှိပေ။ စခန်းမှတ်တမ်းအရ တစ်နှစ်လျှင် ရက်ပေါင်း ၉၀ မှ ၁၃၀ ရက်ခန့်သည် မိုးရွာသွန်းသောရက်များ ဖြစ်ပြီး နှစ်စဉ် မိုးရေချိန် ၄၇ မှ ၇၀ လက်မအထိ ရှိသည်။ အပူချိန်မှာ ဆောင်းရာသီတွင် ၄၃° မှ ၈၁° ဖာရင်ဟိုက်ခန့် ဖြစ်ပြီး နွေရာသီတွင် ၆၁° မှ ၉၆° ဖာရင်ဟိုက်ခန့် ရှိသည်။ ရာသီကူးပြောင်းချိန်များတွင် လေပြင်းတိုက်ခတ်လေ့ရှိပြီး အချို့နေရာများတွင် မိုးကြိုးမုန်တိုင်းငယ်ပုံစံ တိုက်ခတ်တတ်သည်။ ၂၁ ရာစု၏ ဒုတိယ ဆယ်စုနှစ်မှ စတင်သော ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု အလျင်အမြန် ပြောင်းလဲမှု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ အခြားဒေသများ နည်းတူ မိုးရာသီ နှင့် ဆောင်းရာသီ အချိန် ပိုမိုတိုတောင်းသွားပြီး နွေရာသီ ပိုမိုရှည်လျားလာသည်ကို တွေ့ရသည်။ စိုက်ပျိုးမြေချဲ့ထွင်ခြင်း၊ ထုံးဖုတ်ခြင်း၊ မီးသွေးဖုတ်ခြင်း၊ သစ်မှောင်ခိုလုပ်ခြင်းတို့ကြောင့် သစ်တောပြုန်းတီးမှု ရှိလာပြီး အချို့နေရာများတွင် မြေအောက်ရေ စတင်လျော့နည်းလာသည်ကို တွေ့ရသည်။

သဘာဝပေါက်ပင် ပြင်ဆင်ရန်

ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေခြောက်ရာခန့် မှ အမြင့်ပေလေးထောင်ခန့် အတွင်း ရှိသဖြင့် အပူပိုင်း၊ သမပိုင်း၊ အအေးပိုင်း အပင်များ စုံလင်စွာပေါက်ရောက်သည်။ သဘာဝတော အများစုမှာ မိုးသစ်တောပုံစံ ပေါက်ရောက်ကြသည်။ တောင်ပေါ်ဒေသများတွင် ဒေသထင်းရူး၊ ချယ်ရီ မျိုးများ ပေါက်ရောက်သည်။ အနိမ့်ပိုင်းများတွင် ကျွန်း၊ ပျဉ်းကတိုး၊ အင်၊ အင်ကြင်း၊ ထောက်ကြံ့၊ ယင်းငူပင်၊ သစ်မာသပြေ၊ ပိန္နဲ၊ သင်းဝင်၊ တောင်တမာ၊ လျှာ၊ ယင်းတိုက်၊ မန်ကျည်း၊ သရက်၊ ညောင်၊ စကားဝင်၊ ရေထင်းရူး၊ ပိတောက်၊ ကညင် ပင်များ ပေါက်ရောက်သည်။ နေရာအတော်များများတွင် ဝါးမျိုးစုံ ပေါက်ရောက်သည်။ သစ်ခွမျိုးစုံ တွေ့ရသည်။ နေကြာရိုင်းများ နေရာစုံတွင် ပေါက်ရောက်သည်။ မှိုမျိုးစုံ တွေ့ရသည်။

ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောများ ပြင်ဆင်ရန်

နောင်ချိုမြို့နယ်တွင် ကြိုးဝိုင်းကာကွယ်တော စုစုပေါင်း (၁၄၄,၉၆၅.၆၈) ဧက ရှိသည်။ ကိုင်းကြီး သစ်တော ကြိုးဝိုင်းတွင် မြန်မာ့သစ်လုပ်ငန်း ၏ ခုတ်ကွက်ကြီးများ ရှိပြီး ကြိုးပြင်ကာကွယ်တော စုစုပေါင်း (၂၉,၁၅၄) ဧက ရှိသည်။

တောရိုင်းတိရစ္ဆာန် ပြင်ဆင်ရန်

သဘာဝသစ်တောများတွင် တောဆင်ရိုင်း၊ ကျား၊ ကျားသစ်၊ အင်းကျား၊ တောခွေး၊ တောဝက်၊ ချေ၊ ဆတ်၊ တောင်ဆိတ်၊ သမင်၊ ဝက်ဝံ၊ မြောက်လွှဲကျော်၊ မြောက် အပါအဝင် တောရိုင်းတိရစ္ဆာန်မျိုးစုံ၊ စပါးကြီးမြွေ၊ စပါးအုံးမြွေ၊ ငန်းတော်ကြားမြွေ၊ မြွေဟောက်၊ လင်းမြွေ၊ ဖွတ်၊ တောက်တဲ့မျိုးစုံ၊ ပုပ်သင်မျိုးစုံ၊ လိပ်မျိုးစုံ အပါအဝင် တွားသွားသတ္တဝါမျိုးစုံ၊ ဥဒေါင်း၊ ခါ၊ ရစ်၊ ကြက်တူရွေး၊ သာလိကာ၊ သစ်တောက်ငှက်၊ ဘုတ်၊ ဘွတ်ဖင်နီ၊ ဘုတ်ချွဲ၊ တစ်တီတူး၊ ငုံး၊ တောကြက်၊ အပါအဝင် ငှက်မျိုးစုံ၊ ငါး အပါအဝင် ရေသတ္တဝါမျိုးစုံ၊ လိပ်ပြာ၊ ပုစဉ်း၊ ပျား၊ ပိတုန်း အပါအဝင်အင်းဆက်မျိုးစုံ တို့ကို တွေ့ရှိရသည်။

ရေဆင်း နှင့် ရေအရင်းအမြစ် ပြင်ဆင်ရန်

ရှမ်းကုန်းမြင့်၏ အခြားဒေသများနည်းတူ နောင်ချိုမြို့နယ်သည်လည်း မြန်မာနိုင်ငံ၏ အရေးကြီးသော ရေဝေရေလဲ ဒေသတစ်ခုဖြစ်သည်။

ချောင်းများ ပြင်ဆင်ရန်

နောင်ချိုမြို့နယ်တွင် မြစ်ဖျားခံသော ချောင်းအများအပြားရှိနေပြီး ချောင်းအားလုံးမှာ စိုက်ပျိုးရေ၊ သောက်သုံးရေ အတွက်သာမက၊ ဆည်၊ တမံ၊ ရေအားလျှပ်စစ် စီမံကိန်းများအတွက် အထူးအရေးကြီးသည့် ရေအရင်းအမြစ်များဖြစ်သည်ကို တွေ့ရသည်။

  • ဆည်တော်ကြီးဆည် ရေဝေရေလဲချောင်းများ
    • ရေနီချောင်း ခေါ် ချောင်းမကြီးချောင်း
    • နဂါးချောင်း
    • မင်းလှချောင်း
    • အခြားချောင်းငယ်များ
  • ရဲရွာရေအားလျှပ်စစ် ရေဝေရေလဲချောင်းများ
    • ဂယ်လောင်းချောင်း
    • ဖောင်းအော်ချောင်း
    • အခြားချောင်းငယ်များ
    • အလယ်ရဲရွာရေအားလျှပ်စစ် ရေဝေရေလဲချောင်းများ
  • အလယ်ရဲရွာရေအားလျှပ်စစ် ရေဝေရေလဲချောင်းများ
    • ဂုတ်တွင်းချောင်း
    • အခြားချောင်းငယ်များ

နောင်ချိုမြို့နယ်တွင် စီးဆင်းနေသော ချောင်းအများစုသည် မြို့နယ်၏ မြောက်ဘက်ပိုင်းတွင် မြစ်ဖျားခံကြပြီး မြို့နယ်အလယ်ပိုင်း မြေပြန့်လွင်ပြင်တစ်လျှောက် တောင်ဘက်သို့ စီးဆင်းကာ ဖောင်းအော်ချောင်းမှ တစ်ဆင့် ဒုဋ္ဌဝတီမြစ်ထဲသို့ ဆက်လက်စီးဝင်သည်။ ဂုတ်တွင်းချောင်း၏ ချောင်းလက်တက်များသည် မြို့နယ်၏ မြောက်၊ အရှေ့မြောက် ဒေသများတွင် မြစ်ဖျားခံပြီး တောင်ဘက်သို့ စီးဆင်းကာ ဂုတ်တွင်းတံတားအနီး ဂုတ်တွင်းချောင်းအြဖစ် ပေါင်းဆုံကြကာ မြို့နယ်၏ အရှေ့ဘက် နယ်နိမိတ်မျဉ်းအတိုင်း တောင်ဘက် ဒုဋ္ဌဝတီမြစ်နှင့် ပေါင်းဆုံရာသို့ ဆက်လက်စီးဆင်းသည်။ မြို့နယ်၏ အနောက်မြောက်ဒေသတွင်မူ ချောင်းများသည် အရှေ့မှ အနောက်သို့ စီးဆင်းကြပြီး ဆည်တော်ကြီး ဆည်ထဲသို့ စီးဝင်သည်။

မြစ်များ ပြင်ဆင်ရန်

ဒုဋ္ဌဝတီမြစ် ခေါ် မြစ်ငယ်မြစ်သည် ကျောက်မဲမြို့နယ်၏ တောင်ဘက်အနားသတ်အတိုင်း စီးဆင်းလာပြီး နောင်ချိုမြို့နယ်၏ တောင်ဘက်အနားသတ်မျဉ်းအဖြစ် ကွေ့ဝိုက် စီးဆင်းကာ နောင်ချို၊ ပြင်ဦးလွင်၊ ကျောက်ဆည်မြို့နယ်များ ပေါင်းဆုံရာ၊ ဖောင်းအောင်ချောင်းလာရောက်ပေါင်းဆုံရာ နေရာတွင် အနောက်ဘက်သို့ကွေ့ပြီး ပြင်ဦးလွင်နှင့် ကျောက်ဆည်မြို့နယ်များ နယ်နိမိတ်အဖြစ် ဆက်လက် စီးဆင်းသည်။ ရဲရွာရေအားလျှပ်စစ်စီမံကိန်းပြီးစီးသည့်နောက်ပိုင်းတွင် ရေမျက်နှာပြင်မြင့်တက်မှုကြောင့် နောင်ချိုမြို့နယ် မယ်ဟုန်၊ ဘန်ဘုန်ရွာများ အနီးအထိ ဆည်ရေပြင်ကျယ် ဖြစ်ပေါ်လာသည်ကို တွေ့ရသည်။ ရေတွင်းကြီးရွာ၏ တောင်ဘက်၊ ပြောင်လျှိုရေကျ၏ အထက်ဖက် နေရာတွင် အလယ်ရဲရွာရေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်ရန် ရှိနေသည်။

ရေတံခွန်များ ပြင်ဆင်ရန်

ရေအရင်းအမြစ်ပေါများသည့် တောင်ပေါ်ဒေသဖြစ်သဖြင့် ရေတံခွန်များစွာ တွေ့ရသည်။ ထင်ရှားသော ရေတံခွန်များမှာ

ဆည်၊ တမံ၊ ရေကန်များ ပြင်ဆင်ရန်

30em

မြေအောက်ရေ ပြင်ဆင်ရန်

နောင်ချိုမြို့နယ်တွင် မြေအောက်ရေ ပေါများစွာ တွေ့ရသည်။ မည်သည့်နေရာမဆို ရေတွင်းတူးလျင် ရေ အလွယ်တကူ ထွက်ရှိသော်လည်း မြို့နယ်၏ တောင်ဘက် တောင်ပေါ်ဒေသများတွင်မူ မြေအောက်ရေ နည်းပါးသည်။ ကျောက်ခွေစီရေတွင်းများ၊ အဝီစီတွင်းများ အများအပြားရှိသည်။ ငွေကြေးတတ်နိုင်သူများက ကိုယ်ပိုင်ရေတွင်းများတူးဖော် သုံးစွဲကြသည်။ ကိုယ်ပိုင်ဆိုသော်လည်း မတတ်နိုင်သူများကိုလည်း မျှဝေ သုံးစွဲစေကြသည်ကများသည်။ ကျေးလက် ရေရရှိရေးစီမံချက်ဖြင့် တူးဖော်သော အများသုံး ရေတွင်းများလည်းရှိသည်။

ရေပူစမ်းများ ပြင်ဆင်ရန်

  • ဆိတ်ဖူးသဘာဝရေပူစမ်း
  • နောင်ချိုတိုးဂိတ်အရှေ့ဘက် မီးရထားလမ်းအနီး ရေပူစမ်းဂိတ် ရေပူစမ်း
  • မယ်ဟုန်ရွာ အနီးရှိ သဘာဝရေပူစမ်း

ရေထွက်များ ပြင်ဆင်ရန်

နောင်ချိုမြို့နယ်တွင် စမ်းရေထွက်ပေါင်း သုံးရာကျော်ရှိသည်။

ရေအရည်အသွေး ပြင်ဆင်ရန်

ကောင်းကင်ကျရေ နှင့် မြစ်၊ ချောင်း၊ ကန်ရေ များမှာ ရေချိုဖြစ်သည်။ မြေအောက်ရေ နှင့် ရေထွက်များမှ ရေသည် ထုံးဓာတ် အပါအဝင် ဓာတ်သတ္တုများ ပါဝင်နေသည်။ ခဲသတ္တုမိုင်း ရှိသော မြောက်ဘက်ဒေသများတွင် ခဲဓာတ်ပါဝင်နိုင်ချေရှိသည်။ ကျောက်မီးသွေးမိုင်းရှိရာ ဂယ်လောင်းအနီးတွင် ကန့်ဓာတ်ပါဝင်နိုင်သည်။ စိုက်ပျိုးရေးရာသီချိန်တွင် ဓာတုပစ္စည်းများ ပါဝင်နိုင်ခြေ မြင့်မားသည်။

ရေပေးရေးလုပ်ငန်းများ ပြင်ဆင်ရန်

  • နောင်ချိုမြို့စည်ပင်သာယာ
  • ဘန့်ဘွေး ကိုယ့်အားကိုယ်ကိုး

သမိုင်းကြောင်း ပြင်ဆင်ရန်

ပုဂံခေတ်ကတည်းက ရှမ်းပြည်နောင်ချိုမြို့နယ်ရှိရာဒေသသည် တရုတ်နှင့်ကုန်သွယ်ရာလမ်းကြောင်း၊ စစ်ချီရာလမ်းကြောင်း၊ နှစ်နိုင်ငံသံတမန်များ ဖြတ်သန်းသွားလာရာလမ်းကြောင်းပေါ်တွင်ရှိခဲ့သည်။ ဂုတ်တွင်းလျှိုအတွင်း ရှေးခတ်ပုဂံတပ်မတော်သားများ စစ်စခန်းချခဲ့ဖူးသည်။ လုံရုံးအုပ်စု၊ သဖန်းကိုင်းရွာရှိ တဲနန်းတော်ဘုရားကို အနော်ရထာမင်း တရုတ်ပြည်သို့ စွယ်တော်ပင့်သွားရောက်သည့် ခရီးစဉ်တွင် တည်ထားခဲ့သည်။ နောင်ချိုမြို့နယ်အတွင်း ရှိ ကျေးရွာအချို့၏ သမိုင်းများတွင် အနော်ရထာဘုရင်၏ ခရီးစဉ်အကြောင်းများ ဖော်ပြကြသည်ကို တွေ့ရသည်။

အနောက်ကြူအင်းအုပ်စု နောင်သခေါရွာ နောင်သခေါ ဘုန်းတော်ကြီးကျောင်းကို လွန်ခဲ့သည့် နှစ်ပေါင်း သုံးရာကျော် ကတည်းက စတင်တည်ထောင်ခဲ့ပြီး ပဒေသရာဇ်ခေတ်က စာသင်တိုက်ကြီး တစ်ခု ဖြစ်ခဲ့ဖူးသည်။ ကုန်းဘောင်ခေတ် က အုမ္မခါးကျေးရွာအုပ်စု၊ ငုက္ခလေးရွာအနီးတွင် အလောင်းဘုရား တည်ထားခဲ့သော စေတီရှိသည်။

ပဒေသရာဇ်ခေတ်နှင့် ကိုလိုနီခေတ်က နောင်ချိုမြို့နယ်ဒေသသည် သီပေါစော်ဘွားအုပ်ချုပ်မှုအောက်တွင် ရှိခဲ့သည်။ ယခု သုံးဆယ်ကျေးရွာ နေရာတွင် သုံးဆယ်မြို့ရှိခဲ့ပြီးမြို့စားအဆင့်ထားရှိအုပ်ချုပ်ခဲ့သည်။ သီပေါစော်ဘွားသည် သီပေါ၊ နမ့်လန်၊ သုံးဆယ် နယ်များကို အုပ်ချုပ်ရာ စော်ဘွား ဆာစောချယ် လက်ထက်တွင် ဦးခွန်မုံက သုံးဆယ်မြို့ကို အုပ်ချုပ်ရကြောင်း [၂]မှတ်တမ်းများတွင် တွေ့ရှိရသည်။ ရှေးအစဉ်အဆက်ကျင်းပခဲ့သော ရှမ်းပြည်နယ်၏ ထင်ရှားသော တပေါင်းပွဲကိုးပွဲတွင် သုံးဆယ်ရွာ ရှိ ရွှေစံဦးစေတီ တပေါင်းပွဲတော်လည်း အပါအဝင်ဖြစ်သည်။

ကိုလိုနီခေတ်ဦးပိုင်း ၁၈၈၉ ခုနှစ် ဧပြီလ (၂၈) ရက်နေ့မှစ၍ အင်းစိမ်းစခန်းနေရာတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရထားလမ်းဖောက်လုပ်ရေးအတွက် အရေးပါသည့် ဂုတ်ထိပ်တံတားတည်ဆောက်ရေးလုပ်ငန်းများလုပ်ကိုင်ရင်း စတင် မြို့တည်ခဲ့ရာမှ အုပ်ချုပ်ရေးလုပ်ငန်းများကို သုံးဆယ်မှ နောင်ချိုသို့ ပြောင်းရွှေ့ရုံးစိုက်ခဲ့သည်။[၂] ကိုလိုနီခေတ်တွင် ရတနာသိင်္ဂီမိုင်းမှ ခဲနှင့်ငွေသတ္တုရိုင်းထုတ်လုပ်ခြင်း၊ ကိုင်းကြီးကြိုးဝိုင်းမှ သစ်ထုတ်လုပ်ခြင်းများ စတင်လုပ်ဆောင်ခဲ့သည်။ အင်္ဂလိပ်အုပ်ချုပ်မှုကို တော်လှန်ခဲ့သူ ဆရာစံ နောက်ဆုံး လှုပ်ရှားခဲ့ရာ ဒေသဖြစ်ပြီး ဆရာစံအထိမ်းအမှတ်နေရာများ၊ ဂဠုန်တပ်ဖွဲ့ဝင်ဟောင်းလွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်များ ရှိသည်။ ဆရာစံကို ဟိုခိုရွာအနီးရှိ ထုံးကျောက်ဂူအတွင်းမှ ဖမ်းဆီးရမိခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်းက လေယာဉ်ကွင်း ရှိခဲ့ဖူးသည်။

လွတ်လပ်ပြီးခေတ်ကျေးလက်ဒေသအချို့တွင် ဗမာပြည်ကွန်မြူနစ်ပါတီ လှုပ်ရှားခဲ့ဖူးသည်။

တော်လှန်ရေးကောင်စီခေတ် ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၁-၆-၁၉၇၂ ခုနှစ် ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ရပ်ကွက် (၆) ခု၊ ကျေးရွာအုပ်စု (၃၅) ခု ရွာပေါင်း (၂၅၃) ရွာ ဖြင့် မြို့နယ်အဆင့်အုပ်ချုပ်မှု စတင်ခဲ့သည်။[၂]

နိုင်ငံရေးကဏ္ဍ ပြင်ဆင်ရန်

ပဒေသရာဇ်ခေတ် ပုဂံခေတ် မှ ကုန်းဘောင်ခေတ် အထိ သမိုင်းမှတ်တမ်းများတွင် သုံးဆယ်မြို့ (ယခုသုံးဆယ်ရွာ) အကြောင်းများကို တွေ့ရသည်။ သုံးဆယ်မြို့ကို မြို့စားအဆင့် အုပ်ချုပ်ခဲ့သည်။ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာကုန်သွယ်လမ်းကြောင်း၊ စစ်မက်ဖြစ်ပွားရာ တွင် စစ်ချီရာ နှင့် စစ်စခန်းချရာလမ်းကြောင်း၊ သံခင်းတမန်ခင်းအတွက် သံတမန် မင်းစိုးရာဇာများ ဖြတ်သန်းသွားလာနားနေရာ လမ်းကြောင်းပေါ်တွင် ကျရောက်သည့် အချက်အချာ ဒေသတစ်ခုအဖြစ် သမိုင်းမှတ်တမ်းများတွင် ရေးသားခဲ့ကိုတွေ့ရသည်။

ကိုလိုနီခေတ်ဦးတွင် ဂုတ်ထိပ်တံတားစတင်တည်ဆောက်ချိန်မှစ၍ နောင်ချိုကို မြို့အဆင့်တိုးမြှင့်အုပ်ချုပ်ခဲ့သည်။ ကိုလိုနီခေတ်ဦးတွင် သုံးဆယ်၊ ဒိုးပင်၊ ဘန့်ဘွေး၊ နောင်ချို နယ်ပိုင် များ ထားရှိအုပ်ချုပ်ခဲ့သည်။ ကိုလိုနီနယ်ချဲ့ကို တော်လှန်ပုန်ကန်ခဲ့သူ တောင်သူလယ်သမားအဖွဲ့ခေါင်းဆောင် ဆရာစံ နောက်ဆုံးလှုပ်ရှားခဲ့ရာနယ်မြေဖြစ်သည်။

လွတ်လပ်ပြီးခေတ် နှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် တစ်လျှောက် နောင်ချို ကျေးလက်ဒေသများတွင် ဗမာပြည်ကွန်မြူနစ်ပါတီ သွားလာလှုပ်ရှားခဲ့ဖူးသည်။ ၁၉၇၄ ခုနှစ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့ပြီးနောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ နောင်ချိုမြို့နယ်ပါတီယူနစ်ရုံးကို ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ကောင်စီပြည်နယ်ကောင်စီမြို့နယ်ကောင်စီ အဆင့်ဆင့်ဖြင့် အုပ်ချုပ်ခဲ့ရာတွင် နောင်ချိုမြို့နယ်ကောင်စီကို ဖွဲ့စည်းအုပ်ချုပ်ခဲ့သည်။

၁၉၈၈ ခုနှစ် တစ်နိုင်ငံလုံးတွင်ဖြစ်ပွားခဲ့သော လူထုအုံကြွဆန္ဒပြပွဲများဖြစ်ပွားချိန်တွင် နောင်ချိုတွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အုပ်ချုပ်ချိန်တွင် နောင်ချိုမြို့နယ်တွင် မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဖြင့်အုပ်ချုပ်ခဲ့သည်။ ၁၉၈၉ ခုနှစ်နောက်ပိုင်း နိုင်ငံရေးပါတီများ ထူထောင်ခွင့်ပြုခဲ့အပြီး နောင်ချိုတွင်လည်း ပါတီကြီးအချို့၏ ရုံးခွဲများ လာရောက် ရုံးစိုက်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုသူ ဦးထွန်းအောင် ခေါ် ထွန်းထွန်းဟိန် (ကျောက်တောရွာ) က အနိုင်ရရှိခဲ့သော်လည်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် အနိုင်ရပါတီကို အာဏာလွှဲအပ်ပေးခြင်းမပြုပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူအဖွဲ့အစည်း နှင့် လူပုဂ္ဂိုလ်များကို အမှုဆင်ဖမ်းဆီးခဲ့ရာတွင် ဦးထွန်းထွန်းဟိန်လည်း အဖမ်းခံခဲ့ရသည်။

၁၉၉၇ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဖြစ်ပြင်ဆင်ဖွဲ့စည်းအုပ်ချုပ်ခဲ့ရာ နောင်ချိုမြို့နယ်တွင်လည်း မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအဖြစ်ပြင်ဆင်ဖွဲ့စည်းအုပ်ချုပ်ခဲ့သည်။

၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့ပြီးနောက်တွင် ၂၀၁၀ ခုနှစ်မှ စတင်၍ ပါတီစုံအထွေထွေရွေးကောက်ပွဲများကို ငါးနှစ်တစ်ကြိမ်ကျင်းပခဲ့ရာ မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းအုပ်ချုပ်ခဲ့သလို မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်တရားရုံးများသည်လည်း သီးခြားအာဏာရှိသည့် ရုံးများအဖြစ် ပေါ်ထွက်လာခဲ့သည်။ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံးများမှာ အနိုင်ရပါတီ နှင့် ပုဂ္ဂိုလ်တို့အပေါ်မူတည်ပြီး နေရာစုံတွင် ရွှေ့ပြောင်းဖွင့်လှစ်လျက်ရှိကြသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်အာဏာသိမ်းရန် ကြိုးစားမှု ဖြစ်ခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်များ ဖမ်းဆီးခံရချိန်တွင် နောင်ချိုမြို့နယ်မဲဆန္ဒရှင်များက မဲပေးရွေးချယ်ထားသော လွှတ်တော်ကိုယ်စားလှယ်များလည်း ဖမ်းဆီးခံကြရသည်။ နိုင်ငံတော် စီမံအုပ်ချုပ်မှုကောင်စီကို အာဏာသိမ်းအဖွဲ့က ဖွဲ့စည်းခဲ့ရာ နောင်ချိုမြို့နယ်တွင်လည်း မြို့နယ်စီမံအုပ်ချုပ်မှုကောင်စီကို ဖွဲ့စည်းခဲ့သည်။ နောင်ချိုမြို့နယ် ပြည်သူလူထုသည် အာဏာသိမ်းမှုကို အသိအမှတ်မပြုကြပဲ ဖေဖော်ဝါရီလ (၉) ရက်နေ့မှ စတင်ကာ နေ့စဉ် ဆန္ဒပြကြသည်။ နောင်ချိုမြို့နယ် ဝန်ထမ်းပေါင်းစုံကလည်း အာဏာဖီဆန်သည့်အနေနှင့် အလုပ်မဆင်းကြပဲ သပိတ်မှောက်ကြပြီး လူထုနှင့်အတူ ပါဝင်ဆန္ဒပြကြသည်။ ဆန္ဒပြမှုများကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းရာမှ လူသေဆုံးမှု ဖြစ်ခဲ့ပြီးနောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း လက်နက်ကိုင်တော်လှန်ရေးသမားများနှင့် စစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများကြောင့် နှစ်ဖက် သေဆုံးမှုများ၊ ကလေးအပါအဝင် အရပ်သားသေဆုံးမှုများ၊ လူနေအိမ်ပျက်စီးမှုများ၊ ရွာသားဖမ်းဆီးခံရမှုများ ရှိသည်။ စစ်ပွဲဖြစ်ပွားရာ ဒေသရှိ ကျေးလက်လူထုမှာလည်း တိမ်းရှောင်ကြရသဖြင့် စစ်ဘေးရှောင် ဒုက္ခသည်များ ထောင်ချီ ရှိလာခဲ့သည်။

ပြည်သူ့လွှတ်တော် ပြင်ဆင်ရန်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နောင်ချိုမြို့နယ် သည် ပြည်သူ့လွှတ်တော် အတွက် ကိုယ်စားလှယ်လောင်း ခွဲတမ်း တစ်နေရာ ရရှိသည်။ ၂၀၁၀ စက်တင်ဘာလတွင်ကျင်းပသော အထွေထွေရွေးကောက်ပွဲ တွင် ပြည်သူ့လွှတ်တော် နေရာအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကိုယ်စားပြုသူ ဦးကျော်မြင့် (ရွှေညောင်ပင်) က အနိုင်ရရှိခဲ့သည်။ ၂၀၁၅ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲ တွင် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရရှိခဲ့သူ ဦးထွန်းအောင် ခေါ် ဦးထွန်းထွန်းဟိန်က ပြည်သူ့လွှတ်တော် နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုပင် ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် အနိုင်ရရှိခဲ့သည်။ ဦးထွန်းထွန်းဟိန်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ် မတ်လ (၂၂) ရက်နေ့မှစတင်၍ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ တာဝန်ကို ပြောင်းလဲထမ်းဆောင်လျက်ရှိသည်။ ၂၀၂၀ နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် နေရာအတွက် အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုသူ ဦးထွန်းအောင် ခေါ် ဦးထွန်းထွန်းဟိန်ကပင် တတိယအကြိမ်အဖြစ် အနိုင်ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုတွင် အဖမ်းခံခဲ့ရပြီး နောက်နေ့တွင် ပြန်လွှတ်ပေးခဲ့သဖြင့် ဖေဖော်ဝါရီလ (၈) ရက်နေ့က နောင်ချိုမြို့ နေအိမ်သို့ ပြန်လာခဲ့ရာ ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ညနေ ၄:၄၅ နာရီခန့်တွင် ထပ်မံ ဖမ်းဆီးခြင်း ခံရသည်။ ဦးထွန်းထွန်းဟိန်ကို နောင်ချိုမှ လားရှိုးသို့ ပို့ဆာင်ပြီး လားရှိုးထောင်တွင်း တရားရုံးတွင် လျှို့ဝှက် တရားစီရင်ပြီး ထောင်ဒဏ် အနှစ်နှစ်ဆယ်ကျော် ချမှတ်ခဲ့သည်။

အမျိုးသားလွှတ်တော် ပြင်ဆင်ရန်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသော အမျိုးသားလွှတ်တော် အတွက် ကျောက်မဲခရိုင်ကျောက်မဲနောင်ချိုနမ္မတူသီပေါမြို့နယ်များ နှင့် မိုးမိတ်ခရိုင်မိုးမိတ်မဘိမ်းမြို့နယ်များက ခြောက်မြို့နယ်ပေါင်း ခွဲတမ်းတစ်နေရာရရှိသည်။ အဆိုပါခြောက်မြို့နယ်ပါဝင်သည့် နယ်မြေကို အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်အမှတ် (၄) မဲဆန္ဒနယ်မြေ အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၁၀ အထွေထွေရွေးကောက်ပွဲ တွင် အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်အမှတ် (၄) မဲဆန္ဒနယ်မြေ နေရာအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုသူ ဦးခွန်ပွင့်က အနိုင်ရရှိခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ တွင် အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်အမှတ် (၄) မဲဆန္ဒနယ်မြေ နေရာအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုသူ ဦးစိုင်းအုန်းကျော် (ကျောက်မဲ) က အနိုင်ရရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ်တွင် အဆိုပါခြောက်မြို့နယ်ပါဝင်သည့် နယ်မြေကို အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်အမှတ် (၁) မဲဆန္ဒနယ်မြေအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ တွင် အမျိုးသားလွှတ်တော် ရှမ်းပြည်နယ်အမှတ် (၁) မဲဆန္ဒနယ်မြေ နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စားပြုသူ ဦးထိုက်ဇော် (ကျောက်မဲ၊ ပင်တိန်ရွာ) က အနိုင်ရရှိခဲ့သည်။ အနိုင်ရရှိသူ ဦးထိုက်ဇော်သည် ၂၀၂၀ ပြည့်နှစ် နိုင်ဝင်ဘာလ ၂၁ ရက်နေ့ ညနေ ၁၈၃၀ နာရီခန့်တွင် ပင်တိန်ရွာရှိ ၎င်း၏နေအိမ်ရှေ့တွင် အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့်အနီးကပ် ပစ်ခတ်သတ်ဖြတ်လုပ်ကြံခြင်း ခံခဲ့ရသည်။ သတ်ဖြတ်သူ တရားခံကို ဖမ်းဆီးရမိခြင်း မရှိပေ။ ထိုအချိန်က ကျောက်မဲ စရဖ က ဦးထိုက်ဇော် စည်းရုံးရေးလုပ်သည့် နောက်သို့ မဲဆွယ်စည်းရုံးကာလ နှစ်လလုံး တောက်လျှောက် နောက်ယောင်ခံ လိုက်ခဲ့သဖြင့် မပြေးသော် ကံရာရှိ စရဖ လက်ချက် ဟု စွပ်စွဲသည်များ ရှိသော်လည်း အတည်ပြုရန် လိုပါသည်။ စွပ်စွဲသူများက စစ်အာဏာရှင်အုပ်စုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် ရှမ်းလူမျိုးများ ကြား ရန်တိုက်ပေးရန် အကွက်ချ စီစဉ်ခြင်းဖြစ်သည်ဟု အခိုင်အမာ ဆိုကြပါသည်။

ပြည်နယ်လွှတ်တော် ပြင်ဆင်ရန်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ ပေါ်ပေါက်လာရာ ရှမ်းပြည်နယ်လွှတ်တော်လည်း အပါအဝင်ဖြစ်သည်။ ၂၀၁၀ ခုနှစ်မှ စတင်သော ပါတီစုံအထွေထွေရွေးကောက်ပွဲများတွင် ရှမ်းပြည်နယ်လွှတ်တော်အတွက် နောင်ချိုမြို့နယ်က အမှတ် (၁) နှင့် အမှတ် (၂) မဲဆန္ဒနယ်မြေများဟူ၍ ခွဲတမ်း (၂) နေရာ ရရှိသည်။

ရှမ်းပြည်နယ် လွှတ်တော်နောင်ချိုမြို့နယ်အမှတ် (၁) မဲဆန္ဒနယ်မြေ ပြင်ဆင်ရန်

၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကိုယ်စားပြုသူ ဦးကျော်မြ (ဘူတာရပ်) က အနိုင်ရသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးမြင့်ဆွေ (ဈေးရပ်) က အနိုင်ရသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးအောင်မြင့်ထွန်း (ပါဟတ်ရပ်) က အနိုင်ရသည်။ ဦးမြင့်ဆွေ နှင့် ဦးအောင်မြင့်ထွန်းတို့ကို ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုတွင် ဖမ်းဆီးခဲ့သည်။ ဦးအောင်မြင့်ထွန်းကို ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။ ဦးမြင့်ဆွေကို ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

ရှမ်းပြည်နယ် လွှတ်တော် နောင်ချိုမြို့နယ်အမှတ် (၂) မဲဆန္ဒနယ်မြေ ပြင်ဆင်ရန်

၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းဘထွန်း က အနိုင်ရသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါက်တာညီညီအောင် (ဘန့်ဘွေး၊ ရပ်ကွက် ၄) က အနိုင်ရသည်။ ဒေါက်တာညီညီအောင်သည် ရှမ်းပြည်နယ် လွှတ်တော်တွင် တာဝန်ထမ်းဆောင်ရင်း ၂၀၁၆ ခုနှစ် ဧပြီလမှစတင်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါက်တာညီညီအောင်က ဒုတိယအကြိမ်ထပ်မံအနိုင်ရရှိသည်။ ၎င်းကို ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်စဉ်အတွင်း ဖမ်းဆီးခဲ့သည်။ နံနက် (၃) နာရီခန့်တွင် တောင်ကြီးမြို့ရှိ ဝန်ကြီးအိမ်တော် ခြံစည်းရိုးကို ကျော်တက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ညနေ (၅:၃၀) နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့သည်။

ရှမ်းပြည်နယ် လွှတ်တော် တိုင်းရင်းသားရေးရာဝန်ကြီးများ ပြင်ဆင်ရန်

မြို့နယ်လူဦးရေ၏ ၂၅ ရာခိုင်နှုန်းရှိသော ဗမာတိုင်းရင်းသားများမှာ နောင်ချိုမြို့နယ် နေရာအနှံ့အပြားတွင် ပျံ့နှံ့နေထိုင်ကြပြီး ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအတွက် မဲပေးခွင့် ရှိကြသည်။ ၂၀၁၀ တွင် ဦးနိုင်ဝင်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ ၂၀၁၅ တွင် ဒေါက်တာအောင်သန်းမောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နောက်ပိုင်းတွင် ပါတီမှ နှုတ်ထွက်ပြီး တသီးပုဂ္ဂလဖြစ်လာ)၊ ၂၀၂၀ တွင် ဒေါက်တာအောင်နိုင်ဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) တို့က အသီးသီး အနိုင်ရရှိခဲ့ကြသည်။ ဒေါက်တာအောင်သန်းမောင်ကို ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်စဉ်အတွင်း ဖမ်းဆီးခဲ့သည်။ နံနက် (၃) နာရီခန့်တွင် တောင်ကြီးမြို့ရှိ ဝန်ကြီးအိမ်တော် တွင် လာရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ညနေ (၃:၃၀) နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့သည်။

နောင်ချိုမြို့နယ်အတွင်း နောင်ချိုမြို့၊ အုမ္မသီးရွာ၊ သဲခေါ်ရွာ၊ ရေဝင်ရွာ၊ ဘန့်ဘွေးရွာများတွင် ကချင်တိုင်းရင်းသားများ နေထိုင်ကြပြီး ကချင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအတွက် မဲပေးခွင့် ရရှိကြသည်။ ဒူဝါဇုတ်ဒေါင် သည် ၂၀၁၀ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ ၂၀၁၅ (တစ်သီးပုဂ္ဂလ)၊ ၂၀၂၀ (တစ်သီးပုဂ္ဂလ) ရွေးကောက်ပွဲများတွင် သုံးကြိမ်ဆက်တိုက် အနိုင်ရရှိသည်

နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာအုပ်စုတွင် လီဆူတိုင်းရင်းသားအချို့ နေထိုင်ကြပြီး လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအတွက် မဲပေးခွင့်ရှိကြသည်။ ၂၀၁၀ ဦးဝှန်ဆန် ခေါ် ဦးယောဝိ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ ၂၀၁၅ ဦးဂူဆာ (လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ခေါ် ဒူးလေးပါတီ)၊ ၂၀၂၀ ဒေါ်ခင်စန်းမြင့် ခေါ် ယန်ချီမီး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) တို့က အသီးသီး အနိုင်ရရှိခဲ့ကြသည်

နောင်ချိုမြို့နယ် လုံရုံးအုပ်စုတွင် လားဟူတိုင်းရင်းသားများ နေထိုင်ကြပြီး လားဟူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာအတွက် မဲပေးခွင့်ရှိကြသည်။ ၂၀၁၀ ဦးရှာမွေလရှဲန် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ဦးယောသပ် (လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ) တို့က အသီးသီး အနိုင်ရရှိခဲ့ကြသည်။

လူမှုရေးနှင့်ယဉ်ကျေးမှုကဏ္ဍ ပြင်ဆင်ရန်

အိမ်ခြေ၊ လူဦးရေ ပြင်ဆင်ရန်

နောင်ချိုမြို့နယ်တွင် အိမ်ခြေပေါင်း (၂၆၈၃၉) ခု ရှိပြီး အိမ်ထောင်စုပေါင်း (၂၈၃၂၄) စု ရှိသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစီရင်ခံစာအရ မြို့နယ်လူဦးရေမှာ ရွှေ့ပြောင်းအခြေချသူများမပါ (၁၂၈၄၈၉) ဦးရှိပြီး နောင်ချိုမြို့ပေါ်ရှိ ရပ်ကွက် ၆ ခုတွင် လူဦးရေ (၁၆၂၇၄) ဦး (၁၂.၆၇%) ကျေးလက်ဒေသတွင် (၁၁၂၂၁၅) ဦး (၈၇.၃၃%) နေထိုက်လျက်ရှိသည်။[၂] ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရမူ နောင်ချိုမြို့နယ် လူဦးရေမှာ ၁၄၉၈၄၂ ဦး ရှိသည်။

လူမျိုး၊ ဘာသာစကား ပြင်ဆင်ရန်

ဓနုလူမျိုး (၄၇၂၆၁) ဦး (၃၇%)၊ ရှမ်းလူမျိုး (၄၂၈၄၆) ဦး (၃၃%) နှင့် ဗမာလူမျိုး (၃၁၆၅၆) ဦး (၂၅%) များ အများဆုံးနေထိုင်ကြကာ အဆိုပါ မျိုးနွယ်စုသုံးခုပေါင်းလူဦးရေသည် မြို့နယ်လူဦးရေ၏ ၉၅% ကျော် ရှိသည်။

ကျန်လူမျိုးများမှာ ဂေါ်ရခါး နှင့် အခြားလူမျိုးများ (၃၁၄၁) ဦး (၂%)၊ ကချင် (၁၃၅၁) ဦး (၁%)၊ ကိုးကန့် (၈၁၀) ဦး၊ လီဆူ (၂၈၆) ဦး၊ ပလောင် (၂၅၆) ဦး၊ ချင်း (၂၅၁) ဦး၊ ကရင် (၂၀၄) ဦး၊ ရခိုင် (၁၄၅) ဦး၊ လားဟူ (၁၄၂) ဦး၊ နီပေါ (၄၇) ဦး၊ မွန် (၄၄) ဦး၊ မြောင်ဇီးလူမျိုး (၃၀) ဦး၊ အိန္ဒိယ (၃၀) ဦး၊ တရုတ် (၁၂) ဦး၊ ကယား (၇) ဦး ဖြစ်သည်။

အဓိက ဘာသာစကားအဖြစ် မြန်မာဘာသာစကားကို အသုံးပြုကြသည်။ မြန်မာဘာသာစကားပြီးလျင် ဓနုဘာသာစကား နှင့် ရှမ်းကြီးဘာသာစကား များကို အသုံးပြုကြသည်။ မျိုးနွယ်စုအလိုက် ကိုယ်ပိုင်ဘာသာစကားများကိုလည်း အသုံးပြုကြသည်။ ဂေါ်ရခါးကျေးရွာအချို့တွင် ဂေါ်ရခါးဘာသာစကား အပြင် အင်္ဂလိပ်ဘာသာစကား ကိုလည်း အသုံးပြုသည်ကို တွေ့ရသည်။ ရွှေပြည်ညွန့် ကိုးကန့်တိုင်းရင်းသား ကျေးရွာ တွင် ကိုးကန့်ဘာသာစကားအပြင် တရုတ်ဘာသာစကားကိုလည်း ပြောဆိုကြသည်ကို တွေရသည်။

ယုံကြည်ကိုးကွယ်မှု ပြင်ဆင်ရန်

ထေရဝါဒ ဗုဒ္ဓဘာသာကို အများဆုံးကိုးကွယ်ကြပြီး ဗုဒ္ဓဘာသာဝင်မှာ လူဦးရေ၏ (၉၅.၀၅%) ရှိသည်။ နောင်ချိုမြို့နယ်တွင် ဘုရား (၅) ဆူ၊ စေတီ (၃၀၁) ဆူ၊ ပုထိုး (၁၅) ဆူ၊ ဘုန်းတော်ကြီးကျောင်း (၁၄၆) ကျောင်း၊ သီလရှင်ကျောင်း (၁၀) ကျောင်း၊ ဓမ္မာရုံ (၇၂) ရုံ ရှိသည်။

ပျူခေတ်ကတည်းက စတင်တွေ့ရသော အထောက်အထားများအရ နတ်ကိုးကွယ်မှုကို မြန်မာနိုင်ငံတွင် ဟိန္ဒူနှင့် ဗုဒ္ဓဘာသာမရောက်ရှိမီ ရှေးယခင်ကတည်းက တွေ့ရသည့်နည်းတူ နောင်ချိုမြို့နယ်၏ အများစုဖြစ်သော ဗုဒ္ဓဘာသာကျေးရွာတိုင်းနီးပါးတွင် နတ်ကြီးစင်များ၊ နတ်ကွန်း နတ်နန်းများကိုလည်း တွေ့ရှိရသဖြင့် နောင်ချိုမြို့နယ်လူအများသည် နတ်ကိုလည်း ရိုးရာဓလေ့အရယုံကြည်ကြသူများဖြစ်သည်ကို တွေ့ရှိရသည်။ နတ်စင်အများစုမှာ ကိုးမြို့ရှင်နတ်စင်များ ဖြစ်သည်ကိုတွေ့ရသည်။ အခြားနတ်များကိုလည်း ကိုးကွယ်ကြသည်။

ဟိန္ဒူခရစ်ယာန်အစ္စလာမ် ဘာသာ ကိုးကွယ်မှုများလည်းရှိသည်။ ဟိန္ဒူဘုရားကျောင်း (၃၁) ကျောင်း၊ ခရစ်ယန်ဘုရားကျောင်း (၁၀) ကျောင်း၊ ဗလီ (၄) ခု ရှိသည်။[၂]

ပွဲတော်များနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ ပြင်ဆင်ရန်

တပေါင်းလတွင် ကျင်းပသောသုံးဆယ်တပေါင်းပွဲ (သုံးဆယ်အုပ်စု)၊ ရွှေကူ-လက်ပန်ဘုရားပွဲ (ရွှေကူအုပ်စု)၊ တန်ခူးလ နှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပသောမြင်းဖြူဘုရားပွဲ (ကံကြီးအုပ်စု) ၊ ချောင်းသာဘုရားပွဲ (ဟိုခိုအုပ်စု)၊ သက်ရှည်မြိုင်ဂေါ်ရခါးတက္ကသိုလ်တွင်ကျင်းပသောပွဲတော် (သုံးဆယ်အုပ်စု) များမှာ ထင်ရှားပြီး ရပ်ရွာအလိုက်ကျင်းပသော ဘုရားပွဲ၊ ကထိန်အောင်ပွဲ နှင့် ရှင်ပြုပွဲများကို ပွင့်လင်းရာသီတွင် ဇာတ်ပွဲ၊ မျက်လှည့်ပွဲ၊ အငြိမ့်ပွဲ၊ ဂီတဖျော်ဖြေပွဲ၊ ပဒေသာကပွဲ၊ ဈေးရောင်းပွဲများဖြင့် ကျင်းပကြသည်။

နောင်ချိုမြို့နယ် ပွဲတော်များတွင် အကြီးကျယ် အစည်ကားဆုံးပွဲတော်မှာ သုံးဆယ်ရွာ (ယခင် သုံးဆယ်မြို့) ရွှေစံဦးဗုဒ္ဓပူဇနိယဘုရားပွဲတော် ခေါ် သုံးဆယ်တပေါင်းပွဲ ဖြစ်သည်။ ဘုရားမှာ သီရိဓမ္မာသောကမင်း ကောင်းမှုဟု အဆိုရှိပြီး သုံးဆယ်တပေါင်း ပွဲတော်ကို ပုဂံခေတ် ကတည်းက ကျင်းပခဲ့ဟန်ရှိသည်။ ကိုလိုနီခေတ်က ရှမ်းပြည်နယ် ဂေဇက်ဝင် တပေါင်းပွဲကိုးပွဲတွင် သုံးဆယ် တပေါင်းပွဲ လည်း တခုအပါအဝင်ဖြစ်ခဲ့သည်။ သုံးဆယ်မြို့ ရွှေစံဦးဘုရား ၏ ကျယ်ဝန်းလှသော ပရဝဏ်တွင် ပွဲတော်ကို ကျင်းပပြီး ဈေးဆိုင်ခန်း၊ အငြိမ့်ပွဲ၊ ဇာတ်ပွဲ၊ မျက်လှည့်၊ ဆပ်ကပ်၊ ခြင်းပွဲ၊ ကြည့်ချင်ပွဲ၊ ခြားရဟတ်၊ အပျော်ကစားနည်း၊ စသည်ဖြင့် အကြီးအကျယ်ကျင်းပခြင်းဖြစ်သည်။ ပွဲတော် ဆိုင်ခန်းများကို တပို့တွဲလ တွင် စတင် တည်ခင်းကြပြီး ပွဲတော်ကို တပေါင်း လပြည့်နေ့အထိ တလကြာ ကျင်းပသည်။[၉]

သုံးဆယ်တပေါင်းပွဲပြီးလျင် ဒုတိယ အစည်ကားဆုံးပွဲမှာ ရွှေကူဘုရားပွဲ ဖြစ်သည်။ ရွှေကူ-လက်ပန် ရွာရှိ ရွှေကူ ဘုရားဒကာသည်လည်း သီရိဓမ္မာသောက ဟုပင် အဆိုရှိသည်။ တောင်ရှည် ရွာမှတဆင့် သွားရသည်။

မြင်းဖြူဘုရားပွဲကို နှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပသော ဘုရားပွဲဖြစ်သည်။ ကံကြီးကျေးရွာအုပ်စု မြင်းဖြူရွာ အနီးတွင်ရှိသော မြင်းဖြူဘုရားမှာ ဘုရားလောင်း မြင်းဖြူဘဝ က ကျက်စားခဲ့ရာ နေရာတွင် တည်ထားသည်ဟု ဆိုသည်။ ဘုရားတွင် မြင်းဖြူ ရုပ်တုကြီးကို တွေ့ရသည်။ မြင်းဖြူ ဘုရားသည် မြင့်မားမတ်စောက်သော ပြတ်ရွေ့တောင်ကမ်းပါးထိပ်တွင် တည်ထားသဖြင့် နောင်ချိုလွင်ပြင်ကို အပေါ်စီးမှ မြင်နိုင်သော နေရာဖြစ်သည်။

ရှမ်းကျေးရွာများတွင် ရှမ်းရိုးရာနှစ်သစ်ကူးပွဲတော်ကို နတ်တော်လဆန်း (၁) ရက်နေ့တွင် ကျင်းပကြသည်။ နောင်ချို မြို့နယ်လုံးဆိုင်ရာ ရှမ်းနှစ်သစ်ကူးပွဲကိုမူ နှစ်စဉ် ရွာတရွာ ရွေးချယ်ပြီး အလှည့်ကျ ကျင်းပကြသည်။ ၁၃၈၁ ခုနှစ် နတ်တော်လဆန်း ၈ ရက် (၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့) တွင် ကျရောက်သော ဒုတိယအကြိမ် ဓနုအမျိုးသားနေ့ကို နောင်ချိုမြို့တွင် ကျင်းပခဲ့သည်။

ရိုးရာအက ပြင်ဆင်ရန်

ရိုးရာအကများတွင် ဓနုရိုးရာ မီးတုတ်သိုင်းအက၊ ဓနု နှင့် ရှမ်းရိုးရာ ယိမ်းအက၊ တိုးနယားအက၊ ကိန္နရီ ကန္နရာအက၊ သိုင်းအက၊ အိုးစည်အက၊ ဂေါ်ရခါးရိုးရာအကများ၊ ကချင်ရိုးရာအက၊ ကိုးကန့်ရိုးရာအက၊ မြောင်ဇီးရိုးရာအက၊ လားဟူရိုးရာအက၊ ပလောင်ရိုးရာအက များ ကို တွေ့ရသည်။ သီတင်းကျွတ်သံဃာတော်ကန်တော့ပွဲ၊ ကထိန်အောင်ပွဲ၊ ရှင်ပြုပွဲများတွင် ရိုးရာဝတ်စုံများဆင်မြန်းကာ ရိုးရာအိုးစည်ဝိုင်းများတီးမှုတ်ကခုန်ရင်း စီတန်းလှည့်လည်သော ဓလေ့ရှိသည်။

ဂီတ ပြင်ဆင်ရန်

နောင်ချိုမြို့နယ်အတွင်းတွင် ဓနုဂီတ၊ ရှမ်းဂီတ၊ ဗမာနှင့် ဂေါ်ရခါးဂီတများ တွေ့ရှိရသည်။ ဓနုဂီတမှာ အိုးစည်ဝိုင်းကို အခြေခံပြီး ဓနုရိုးရာ သံချပ် ဂီတ မှာ ထင်ရှားသည်။ ရှင်ပြုပွဲများတွင် ရှမ်းရိုးရာ လက်တမ်း သီချင်းကဗျာ စပ်ဆိုခြင်း ဓလေ့ကို တွေ့ရသည်။ ရှမ်းအိုးစည်ဝိုင်းမှာ လည်း ထင်ရှားသည်။ ဗမာရိုးရာဂီတ မှာ မြေပြန့်ဒေသများကဲ့သို့ပင်ဖြစ်သည်။

အခြားဓလေ့များ ပြင်ဆင်ရန်

ရှေးအခါက ပွဲများတွင် လောင်းကစားဝိုင်းများ ရှိခဲ့ဖူးပြီး ယခုအချိန်တွင် လောင်းကစားကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တားမြစ်ထားသည်။ ကျေးလက်ဒေသတွင် ရိုးရာမင်္ဂလာပွဲအခမ်းများကို တွေ့ရှိရပြီး ဓနုရိုးရာမင်္ဂလာပွဲ သတို့သမီးအိမ်အဝင် နှစ်ဖက် အပြန်အလှန် အမေးအဖြေပြုလုပ်သော ဓလေ့ကို တွေ့ရသေးသည်။ မင်္ဂလာပွဲများတွင် လက်ဖွဲ့ကြိုးချည်ပေးသော ဓလေ့တွေ့ရသည်။

ကလေးငယ်များကို လည်း အန္တရာယ်ကင်း လက်ဖွဲ့၊ ခမည်း၊ အဆောင်၊ ပရိတ်ကြိုးများကို လည်ပင်း၊ လက်ကောက်ဝတ်များတွင် ချည်နှောင်ပေးသည့် ဓလေ့ ရှိသည်။ ကလေးများကို ကျန်းမာရေးကောင်းစေရန် ဆံပင်ကို နောက်နှင့် ဘေးဖက်တွင် အပြောင်ရိတ်ပြီး ငယ်ထိပ်တွင် အဝိုင်းပုံ ကွက်၍ ချန်ထားသည့် ဆံပင်ပုံစံ ထားလေ့ ရှိသည်။ လူနာမည်ပေးရာတွင် လူမျိုးအလိုက် ကွဲပြားသည်။ ဗုဒ္ဓဘာသာများတွင် အမျိုးသမီးအမည်ရှေ့တွင် မ၊ ဒေါ် (ဓနု၊ ဗမာ) နန်း၊ စဝ် (ရှမ်း) အစပြု ခေါ်ဝေါ်ကြပြီး အမျိုးသားအမည်ရှေ့တွင် င၊ မောင်၊ ကို၊ ဦး (ဓနု၊ ဗမာ)၊ အိုက်၊ စိုင်း၊ ခွန်၊ စဝ် (ရှမ်း) အစပြု ခေါ်ဝေါ်လေ့ရှိကြသည်။ မွေးနေ့မွေးရက် အပေါ်မူတည်ပြီး နေ့ခုနစ်နေ့ ကိုယ်စားပြုသော အက္ခရာများဖြင့် မှည့်ခေါ်လေ့ရှိကြသည်။ ကျေးလက်ဒေသများတွင် မိဘပေးသော အမည်အပြင် ကိုရင်ဝတ်ချိန်တွင် ပေးထားသော ဘွဲ့အမည်ကိုလည်း ဆက်လက် ခေါ်ဝေါ်လေ့ရှိကြသည်။

နာရေး အသုဘ များကိုလည်း ရိုးရာထုံးတမ်းစဉ်လာနှင့် အညီ ကျင်းပကြသည်။ လောင်းကစားကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီးသည့်တိုင် အချို့သော ကျေးလက်ဒေသ အသုဘ နာရေးအိမ်များတွင် အပျော်တမ်းဖဲရိုက်သည့် ဓလေ့ ရှိနေသေးသည်။ ယခုအခါ နာရေးကူညီမှုအသင်းများကို ကျေးရွာအတော်များများတွင် တည်ထောင်လာကြပြီး အအေးပေးခေါင်းတလားများ၊ နိဗ္ဗာန်ယာဉ်များဖြင့် အကူအညီပေးကြသည်ကိုတွေ့ရသည်။

ဆင်ယင်ထုံးဖွဲ့မှု ပြင်ဆင်ရန်

ဆံပင်ပုံစံမှာ အမျိုးသားများတွင် ဆံပင်တို၊ အမျိုးသမီးများတွင် ဆံပင်ရှည် ထားလေ့ရှိကြသည်။ လူငယ်အချို့ ဆံပင် ဆေးအလှဆိုးခြင်းကို ပိုမို ပြုလုပ်လာကြသည်။ အမျိုးသမီးများ ရိုးရာဓလေ့နှင့်အညီ နားပေါက်ဖောက်သော ဓလေ့ ရှိသော်လည်း ယခုခေတ်တွင် နည်းပါးသွားသည်။ လူငယ် အမျိုးသမီး၊ အမျိုးသားများတွင် နားပေါက် တစ်ဖက်တည်းဖောက်ပြီး နားကွင်း၊ နားကပ် တစ်ဖက်တည်း တပ်ဆင် အလှဆင်သော ခေတ်ပေါ်ဓလေ့ ဝတ်စားဆင်ယင်မှု တွေ့ရသည်။ ထိုးကွင်း၊ ဆေးမင်ကြောင် ထိုးနှံသည့် ဓလေ့ ရှိပြီး ရှမ်း တိုင်းရင်းသားကြီးများတွင် တွေ့ရလေ့ရှိသော်လည်း လူငယ်များတွင် ခေတ်ပေါ် တက်တူး ထိုးခြင်းမှ လွဲ၍ ရိုးရာ ဆေးမင်ကြောင် ထိုးခြင်း မတွေ့ရတော့ပေ။

လုံချည် (ပုဆိုး၊ ထဘီ) ကို အများစု ဝတ်ဆင်ကြသည်။ လူငယ်များ နှင့် လုပ်ငန်းခွင်ဝင်ရောက်သူများ ဘောင်းဘီရှည်၊ တို များ ဝတ်ဆင်ကြသည်။ ရိုးရာဝတ်စုံများကို ပွဲလမ်း၊ အခမ်းအနားများတွင် ဝတ်ဆင်လေ့ရှိကြသည်။

အစားအသောက် ပြင်ဆင်ရန်

ရှမ်းခေါက်ဆွဲ မှာ ရှမ်းပြည်၏ နာမည်ကျော် ရိုးရာစားစရာတခုဖြစ်သည်။ ဆန်ချို မှာမူ ရှမ်းပြည်နယ် မြောက်ပိုင်းတွင်သာ တွေ့ရသော သီးသန့် သောက်စရာ ဖျော်ရည်တမျိုးဖြစ်သည်။ ထင်ရှားသော အစားအသောက်များမှာ သရက်ကုန်းမှ ထွက်သော ကော်ဖီ၊ အုမ္မခါးမှ မက္ကဒေးမီးယားသီး၊ ယာပြင် သရက်ချို လက်ဖက် အစို နှင့် လက်ဖက်ခြောက်၊ ကျောင်းကုန်းရွာထွက် အာလူးကို ကြော်ထားသော ဘန့်ဘွေး အာလူးကြော်၊ ပိုးစာခြံများမှ ပိုးစာကောင်နှင့် နောင်ချို ပျားမွေးမြူရေးလုပ်ငန်းများမှထွက်သော ပျားရည်တို့ ဖြစ်သည်။ အုမ္မသီး လမ်းခွဲစားသောက်ဆိုင်များတွင် ရောင်းချသော ဟင်းမျိုးစုံတို့တွင် ငါးခူ နှင့် မျှစ်ချဉ် ဟင်းမှာ လတ်ဆတ်၍ အရသာရှိသော မြောက်ပိုင်း ဟင်းလျာတမျိုးဖြစ်သည်။

အားကစား ပြင်ဆင်ရန်

ဘောလုံးအားကစားကို တစ်မြို့နယ်လုံးတွင် ကစားကြပြီး ရိုးရာခြင်းလုံးပိုက်ကျော်ခြင်းဘိလိယက်ဘော်လီဘောဘတ်စကတ်ဘောကြက်တောင်ပင်ပေါင်တင်းနစ်ဂေါက်သီးရိုက်လမ်းလျှောက်အပြေးစက်ဘီးစီးရေကူး၊ ဂျူဒို၊ ဝူရှူး အားကစားနည်းများကို ကစားကြသည်။

အားကစားကွင်း အားကစားရုံများ ပြင်ဆင်ရန်

ဘောလုံးကွင်းများမှာ ကျေးရွာအုပ်စုတိုင်းနီးပါးတွင် ရှိပြီး၊ ကျေးရွာအတော်များများတွင် ရွာပိုင်ဘောလုံးကွင်းများ ရှိကြသည်။ ပုဂ္ဂလိက ဘိလိယက်ခုံများမှာလည်း မြို့နယ်တွင်း မြို့ပေါ်နှင့်ကျေးလက်ဒေသ နေရာအနှံ့တွေ့ရသည်။ နောင်ချိုမြို့ပေါ်တွင် ပုဂ္ဂလိက ဖူဆယ်ကွင်း (၃) ကွင်းရှိသည်။ နောင်ချိုမြို့ပေါ်တွင် စည်ပင်သာယာရေးဦးစီးဌာနပိုင် ရေကူးကန်တစ်ကန်ရှိသည်။ ပုဂ္ဂလိက အားကစားကွင်း အားကစားရုံလုပ်ငန်းများအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လျှောက်ထား လိုင်စင် ရယူနိုင်ကြသည်။

ပြိုင်ပွဲများ ပြင်ဆင်ရန်

ဘောလုံးပြိုင်ပွဲများကို မြို့နယ်အဆင့်တွင်ကျား မ သက်တမ်းအလိုက် နှင့်အလွတ်တန်း ပြိုင်ပွဲများအဖြစ် ကျင်းပပေးပြီး ကျေးရွာကြီးများက ကြီးမှူးကျင်းပကြသော ပြိုင်ပွဲများလည်း ရှိသည်။ ပြေးခုန်ပစ်၊ စက်ဘီးစီး၊ ကြက်တောင်၊ ဂေါက်သီး၊ ဘိလိယက်နှင့် ဖူဆယ်ပြိုင်ပွဲများ ကျင်းပသော်လည်း ရန်ဖန်ရံခါသာ ဖြစ်သည်။

ပညာရေး ပြင်ဆင်ရန်

မြို့နယ်စာတတ်မြောက်မှုနှုန်းမှာ ၉၉.၃၇% ရှိသည်။ ၅ နှစ်အရွယ်ကလေး ကျောင်းအပ်နှံမှုမှာ ရာခိုင်နှုန်းပြည့် ရှိသည်။ မူလတန်းကျောင်း တက်ရောက်ပညာသင်ကြားမှုနှုန်း မြင့်မားသည်။ အလယ်တန်းကျောင်း တက်ရောက်ပညာသင်ကြားမှုနှုန်းမှာ တနိုင်ငံလုံးနှင့် နှိုင်းယှဉ်လျင် အနည်းငယ် လျော့နည်းသည်။ အထက်တန်းကျောင်း တက်ရောက်ပညာသင်ကြားမှုနှုန်းမှာ တနိုင်ငံလုံးနှင့်နှိုင်းယှဉ်လျင် များစွာလျော့နည်းသည်။ အထက်တန်းပညာသင်ကြားမှု နည်းပါးသဖြင့် တက္ကသိုလ်ပညာသင်ကြားမှုနှင့် ဘွဲ့ရဦးရေမှာလည်း တနိုင်ငံလုံး အထူးသဖြင့် မြို့ ကြီးများနှင့်ယှဉ်လျင် များစွာလျော့နည်းပါသည်။

အခြေခံပညာဦးစီးဌာန အောက်တွင် အထက်တန်းကျောင်း (၉) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၀) ကျောင်း၊ အလယ်တန်းကျောင်း (၁၁) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၁၂) ကျောင်း၊ မူလတန်းလွန်ကျောင်း (၅၅) ကျောင်း၊ မူလတန်းကျောင်း (၈၂) ကျောင်း၊ စုစုပေါင်း (၁၇၉) ကျောင်းရှိပြီး၊ မူလတန်းကြိုကျောင်း (၂၅) ကျောင်း နှင့် ဘုန်းတော်ကြီးသင်ကျောင်း (၂) ကျောင်း ရှိသည်။ နောင်ချိုမြို့၊ ကံကြီးရွာ၊ ဘန့်ဘွေးရွာ၊ သုံဆယ်ရွာ၊ ဟိုခိုရွာများတွင် ပုဂ္ဂလိက အထက်တန်းပညာရေးဝန်ဆောင်မှုများရှိသည်။

တက္ကသိုလ်ဝင်တန်းစာဖြေဌာနများ ပြင်ဆင်ရန်

30em

အထက်တန်းကျောင်းများ ပြင်ဆင်ရန်

30em

အထက်တန်းကျောင်းခွဲများ ပြင်ဆင်ရန်

30em

အလယ်တန်းကျောင်းများ ပြင်ဆင်ရန်

30em

အလယ်တန်းကျောင်းခွဲများ ပြင်ဆင်ရန်

30em

မူလတန်းလွန်ကျောင်းများ ပြင်ဆင်ရန်

30em

မူလတန်းကျောင်းများ ပြင်ဆင်ရန်

30em

မူလတန်းကျောင်းခွဲများ ပြင်ဆင်ရန်

30em

မူလတန်းကြိုကျောင်းများ ပြင်ဆင်ရန်

30em

တက္ကသိုလ်မှာ သက်ရှည်မြိုင် ဂေါ်ရခါး တက္ကသိုလ် တစ်ခုသာရှိသည်။

အကျဉ်းဦးစီးဌာန အောက်တွင် ပြစ်ဒဏ်ကျခံနေရသူများကိုလေ့ကျင့်သင်ကြားပေးသည့် စိုက်ပျိုးရေး၊ မွေးမြူရေး အသက်မွေးဝမ်းကျောင်းသင်တန်းစခန်း (၅) ခု ကို ဂယ်လောင်း၊ ကုန်းစံ၊ ကြူအင်း၊ လွင်ကြီး၊ ဟိုခို ဒေသများတွင် ဖွင့်လှစ် ထားရှိသည်။ စိုက်ပျိုးရေးဦးစီးဌာနက၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တို့က အခါအားလျော်စွာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ သင်တန်းများ ပေးသည်။ သစ်တောဦးစီးဌာနက ဒေသခံပြည်သူပိုင်အစုအဖွဲ့သစ်တော လုပ်ငန်းဆောင်ရွက်သူများအတွက် သစ်တောလုပ်ငန်းသင်တန်းများ ပေးသည်။ ကျန်းမာရေးဦးစီးဌာနက အရန်သားဖွားသင်တန်း၊ ကျန်းမာရေးလုပ်သားသင်တန်း နှင့် အခြား ကျန်းမာရေးဆိုင်ရာသင်တန်းများ ပေးသည်။ ဘာသာရေးဆိုင်ရာနေရာများတွင် ဘာသာရေးဆိုင်ရာ သင်တန်းများပေးသည်။ ဘန့်ဘွေး ကရုဏာလူမှုကူညီရေးအသင်း တွင် ကွန်ပျူတာသင်တန်းများပေးသည်။ ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားလာပြီးနောက်ပိုင်း အင်တာနက်မှ သင်တန်းတက်ရောက်သူဦးရေ အများအပြား ရှိလာသည်။

မြို့နယ်အတွင်း ကျောင်းစာကြည့်တိုက် (၁၉၂) ခုအပါအဝင် စာကြည့်တိုက် (၂၁၅) ခု ဖွင့်လှစ်ထားသည်။

ပညာရေး ဆိုင်ရာ အသင်းအဖွဲ့ နှင့် ရန်ပုံငွေ ပြင်ဆင်ရန်

  1. "ငွေရည်ပုလဲ ပညာရေး ဖောင်ဒေးရှင်း" သည် နောင်ချိုမြို့နယ်တွင်းမှ ကျောင်းသူကျောင်းသားများကို အကူအညီပေးနေသော အဖွဲ့ ဖြစ်သည်။
  2. "ပညာရောင်ခြည် ပညာရေးပဒေသာ" အစီအစဉ်သည် နောင် တောရွာ အခြေစိုက် နွမ်းပါးသူများ ပညာရေး ကူညီထောက်ပံ့မှုအစီအစဉ်ဖြစ်သည်။
  3. "ရှမ်းပြည်နယ်အစိုးရ ပညာသင်ဆု" အစီအစဉ် သည်လည်း ရှမ်းပြည်နယ် တခုလုံး နည်းတူ နောင်ချိုမြို့နယ် မှ နွမ်းပါး၍ ပညာထူးချွန်သူများကို ပညာသင်ဆု ထောက်ပံ့သည်။
  4. နောင်ချိုမြို့ ကျောက်ဂူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် နွမ်းပါးသူ ကျောင်းသူ ကျောင်းသားများကို ပညာသင်ကြားပေးနေသည်။
  5. နောင်ချိုမြို့ သဖန်းကိုင်းရွာ ဝေပုလ္လာရာမ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသည် နွမ်းပါးသူ ကျောင်းသူ ကျောင်းသားများကို ပညာသင်ကြားပေးနေသည်။
  6. ကံကြီးရွာ သီလရှင်စာသင်တိုက်သည် မိဘမဲ့ မိန်းကလေးများ ကို စောင့်ရှောက်ကာ ပညာသင်ကြားပေးနေသည်။

ကျန်းမာရေး ပြင်ဆင်ရန်

နောင်ချိုမြို့နယ် ကျန်းမာရေးဝန်ကြီးဌာနအောက်တွင် ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံ (၁) ရုံ၊ ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံ (၃) ရုံ၊ ကျေးလက်ကျန်းမာရေးဌာန (၇) ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ (၂၈) ခု၊ တိုင်းရင်းဆေးဦးစီးဌာန (၁) ခု ရှိသည်။ တပ်မတော်စခန်းများ၊ အကျဉ်းဦးစီးဌာနစခန်းများ နှင့် ငွေရည်ပုလဲကုမ္ပဏီများအုပ်စု၏ စက်ရုံများတွင် သီးသန့်ဆေးခန်းများရှိသည်။ ဆရာဝန် တဦးစီက တာဝန်ယူကုသပေးနေသော ပုဂ္ဂလိက ဆေးခန်းများမှာ နောင်ချို မြို့တွင် (၇) ခန်း၊ ဘန့်ဘွေးရွာတွင် (၂) ခန်း၊ ရွှေညောင်ပင်တွင် (၁) ခန်း ရှိသည်။ နောင်ချို၊ ဘန့်ဘွေး၊ တောင်ခမ်းရွာများတွင် ကုသိုလ်ဖြစ် ဆေးခန်းများ ရှိသည်။ ဘန့်ဘွေးရွာ ကုသိုလ်ဖြစ် ဆေးခန်းမှာ လူမှုကူညီရေးအသင်းနှင့် တွဲဖက် တည်ထောင်ထားခြင်း ဖြစ်ပြီး ပုဂ္ဂလိက ဆေးခန်းဆရာဝန်များက ကုသပေးသည်။ နောင်ချိုမြို့နှင့် ကျေးရွာ (၁၈) ရွာတွင် လူမှုကူညီရေးအသင်းများ တည်ထောင်ထားကြပြီး လူနာများကို သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ ပေးကြသည်။ လူထုကျန်းမာရေးစီမံကိန်း စီမံချက်များလည်း ဆောင်ရွက်သည်။

ဆေးရုံများ ပြင်ဆင်ရန်

30em

တိုက်နယ်ကျန်းမာရေး ဌာနများ ပြင်ဆင်ရန်

  1. သုံးဆယ်
  2. တောင်ရှည်

ကျေးလက်ကျန်းမာရေးဌာနများ ပြင်ဆင်ရန်

30em

ကျေးလက်ကျန်းမာရေးဌာနခွဲများ ပြင်ဆင်ရန်

20em

ငှက်ဖျားစီမံချက် ပြင်ဆင်ရန်

ယခင်က ငှက်ဖျားရောဂါဖြစ်ပွားမှု များပြားခဲ့သော်လည်း ၂၀၀၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း "ရောဂါသုံးမျိုးတိုက်ဖျက်ရေးရန်ပုံငွေ" (Three Diseases Fund - 3DF) ဖြင့် အီတလီအခြေစိုက် CESVI အဖွဲ့က အကောင်အထည်ဖော်ခဲ့သော "နောင်ချိုမြို့နယ်ပြည်သူလူထုအခြေပြု ငှက်ဖျားတိုက်ဖျက်ရေးစီမံချက်" ဆောင်ရွက်ပြီးနောက်ပိုင်း ငှက်ဖျားရောဂါဖြစ်ပွားမှု သိသိသာသာ ကျဆင်းခဲ့သည်။[၂]

ကိုဗစ်-၁၉ ပြင်ဆင်ရန်

၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းက တရုတ်နိုင်ငံဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါမှာ ၂၀၂၀ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံတွင်းသို့ ရောက်ရှိလာခဲ့ရာ နောင်ချိုမြို့နယ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ဝင်ထွက်ရာ နေရာဖြစ်သဖြင့် နောင်ချိုနှင့် ပြင်ဦးလွင်မြို့နယ်များ နယ်ခြားမျဉ်းအနီး ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ် ထားရှိကာ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိသည်။

အခြားလူထုကျန်းမာရေးစီမံချက်များ ပြင်ဆင်ရန်

တီဘီ၊ အိတ်ချ်အိုင်ဗွီ၊ ကာကွယ်ဆေး၊ ကျောင်းကျန်းမာရေး၊ ယင်လုံအိမ်သာ၊ မျိုးဆက်ပွား စီမံချက်များလည်း ဆောင်ရွက်သည်။

အဖြစ်များသောရောဂါများ ပြင်ဆင်ရန်

၂၀၁၉ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစီရင်ခံစာအရ အဖြစ်အများဆုံးရောဂါများ နှင့် ရောဂါဖြစ်ပွားမှု အကြိမ်ရေမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. ဝမ်းလျှောရောဂါ (၁၀၃၂) ကြိမ်
  2. ဝမ်းကိုက်ရောဂါ (၃၀၂) ကြိမ်
  3. ခုခံအားကျဆင်းမှုကူးစက်ရောဂါ (၁၅၅) ကြိမ် (သေဆုံး ၇)
  4. တီဘီအဆုပ်နာရောဂါ (၁၀၉) ကြိမ် (သေဆုံး ၄)
  5. ငှက်ဖျားရောဂါ (၉) ကြိမ်
  6. အသည်းရောင်ရောဂါ (၅) ကြိမ်

အာရှလမ်းမကြီး နှင့် လမ်းများ ဖွံ့ဖြိုး တိုးတက်လာမှု၊ စက်တပ်မော်တော်ယာဉ် ပိုမိုသုံးစွဲလာမှု၊ ကူးသန်းသွားလာခြင်း များပြားလာမှု နှင့်အတူ ယာဉ်မတော်တဆထိခိုက်မှုနှုန်းလည်း ပိုမိုများပြားလာသည်။

မီးဖွားသော မိခင် တစ်ထောင်လျင် သေဆုံးသူ (၀.၇) ဦး နှုန်း ရှိပြီး မွေးကင်းစ ကလေး သေဆုံးမှု မှာ တထောင် လျင် (၂၃.၉) ဦး နှုန်း ရှိသည်။ (၂၀၁၉)

လူမှုကူညီရေးအသင်းများ ပြင်ဆင်ရန်

နောင်ချိုမြို့နယ် လူမှုကူညီရေး အသင်းအများစုမှာ လူနာတင်ယာဉ်၊ သာရေး၊ နာရေး ကူညီမှုများကို အဓိကထား ဆောင်ရွက်ပေးသည်။

  1. စေတနာမွန် လူမှုကူညီရေးအသင်း (နောင်ချို၊ တောင်ရပ်)
  2. ကရုဏာရှင် လူမှုကူညီရေးအသင်း (ဆမ္မဆယ်)
  3. အင်းစိမ်းမေ (မေတို့ကမ္ဘာ) လူမှုကူညီရေးအသင်း (လုံရုံးအုပ်စု လောက်ဖန်းရွာ)
  4. ကရုဏာ လူမှုကူညီရေးအသင်း (ဘန့်ဘွေး)
  5. မြတ်ပါရမီ လူမှုကူညီရေးအသင်း (ညောင် ထောက်)
  6. မနုဿသုခ လူမှုကူညီရေးအသင်း (ဟိုခို)
  7. မွန်မြတ်စေတနာ လူမှုကူညီရေးအသင်း (လုံရုံးအုပ်စု ကျောက်ကြမ်းရွာ)
  8. ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်း (နောင်ချို ဈေး ရပ်)
  9. လင်းလက်ကြယ် လူမှုကူညီရေးအသင်း (သုံးဆယ်)
  10. ဇနသုခ လူမှုကူညီရေးအသင်း (နောင်တော)
  11. ဓနုရတနာ လူမှုကူညီရေးအသင်း (သရက်ကုန်းအုပ်စု ဇာလီရွာ)
  12. မုဒိတာ အခမဲ့ လူမှုကူညီရေးအသင်း (ကြိမ်ဂနိုင်အုပ်စု)
  13. အာယုသုခ လူမှုကူညီရေးအသင်း (မျက်ချဉ်းနု)
  14. မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်း (ကံကြီး)
  15. ဓနုမေတ္တာ အခမဲ့ ပရဟိတ လူမှုကူညီရေးအသင်း (သရက်ကုန်းအုပ်စု ဖြူချောင်ရွာ)
  16. မေတ္တာရှင် အခမဲ့ ပရဟိတ လူမှုကူညီရေးအသင်း (သရက်ကုန်းအုပ်စု မန်နားရွာ)

ဂေဟာများ ပြင်ဆင်ရန်

  1. နောင်ချို ဘိုးဘွားရိပ်သာ (နောင်ချို)
  2. မသန်စွမ်း နှင့် မိဘမဲ့ ဂေဟာ (နောင်ချို ဈေးရပ်)
  3. ကံကြီး မိဘမဲ့ အမျိုးသမီးများ စောင့်ရှောက်ရေး သီလရှင်ကျောင်း (ကံကြီး)

အခြားအသင်းအဖွဲ့များ ပြင်ဆင်ရန်

  1. ကြံတောင်သူများအသင်း (လုံရုံးအုပ်စု ကျောက်ကြမ်းရွာ)
  2. ပြောင်းစိုက်တောင်သူများအသင်း (နောင်ချို ပါဟတ်ရပ်)
  3. မက္ကဒေးမီးယားစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း (အုမ္မခါး)
  4. ဓနုစာပေနှင့် ဒေသဖွံ့ဖြိုးရေးအဖွဲ့ (မျက်ချဉ်းနု)
  5. ရှမ်းစာပေ နှင့် ယာဉ်ကျေးမှုအသင်း (အုမ္မသီးလမ်းခွဲ)
  6. ကချင် နှစ်ချင်း ခရစ်ယန် အသင်းတော် (အုမ္မသီး ကချင်စု)

နယ်မြေအေးချမ်းသာယာ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ပြင်ဆင်ရန်

ပဒေသရာဇ်စနစ်ကာလဖြစ်သော ပုဂံခေတ်မှ စတင်၍ တရုတ်၊ မြန်မာ နှစ်နိုင်ငံတပ်မတော်များ စစ်ချီလမ်းကြောင်းပေါ်တွင် ရှိခဲ့သည်။ ကိုလိုနီခေတ်တစ်လျှောက် တရားဥပဒေစိုးမိုးရေး အားကောင်းခဲ့သည်ဟုဆိုနိုင်သော်လည်း ဆရာစံဦးဆောင်သော ဂဠုန်တပ်ဖွဲ့ဝင်များ နောင်ချို ကျေးလက်ဒေသတွင် လှုပ်ရှားခဲ့ဖူးသေးသည်။ လွတ်လပ်ပြီးခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ခေတ် စသည့်ခေတ်အဆက်ဆက်တို့၌ နောင်ချိုကျေးလက်ဒေသများတွင် လက်နက်ကိုင်အဖွဲ့စုံ လှုပ်ရှားခဲ့ကြသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီခေတ် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ ဆယ်ဆုနှစ်တွင် နယ်မြေ အေးချမ်းပြီး တရားဥပဒေစိုးမိုးရေးအားအသင့်အတင့် ကောင်းခဲ့သည်ကို တွေ့ရသည်။

နောင်ချိုမြို့နယ်တွင် မြန်မာ့တပ်မတော်၏ တပ်ရင်းတပ်ဖွဲ့များအခြေစိုက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်း၊ ကင်းစခန်း များလည်းအခြေစိုက်သည်။ နောင်ချိုမြို့နယ်ကဲ့သို့ပင် မြောက်ဘက်ရှိ မိုးကုတ်၊ အရှေ့ဘက်ရှိ ကျောက်မဲ မြို့နယ်များတွင် မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခခန်းများ အခြေစိုက်ကြသည်။ အနောက်ဘက်အိမ်နီးချင်းဖြစ်သော ပြင်ဦးလွင် နှင့် တောင်ဘက်ရှိ ရပ်စောက်မြို့နယ်များတွင် တပ်မတော် သင်တန်းကျောင်း နှင့် တပ်များ အများအပြား အခြေစိုက်သည်။

နောင်ချိုမြို့နယ် အထူးသဖြင့် မြို့နယ်၏ မြောက်ဘက်ပိုင်းဒေသများတွင် ၂၀၁၄ ခုနှစ်နောက်ပိုင်း ကချင်၊ ပလောင်၊ ရှမ်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဝင်ထွက်သွားလာလေ့ရှိပြီး ဆက်ကြေး တောင်းသည့် ဖြစ်စဉ်များ ရှိနေသည့်အပြင် ဒေသခံ အချို့ကလည်း အဆိုပါ အဖွဲ့များဟန်ဆောင်၍ လက်နက်ကိုင်ခြင်း ဆက်ကြေးတောင်းခြင်း ဖြစ်စဉ်များပါ ရှိခဲ့သဖြင့်တပ်မတော် စစ်ကြောင်းများအဆိုပါဒေသများတွင် လှုပ်ရှားကြသည်။ ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက နောင်ချိုမြို့ လမ်းအသုံးပြုခကောက်ခံရေးစခန်း၊ မူးယစ်စစ်ဆေးရေးဂိတ် နှင့် ဂုတ်တွင်းတံတားများ ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ပလောင်၊ ရခိုင်၊ ကိုးကန့်အဖွဲ့များ ပါဝင်သည်ဟု တရားမဝင်သတင်းများက ဖော်ပြသော လက်နက်ကိုင် အဖွဲ့ကအကြမ်းဖက်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်သုံးဦးကျဆုံးက ဂုတ်တွင်းတံတားပျက်စီးမှုကြောင့် ငါးရက်ကြာ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ရသည်။ ပြင်ဦးလွင်မြို့ မူးယစ်စစ်ဆေးရေးဂိတ် နှင့် တပ်မတော်နည်းပညာတက္ကသိုလ် တို့နှင့် ပြိုင်တူ တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

တရားမဝင် သစ်၊ တောရိုင်းတိရစ္ဆာန်၊ မူးယစ်ဆေးဝါး၊ တွင်းထွက်သယံဇာတ၊ လက်နက် များ မကြာခဏ ဖမ်းဆီးရမိလေ့ရှိသည်။ ဒေသခံအချို့အကြား မူးယစ်ဆေးဝါး ရောင်းချသုံးစွဲမှု ရှိသည်။ မူဆယ်အသွား လမ်းမကြီးပေါ်တွင် တည်ရှိသဖြင့် လူကုန်ကူးသူများ ဖြတ်သွားရာ လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။ ယခင်က တရားမဝင် ကျွဲနွား သယ်ဆောင်ရာလမ်းကြောင်း ဖြစ်ခဲ့ဖူးသော်လည်း ၂၀၁၇ ခုနှစ် နောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးတွင် ကျွဲနွား တရားဝင်တင်ပို့ခွင့်ပြုခဲ့ပြီးနောက် တရားမဝင်လုပ်ငန်းများ ပပျောက်သွားခဲ့သည်။ တရားမဝင် မော်တော်ယာဉ် သုံးစွဲမှု အများအပြားရှိသည်။

မြေယာပြဿနာ ရှုပ်ထွေးမှုများ အမှုအခင်းများ များပြားသော မြို့နယ်ဖြစ်သည်။

လမ်းဆုံလမ်းခွ အချက်အချာကျပြီး စီးပွားရေးကောင်းမွန်ခြင်း၊ ရွှေ့ပြောင်းနေထိုင်မှုများခြင်း၊ လူမျိုးပေါင်းစုံခြင်း တို့ကြောင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဿနာများလည်း ရှိသည်။

တရားဥပဒေစိုးမိုးရေး အားနည်းမှု နောက်ဆက်တွဲအဖြစ် အဂတိလိုက်စားမှုများလည်း မကြာခဏ ဖြစ်ပွားပြီး တိုင်ကြားမှုများ၊ ဝန်ထမ်းအရေးယူခံရမှုများလည်း မကြာခဏ ဖြစ်ပွားသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ကို ကန့်ကွက်ဆန္ဒပြမှုများ မြို့ပေါ် နှင့် ကျေးလက် အနှံ့အပြားဖြစ်ပွားခဲ့သည်။ နောင်ချိုတွင် ဆန္ဒပြသူများအား စစ်တပ်မှ ပစ်ခတ်နှိမ်နင်းခဲ့သဖြင့် လူသေဆုံးမှုရှိခဲ့သည်။ နောက်ပိုင်း တနိုင်ငံလုံး တိုက်ပွဲများ ဖြစ်ပွားသလို နောင်ချိုမြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားသည်များ ရှိသည်။ ၂၀၂၁ ခုနှစ်တွင် ထိတွေ့မှု အနည်းငယ်ဖြစ်ပွားသည့်အဆင့်မှ ၂၀၂၂ ခုနှစ်တွင် ရင်ဆိုင်တိုက်ပွဲများ အဆင့်သို့ရောက်လာပြီး ၂၀၂၃ ခုနှစ်တွင် တိုက်ပွဲဖြစ်ပွားမှု အကြိမ်ရေပိုမိုကာ ပိုမိုပြင်းထန်လာသည်။ လေကြောင်းမှ တိုက်ခိုက်မှုများလည်း ရှိသည်။ ၂၀၂၃ ခုနှစ် မေလ ပထမပတ်တွင် စစ်ဘေးရှောင် အရေအတွက်မှာ ခြောက်ထောင်ကျော် ရှိသည်။ ကလေးသူငယ်အပါအဝင် အရပ်သား သေဆုံးမှုများရှိသည်။ မြန်မာတပ်မတော် ကအရပ်သားအချို့ကို အထမ်းသမားလမ်းပြအဖြစ် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သည်များရှိသည်။ မြန်မာ့ တပ်မတော် က ပစ်ခတ်သော လက်နက်ကြီး ထိမှန်မှုကြောင့် အရပ်သား နေအိမ် ပျက်စီးမှုများရှိသည်။ [၁၀][၁၁] [၁၂] [၁၃] [၁၄][၁၅]

သယ်ယူပို့ဆောင်ရေးကဏ္ဍ ပြင်ဆင်ရန်

ရထားပို့ဆောင်ရေး ပြင်ဆင်ရန်

မန္တလေး-လားရှိုး ရထားလမ်းသည် နောင်ချိုမြို့နယ်အတွင်း အနောက်မှအရှေ့သို့ ဖြတ်သန်းဖောက်လုပ်ထားပြီး နောင်ချိုမြို့နယ်အတွင်း ဘူတာအကြီး နောင်ချိုဘူတာ နှင့် ဘူတာအသေး ဆင်လမ်းစုဘူတာဆမ္မဆယ်ဘူတာဂုတ်ထိပ်ဘူတာများ တွင် ခရီးသည်နှင့် ကုန်စည်များ အတင်အချပြုလုပ်သည်။ နောင်ချို-ဂုတ်ထိပ်-နောင်ပိန် ခရီးစဉ်တွင် ဂုတ်ထိပ်တံတားကို ကြည့်ရှုရန် ကမ္ဘာလှည့်ခရီးသည်များ စီးနင်းမှု များပြားသည်။

မန္တလေး-ကူမင်း အမြန်ရထားလမ်းစီမံကိန်းသစ်သည် ရထားလမ်းဟောင်းနှင့်အပြိုင် နောင်ချိုမြို့နယ်ကို ဖြတ်သန်း ဖောက်လုပ်မည်ဖြစ်သည်။

ကုန်းလမ်းပို့ဆောင်ရေး ပြင်ဆင်ရန်

တရုတ်-မြန်မာ နယ်စပ်စီးပွားရေး၏ အဓိကလမ်းမကြီးဖြစ်သော မန္တလေး-မူဆယ်လမ်းမကြီး(အမှတ်-၁၄-အာရှလမ်းမကြီး) (AH14) သည် နောင်ချိုမြို့နယ်အတွင်း အနောက်မှအရှေ့သို့ ဖြတ်သန်းပြီး အိမ်နီးချင်းခရိုင်မြို့ကြီးများဖြစ်သည့် ပြင်ဦးလွင် မန္တလေး တို့မှတစ်ဆင့် မြန်မာနိုင်တစ်ဝှမ်းရှိ အခြားမြို့ရွာများ နှင့် ကျောက်မဲမြို့ မှ တစ်ဆင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့ရွာများကို ဆက်သွယ်ပေးလျက်ရှိသည်။ AH14 အာရှလမ်းမကြီးကို Oriental Highway ကုမ္ပဏီ (ယခင် Asia World ကုမ္ပဏီ) က BOT စနစ်ဖြင့် လုပ်ကိုင်ခွင့် ရယူ ဆောင်ရွက်လျက်ရှိသည်။ AH14 ကို နိုင်လွန်ကတ္တရာ လေးလမ်းသွားလမ်းအဖြစ် ဖောက်လုပ်ထားသည်။

အာရှလမ်းမကြီးအပြင် လမ်းဦးစီးဌာနက စီမံခန့်ခွဲသည့် ပြည်ထောင်စုလမ်းမအဆင့် ကတ္တရာလမ်းများဖြစ်သည့် ပြင်ဦးလွင်-မိုးကြိုး-ဟိုခို-မိုးကုတ်လမ်း၊ အုမ္မသီး-ဟိုခို-မိုးကုတ်လမ်း၊ နောင်ချို-ကျောက်ဂူ-ရပ်စောက်လမ်း များသည် နောင်ချိုမြို့နယ်အတွင်း ကွန်ယက်သဖွယ်ဖြန့်ကျက်လျက်ရှိသဖြင့် မြောက်ဘက်ရှိ မိုးကုတ်၊ မိုးမိတ်မြို့များ နှင့် တောင်ဘက်ရှိ ရပ်စောက်မှတစ်ဆင့် တောင်ကြီးခရိုင် နှင့် ရှမ်းပြည်နယ် တောင်ပိုင်းရှိမြို့ရွာများ အပြင် ကယားပြည်နယ် အတွင်းရှိမြို့ရွာများသို့ အလွယ်တကူ သွားလာနိုင်သည်။

မြို့နယ်တွင်း ကျေးရွာချင်းဆက်လမ်းများလည်း အများအပြားဖောက်လုပ်ထားသည်။ ကျေးရွာချင်းဆက်လမ်းအများစုကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က စီမံခန့်ခွဲသည်။ ဆိတ်ဖူး၊ ဟိုခို၊ ဒိုးပင်၊ ကုလားကွဲ၊ ကျောက်ကြီး၊ ဘန့်ဘွေးကျင်း ကျေးရွာအုပ်စုများရှိ ကျေးရွာချင်းဆက်လမ်းများကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးက စီမံခန့်ခွဲသည်။ ကျေးရွာချင်းဆက်လမ်း အများစုမှာ ဆယ့်နှစ်ရာသီ သွားလာနိုင်သည့် လမ်းများဖြစ်ကြပြီး အချို့မှာ မိုးရွာသီ သွားလာရ ခက်ခဲနေသေးသည်။

ကျေးရွာချင်းဆက်လမ်းများအပြင် လုပ်ငန်းခွင်သုံးလမ်း၊ ကုန်ထုတ်လမ်းများလည်း ရှိသည်။ ရပ်ရွာလူထုက ကိုယ်ထူကိုယ်ထ လမ်းပြုပြင်သည့် အလေ့အထရှိသည်။ ငွေရည်ပုလဲ ကုမ္ပဏီအုပ်စု ၏ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာချိန်တွင် အဆိုပါ ကုမ္ပဏီ နှင့် လူထု ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျေးလက်လမ်းကွန်ယက် အစိတ်အပိုင်းအတော်များများကို ကျောက်ချောလမ်းများအဖြစ် ဖောက်လုပ်နိုင်ခဲ့သည်။ ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် ဝန်ကြီးဌာန ဘဏ္ဍာ ရန်ပုံငွေ အသုံးပြု၍ လမ်းများကို ဖောက်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်း များ ပိုမိုပြုလုပ်လာသည်။ အချို့ကျေးလက်လမ်းပိုင်းများကို ကတ္တရာလမ်းအဖြစ် စတင် အဆင့်မြှင့်တင်လျက်ရှိသည်။

ပုဂ္ဂလိကမော်တော်ယာဉ်လိုင်းများ ပြင်ဆင်ရန်

အောက်ပါ ကားလိုင်းများ သည် နောင်ချိုမြို့ နှင့် အခြားမြို့များကို သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုပေးသည်။

  1. ချိုလွင်မန်း (ပြင်ဦးလွင် မန္တလေး ကျောက်မဲ လားရှိုး)
  2. အောင်စစ်သည် (ပြင်ဦးလွင်)
  3. တော်ဝန်ချို (ပြင်ဦးလွင် မန္တလေး)
  4. HMV (မန္တလေး)
  5. ခြေမြစ်ပင် မန်း (မန္တလေး)
  6. ရွှေနောင်ချို (ပြင်ဦးလွင် မန္တလေး မိုးကုတ် တောင်ကြီး လားရှိုး)
  7. ရွှေမန်းမေ (ပြင်ဦးလွင် မန္တလေး လားရှိုး)
  8. အီလိုက် (ပြင်ဦးလွင် မန္တလေး ရန်ကုန်)

လေကြောင်းပို့ဆောင်ရေး ပြင်ဆင်ရန်

ဒုတိယကမ္ဘာစစ်အတွင်းက တိုက်လေယာဉ်ငယ်များအတွက် ယာယီလေယာဉ်ကွင်းဖောက်လုပ်အသုံးပြုခဲ့ဖူးသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးတွင် လေယာဉ်ကွင်းရှိပြီး အနီးဆုံး လေယာဉ်ကွင်းမှာ ပြင်ဦးလွင် အနီးစခန်းလေယာဉ်ကွင်းဖြစ်သော်လည်း လေကြောင်းခရီးသွားအများစုမှာ တံတားဦး အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းမှတစ်ဆင့် သွားလာကြသည်။

ရေကြောင်းပို့ဆောင်ရေး ပြင်ဆင်ရန်

ဆည်တော်ကြီးဆည် နှင့် ဒုဋ္ဌဝတီမြစ် အတွင်း စက်လှေများအသုံးပြု ဒေသတွင်းသွားလာမှု ရှိသည်။ ကုန်သွယ်ရေးအတွက် အသုံးပြုနိုင်သည့် အနီးဆုံး ဆိပ်ကမ်းများမှာ မန္တလေးမြို့ ဧရာဝတီမြစ် ဆိပ်ကမ်းများ ဖြစ်သည်။

စွမ်းအင်ကဏ္ဍ ပြင်ဆင်ရန်

မဟာဓာတ်အားလိုင်းများမြို့နယ်တွင်း ဖြတ်သန်းတည်ဆောက်ထားသလို နောင်ချိုမြို့နှင့် ကျေးရွာငါးဆယ်ကျော်တွင် အမျိုးသားပင်မ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိသည်။ ကျောက်ဖြူ-ကူမင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် အမှတ်-၁၄-အာရှလမ်းမကြီးနှင့်အပြိုင် နောင်ချိုမြို့နယ်ကို ဖြတ်သန်းလျက်ရှိသော်လည်း မြို့နယ်သုံးစွဲရန်အတွက် အဆိုပါလိုင်းမှ ဖြန့်ဖြူးပေးနိုင်ခြင်း မရှိပေ။ ချက်ပြုတ်ရန်ဓာတ်ငွေ့သုံးစွဲခြင်းအတွက် အခြားအရင်းအမြစ်များမှ ဝယ်ယူကြရသည်။ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား မရရှိသေးသော ကျေးရွာများတွင် ဆိုလာ၊ အသေးစားရေအား၊ ဒီဇယ်အင်ဂျင်ဇီဝဓာတ်ငွေ့၊ လေအား စနစ်များအသုံးပြုပြီး လျှပ်စစ်ဓာတ်အားကို တစ်နိုင်တစ်ပိုင်ထုတ်လုပ်အသုံးပြုသည်။

ငွေရည်ပုလဲကုမ္ပဏီအုပ်စု၏ သကြားနှင့်ဘိလပ်မြေစက်ရုံများတွင် ဓာတ်အားပေးစက်ရုံများတွဲဖက်ပါရှိပြီး စက်ရုံများအတွက်လိုအပ်သောဓာတ်အားကို ထုတ်လုပ်အသုံးပြုလျက်ရှိသည်။ သကြားစက်များတွင် ကြံကျိတ်ဖက်ကို လောင်စာအဖြစ်အသုံးပြု၍ ဘိလပ်မြေစက်တွင် ကျောက်မီးသွေးကို လောင်စာအဖြစ်အသုံးပြုသည်။

ရေတွင်းကြီးရွာအနီး ဒုဋ္ဌဝတီမြစ်အတွင်း အလယ်ရဲရွာရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် နောင်ဝေ အခြေစိုက် SN Power ကုမ္ပဏီက အကြိုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကိုင်းကြီးကြိုးဝိုင်းအတွင်း ဘန့်ဘွေးကျင်းအုပ်စု သပြေဒိုးရွာ အနီးတွင်လည်း မင်းလှ အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ယခင်က ကုန်းကြီးအုပ်စု အင်းဝိုင်းရွာအနီး နမ့်ငိုရေတံခွန်တွင် အသေးစားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဖြင့် အနီးရှိ ရွာများကို လျှပ်စစ်ဓာတ်အား ပေးခဲ့ဘူးသော်လည်း ယခုအခါ လည်ပတ်ခြင်းမရှိတော့ပဲ ရပ်ဆိုင်းထားသည်။

ဆိတ်ဖူးရေပူစမ်း အနီးတွင် ဘူမိအပူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားစီမံကိန်းအတွက် လေ့လာမှု အချို့ ပြုလုပ်ခဲ့ဖူးသော်လည်း လုပ်ငန်းဆက်လက်ဆောင်ရွက်ခြင်းမရှိပါ။ အုမ္မခါးရွာအနီးတွင်လည်း ဘူမိအပူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားစီမံကန်းအတွက် ပြင်ဦးလွင် ‌KKL ကုမ္ပဏီက စူးစမ်းလေ့လာမှုပြုလုပ်လျက်ရှိသည်။ အိမ်များတွင် ချက်ပြုတ်ရန်အတွက် ထင်း နှင့် မီးသွေးအသုံးပြုမှု အများအပြားရှိသည်။ ယူကလစ် သစ်ပါးလွှာ ထုတ်လုပ်ရာတွင် လေလွင့်သွားသော သစ်များကို ဇီဝ လောင်စာ အဖြစ်သုံး၍ စွမ်းအင်ထုတ်လုပ်နိုင်မည့် အလားအလာ ရှိနေသည်။ ၁၉၉၅ ခုနှစ် နောက်ပိုင်း ကျေးလက်ဒေသအချို့တွင် ဇီဝဓာတ်ငွေ့ ကန်များဖြင့် နွားချေးမှ မီသိန်းဓာတ်ငွေ့ထုတ်လုပ်ပြီး ချက်ပြုတ်ရာတွင် သုံးခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ဆက်လက် သုံးစွဲခြင်း မရှိပေ။

ဆက်သွယ်ရေးကဏ္ဍ ပြင်ဆင်ရန်

နောင်ချိုမြို့ပေါ် နှင့် ကျေးလက်ဒေသအများစုတွင် တယ်လီဖုန်းကုမ္ပဏီကြီးလေးခု (မြန်မာ့ဆက်သွယ်ရေး၊ တယ်လီနော၊ အော်ရီဒူး၊ မိုင်တဲ) ၏ ဂျီအက်စ်အမ် ကွန်ယက်လွှမ်းခြုံမှုရှိသည်။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ MEC TEL စီဒီအမ်အေ ၈၀၀ ကွန်ယက်လည်း လွှမ်းခြုံမှုရှိသည်။ ဂျီအက်စ်အမ် ကွန်ယက်လွှမ်းခြုံမှုရှိသည့်နေရာအများစုတွင် ၄ဂျီ အင်တာနက် သုံးစွဲနိုင်သည်။ မြန်နှုန်းမြင့် ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို နောင်ချိုမြို့ပေါ်တွင် သုံးစွဲနိုင်သည်။ နောင်ချိုမြို့၊ ဘန့်ဘွေး၊ သုံးဆယ်၊ ကံကြီး တို့တွင် မြန်မာ့စာတိုက်လုပ်ငန်း၏ စာတိုက်များရှိသည်။ စာတိုက်ရှိရာနေရာများတွင် အမြန်ချောပို့ဝန်ဆောင်မှု ရရှိသည်။

စီးပွားရေးကဏ္ဍ ပြင်ဆင်ရန်

လျှပ်စစ်ဓာတ်အားကွန်ယက်၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများ အဆင်သင့်ရှိပြီး မြို့နယ်လူထုစာတတ်မြောက်နှုန်း မြင့်မားကာ ရေချို နှင့် မြေသယံဇာတ ပေါများသဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုရှိသော ဒေသတစ်ခုဖြစ်သည်။ ရှမ်းပြည်နယ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးမြို့နယ်များတွင် ပါဝင်ပြီး အလုပ်လက်မဲ့နှုန်းနည်းပါးသည်။ အလုပ်လက်မဲ့နှုန်းမှာ ၂.၃၂ % ရှိသည်။ ကျေးလက် လူငယ်များ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မှုများရှိသည်။ မိုးရေ၊ ချောင်းရေ၊ ကန်ရေ၊ ဆည်ရေ၊မြေအောက်ရေ စသည်ဖြင့် ရေအရင်းအမြစ် ပေါများပြီး ရာသီဥတုမျှတကောင်းမွန်ကာ မြေဆီဩဇာ ကြွယ်ဝသဖြင့် စိုက်ပျိုးရေးသည် နောင်ချိုမြို့နယ်၏ ပင်မစီးပွားရေးလုပ်ငန်းဖြစ်သည်။ စိုက်ပျိုးမြေ (၁၇၄၄၇၃) ဧက ရှိသဖြင့် မြို့နယ်အကျယ်အဝန်း၏ (၂၁.၅၄%) ကို စိုက်ပျိုးရေးအတွက် အသုံးပြုနေခြင်းဖြစ်သည်။ စိုက်ပျိုးရေးအပြင် မွေးမြူရေး၊ ဓာတ်သတ္တု၊ ကုန်ထုတ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေးလုပ်ငန်း များကိုလည်း လုပ်ကိုင်ကြသည်။ [၂]

စိုက်ပျိုးရေး ပြင်ဆင်ရန်

စိုက်ပျိုးရာသီချိန်တွင် လုပ်သားလိုအပ်ချက်ရှိပြီး အခြားဒေသမှ လုပ်သားများ လာရောက်လုပ်ကိုင်လေ့ကြသည်။ အများဆုံးစိုက်ပျိုးသည့်သီးနှံမှာ ပြောင်းကြံစပါး တို့ ဖြစ်သည်။ ငွေရည်ပုလဲကုမ္ပဏီများအုပ်စု၏ ဆင်းရွှေလီသကြားစက်ရုံများက ဒေသခံ တောင်သူများနှင့် အကျိုးတူ ကြံစိုက်ပျိုးခြင်းကြောင့် မြို့နယ်၏ ထုတ်ကုန်ပမာဏမှာ ၂၀၀၈ ခုနှစ်နောက်ပိုင်း အရှိန်အဟုန်ဖြင့် တိုးတက်ခဲ့သည်။ ပြောင်းဈေးကွက်မှာ တရုတ် ကျောထောက်နောက်ခံပြု ပွဲစားများအပေါ် မှီခိုသည်။ ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် တရုတ်နိုင်ငံအပြင် အခြားနိုင်ငံများသို့ပါ တင်ပို့ကြသဖြင့် ပြောင်းဈေးကွက် တည်ငြိမ်လာသည်။ ယခုအခါ ပြောင်းကုန်ကြမ်းအသုံးပြု ကုန်ချော ထုတ်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာကြသည်။

ပိုးစာပင် စိုက်ပျိုးရေး မှာလည်း တရုတ်လုပ်ငန်းရှင်များကို မှီခိုနေရသည်။ ပိုးချည်လုံးများကို မန်စီမြို့နယ်ရှိ ပိုးစာစက်ရုံသို့ ပို့ဆောင်ပြီး စက်ရုံမှ ထွက်ရှိသော ပိုးချည်များကို ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် အီတလီနိုင်ငံဈေးကွက်သို့ တင်ပို့သည်။ ကော်ဖီကို သံဘို၊ သရက်ကုန်း၊ အနောက်ကြူအင်း၊ ကြိမ်ဂနိုင်၊ ခိုအုံ၊ ဆီဆုံ၊ သုံးဆယ်၊ ဘန့်ဘွေး အုပ်စုများတွင် စိုက်ပျိုးကြသည်။ လက်ဖက်ကို ယာပြင်၊ သရက်ချို၊ ဟိုခို ကျေးရွာများတွင် စိုက်ပျိုးကြသည်။ မက္ကဒေးမီးယားကို အုမ္မခါးကျေးရွာအုပ်စုတွင် အများအပြားစိုက်ပျိုးကြပြီး ဈေးကွက် ကောင်းမွန်သဖြင့် အခြား ရွာများတွင်လည်း စတင်စိုက်ပျိုးလာကြသည်။ အာလူးကို ကျောင်းကုန်းကျေးရွာတွင် အဓိက စိုက်ပျိုးသည်။ ပန်းမျိုးစုံကို ကံကြီးအုပ်စု၊ ဘန့်ဘွေးအုပ်စု၊ ကြိမ်ဂနိုင်အုပ်စု၊ အနောက်ကြူအင်းအုပ်စု၊ ခိုအုံအုပ်စု၊ သရက်ကုန်းအုပ်စုများတွင် စိုက်ပျိုးကြသည်။

ယူကလစ် ကို မြို့နယ်အနှံ့စိုက်ပျိုးသော်လည်း ဟိုခို၊ သံဘို၊ ဒိုးပင်၊ ကုန်းကြီး၊ ကံကြီး အုပ်စုများတွင် ပိုမိုစိုက်ပျိုးကြသည်။ သံဘိုအုပ်စုတွင် အသေးစား ယူကလစ် သစ်ပါးလွှာ စက်ရုံတစ်ရုံ ရှိသည်။ စပါးကို မိမိအိမ် စားသုံးရန် စိုက်ပျိုးကြသည်။ ပဲပုပ် မျိုးသစ်များ စမ်းသပ်ရာ အောင်မြင်သဖြင့် စိုက်ပျိုးရန် စိတ်ဝင်စားသည့် တောင်သူ အများအပြားရှိသည်။ မုံညင်းနေကြာမြေပဲ ကို အနည်းအကျဉ်း စိုက်သည်။ ပန်းနှမ်း ကို မိရိုးဖလာအရ အနည်းအကျဉ်း စိုက်ကြသည်။ ဂျုံ ကိုလည်း မိရိုးဖလာအရ အနည်းအကျဉ်း စိုက်ကြသည်။ စီးးပွားဖြစ် လောင်ဂန် စိုက်ခင်းများကို ဆမ္မဆယ် အုပ်စုတွင် တွေ့ရသည်။ နွားစာ နေဗီယာမြက် များကို ပုဂ္ဂလိက နွားခြံနှင့်နီးသည့် ကြိမ်ဂနိုင် နှင့် ခိုအုံ အုပ်စုများတွင် စိုက်ပျိုးကြသည်။

အခြားစိုက်ပျိုးပင်များမှာ မျောက်ငိုသစ်မွှေးလေချူပိန္နဲသခွားနာနတ်ခရမ်းချဉ်ဂေါ်ဖီမုံလာဥနီရှောက်သံပရာလိမ္မော်ပျားလိမ္မော်ကျွဲကောသင်္ဘောဆလတ်ငရုတ်ငြုတ်ကောင်းဝဥ တို့ ဖြစ်ကြပြီး အနည်းငယ်စီ စိုက်ပျိုးကြသည်။

ရင်းနှီးမြှုပ်နှံမှုများ ပြင်ဆင်ရန်

၂၁ ရာစုဒုတိယဆယ်စုနှစ်အစမှ စတင်၍ စိုက်ပျိုးရေး ကုမ္ပဏီများ၏ စိတ်ဝင်စားမှုမြင့်တက်လာခဲ့ပြီး မြေဝယ်ယူကာ လာရောက် ရင်းနှီးမြှုပ်နှံစိုက်ပျိုးမှုများ ပိုမိုများပြားလာနေသည်။ ၂၁ ရာစုအတွင်းသို့ ဝင်ရောက်လာပြီးနောက်ပိုင်းတွင် ယခင်က မိရိုးဖလာ ကျွဲနွားနှင့်လူအားသုံး စိုက်ပျိုးရေးစနစ်မှ စက်များ၊ မှန်လုံအိမ်များ၊ ရေပေးစနစ်များ ပိုမိုအသုံးပြုလာသော ခေတ်မီစိုက်ပျိုးရေးစနစ် ဖြင့် ပိုမို စိုက်ပျိုးလာကြသည်။ ၂၀၁၉ ခုနှစ်က စာရင်း အရ လယ်ထွန်စက် အစီးရေ (၆၅၀)၊ လက်တွန်းထွန်စက်အစီးရေ (၄၀၇၉)၊ မျိုးစေ့ချစက် (၅၀)၊ ရိတ်သိမ်းစက် (၅) စီး၊ ရိတ်သိမ်းချွေလှေ့စက် (၁၅) စီး၊ ချွေလှေ့စက် (၇၁၈) စီး အထိရှိနေသည်ကို တွေ့ရသည်။ ကြံစိုက်ပျိုးသောစက်၊ ကြံရိတ်သိမ်းသောစက်၊ ကြားပေါင်းလိုက်သောစက် များလည်း ရှိသည်။ ဆန်စက်ဆီစက်သီးနှံအခြောက်ခံစက်၊ သီးနှံသိုလှောင်ဂိုထောင်များလည်း တစ်နေ့တစ်ခြား ပိုမိုများပြားလာသည်ကိုတွေ့ရသည်။ စိုက်ပျိုးရေးလုပ်ငန်းကို အခြေပြုသော ဝန်ဆောင်မှုနှင့် ကုန်ထုတ်လုပ်ငန်းများလည်းရှိသည်။ တရားဝင် မှတ်ပုံတင်ထားသော ပွဲရုံပေါင်း (၅၂) ရုံ ရှိသည်။[၂]

သစ်တောထွက်ပစ္စည်းထုတ်လုပ်ရေး ပြင်ဆင်ရန်

ကိုင်းကြီးကြိုးဝိုင်းမှ ၂၀၁၉ ခုနှစ်တွင် ထင်း တန်ချိန် ၂၀၂၀ နှင့် လင်းနို့ချေး ပိဿာ ၃၂၅၀၊ သစ်ခေါက် ပိဿာ ၅၀၀၊ လျှော် ၃၂၅ ပိဿာ၊ အင်တွဲ ပွဲညက် ၁၅၀ ပိဿာ၊ ဝါး နှင့် ဓနိသက္ကယ် အနည်းငယ်စီ ထုတ်လုပ်ခဲ့သည်ကို တွေ့ရသည်။ ယခင်က မြန်မာ့ သစ်လုပ်ငန်း သစ်ထုတ်လုပ်မှု ရှိသည်။ အုမ္မခါး တွင် သစ်ကွင်း ထားရှိသည်။ အရပ်သား တပိုင်း အစိုးရလက်ထက်တွင် သစ်ထုတ်လုပ်မှု ရပ်နားခဲ့သည်။ သစ်တောဌာန တွင် မှတ်ပုံ တင် ထား‌ သော လိုင်စင်ရ ပုဂ္ဂလိက သစ်စက် (၃) ခု ရှိသည်။

မွေးမြူရေး ပြင်ဆင်ရန်

မိရိုးဖလာ နို့စားနွားမွေးမြူခြင်းကို ဂေါ်ရခါးကျေးရွာများတွင် တွေ့ရပြီး ခေတ်မီ နို့စားနွားမွေးမြူရေးခြံကို ကြိမ်ဂနိုင်ကျေးရွာအုပ်စု သပြေဝန်းရွာ အနီးတွင် ပက်ပ်ကုမ္ပဏီက ဆောင်ရွက် လျက်ရှိသည်။ အခြေား နွားမွေးမြူရေးကုမ္ပဏီများလည်း လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိကြသည်။ ခိုင်းကျွဲ ခိုင်းနွား မွေးမြူသူ အများအပြားလည်း ရှိနေသေးသည်။ ကျွဲနွားဈေး (၅) ဈေး ရှိသည်။

ဥစားကြက်မွေးမြူရေး နှင့် ငါးမွေးမြူရေးလုပ်ငန်းများကို နောင်ချို၊ ဆမ္မဆယ်၊ ဘန့်ဘွေး နှင့် အုမ္မခါး ကျေးရွာအုပ်စုများတွင် အများဆုံးတွေ့ရသည်။ ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် ဥစားကြက်မွေးမြူရေးကို နောင်ချိုမြို့နယ်နေရာအနှံ့အပြားတွင် လုပ်ကိုင်လာကြသည်။ ကြက်စာစက်ရုံ၊ ကြက်သားဖောက်လုပ်ငန်း လုပ်ကိုင်သူများပါ ရှိလာသည်။ ဆမ္မဆယ် အုပ်စုတွင် တနိုင်တပိုင် ငါးမွေးမြူခြင်းများ ရှိသည်။

ပျားမွေးမြူရေးလုပ်ငန်းကိုလည်း နောင်ချိုမြို့နယ်အတွင်း နေရာအနှံ့လုပ်ကိုင်ကြပြီး ပျားမွေးမြူရေးလုပ်ငန်း ရာဂဏန်းခန့် ရှိသည်။ ပျားမွေးမြူသူအများစုမှာ ရာသီအလိုက် အထက်မြန်မာနိုင်ငံအနှံ့ နေရာရွှေ့ပြောင်း လုပ်ကိုင်ကြသည်။ ပိုးစာခြံများတွင် ပိုးမွေးမြူခြင်းကို ယခင်က ကြိမ်ဂနိုင်အုပ်စု ခြေမြစ်ပင်ရွာအနီး အစိုးရ ပိုးစာခြံတွင်သာ တွေ့ရသော်လည်း ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် ပုဂ္ဂလိက ပိုးစာခြံနှင့် ပိုးစာမွေးမြူရေး ဈေးကွက် ကျယ်ကျယ်ပျံ့ပျံ့ဖြစ်ပေါ်လာခဲ့သည်။ အခြားမွေးမြူရေးအနေဖြင့် မြင်း၊ ဝက် နှင့် ဆိတ် ကို တစ်နိုင်တစ်ပိုင် သာ မွေးမြူကြသည်။

ဓာတ်သတ္တု ပြင်ဆင်ရန်

ရတနာသိင်္ဂီမိုင်း နှင့် အခြား မိုင်းများတွင် ဓာတ်သတ္တုထုတ်လုပ်မှုရှိသည်။ ထုံးကျောက်မိုင်းများရှိသည့် လုံရုံးကျေးရွာအုပ်စုအတွင်းရှိ လောက်ဖန်းရွာ အနီးတွင် ငွေရည်ပုလဲကုမ္ပဏီများအုပ်စု၏ သရဖူဘိလပ်မြေစက်ရုံ တည်ရှိပြီး အရည်အသွေးမြင့် ဘိလပ်မြေ ထုတ်လုပ်လျက်ရှိသည်။ ၂၀၁၉ ခုနှစ် တစ်နှစ်တည်းတွင် လုံရုံးအုပ်စုမှ ထုံးကျောက် တန်ချိန် ၄၄၅၀၆၀ တန် ထုတ်လုပ်ခဲ့သည်။ အခြားကျေးရွာများတွင်လည်း အသေးစား ထုံးကျောက် ထုတ်လုပ်မှုများ ရှိနေသည်။

သံကြွယ်ဘောက်ဆိုဒ် ကို ဘန့်ဘွေးကျင်းအုပ်စု မှ ထုတ်လုပ်သည်။ ၂၀၁၉ ခုနှစ် သံကြွယ် ဘောက်ဆိုဒ် ထုတ်လုပ်မှုမှာ ၁၇၁၁ တန် ဖြစ်သည်။ ညောင်ထောက်ကြိုးဝိုင်းအတွင်း သက်တမ်းနု ကျောက်မီးသွေးသိုက်ရှိပြီး ထုတ်လုပ်မှု ရပ်နားထားသည်။ ဒိုလိုမိုက်(ဗြုံးကျောက်) ကို လည်း ကျေး ရွာအုပ်စု အများစုတွင် ထုတ်လုပ်သုံးစွဲသည်။ ဒိုလိုမိုက်ကို မြေလှမ်းအုတ်လုပ်ငန်းတွင် ကုန်ကြမ်းအဖြစ် သုံးကြပြီး လမ်းခင်းရာတွင်လည်း သုံးကြသည်။

ကုန်ထုတ်လုပ်ငန်း ပြင်ဆင်ရန်

သကြားစက်ရုံ၊ ဘိလပ်မြေစက်ရုံကြီးများကို ငွေရည်ပုလဲကုမ္ပဏီများအုပ်စုက ရင်းနှီးမြှုပ်နှံထားသည်။ သခွားမျိုးစေ့ထုတ်လုပ်ငန်းကို တောင်ကိုးရီးယားနိုင်ငံက လာရောက်လုပ်ကိုင်လျက်ရှိသည်။ နွားနို့အခြေခံကုန်ချောများကို PEP ကုမ္ပဏီက လုပ်ကိုင်နေသည်။ ပြောင်းအခြေခံ ကုန်ချောထုတ်လုပ်ခြင်းမှာ ပြင်ဆင်နေဆဲအဆင့်တွင်သာရှိသည်။ တိရစ္ဆာန်အစာထုတ်လုပ်ရေး မှာ ကြက်စာတစ်မျိုးသာ ထုတ်လုပ်သည်ကိုတွေ့ရသည်။ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းအချို့ရှိသည်။ မုန့်ဖုတ်လုပ်ငန်း၊ အာလူးကြော်လုပ်ငန်း၊ ပဲကြော်လုပ်ငန်း၊ လက်ဖက်မျိုးစုံထုတ်လုပ်သောလုပ်ငန်း၊ ကော်ဖီကုန်ချောလုပ်ငန်း၊ မက္ကဒေးမီးယားကုန်ချောလုပ်ငန်းများ တွေ့ရသည်။ သဘာဝမြေဆွေး၊ မြေဩဇာ ထုတ်လုပ်မှုများလည်း စတင်နေသည်။ နေလှမ်းအုတ်ထုတ်လုပ်ခြင်းကို တစ်နိုင်တစ်ပိုင်မိသားစုလုပ်ငန်းများအဖြစ်တွေ့ရသည်။ ကွန်ကရစ်ကုန်ချောလုပ်ငန်းအသေးစားများကိုလည်းတွေ့ရသည်။

ဝန်ဆောင်မှုလုပ်ငန်း ပြင်ဆင်ရန်

ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများမှာ ထင်ရှားသည်။ ဆက်သွယ်ရေးဝန်ဆောင်မှု အတွက် ကုမ္ပဏီကြီးလေးခုက အပြိုင်ဆိုင် လုပ်ကိုက်လျက်ရှိကြသည်။ စိုက်ပျိုးရေးဝန်ဆောင်မှုလုပ်ငန်းများမှာလည်း လုပ်ကိုင်သူများပြားသည်။ ပညာရေးဝန်ဆောင်မှု၊ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများမှာ ဖွံ့ဖြိုးကာစ အခြေအနေတွင်သာ ရှိသေးသည်။ လူမှုရေးဝန်ဆောင်မှုလုပ်ငန်းများတွင် အစိုးရမဟုတ်သော အဖွဲ့အစည်းမျိုးစုံနှင့် လူမှုရေးအသင်းအဖွဲ့မျိုးစုံက ကုသိုလ်ဖြစ် စေတနာ့ဝန်ထမ်း ပုံစံ ဆောင်ရွက်မှုများကိုသာတွေ့ရသေးသည်။ နာရေးကူညီမှု နှင့် လူနာသယ်ယူပို့ဆောင်မှု လုပ်သော အသင်းအဖွဲ့များကို မြို့ပေါ်သာမက ကျေးရွာများတွင်ပါ တွေ့ရသည်။ လမ်းပိတ်ဆို့မှုဖြစ်ချိန်တွင် အစားအသောက် ကုသိုလ်ဖြစ် ဝန်ဆောင်မှု ပေးကြသည်ကို တွေ့ရပြီး ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားသည့်အခါတွင်လည်း စေတနာ့ဝန်ထမ်းလုပ်ကိုင်သူ အများအပြားရှိသည်။ ဘာသာရေးဝန်ဆောင်မှု မှာ အခမဲ့သာ ဖြစ်ကြသည်။ ငွေကြေးဝန်ဆောင်မှုတွင် ဘဏ်များ၊ ငွေလွှဲလုပ်ငန်းများ၊ အာမခံလုပ်ငန်းများအပြင် အသေးစားချေးငွေလုပ်ငန်းများမှာလည်း ထင်ရှားသည်။ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှု အားကောင်းလာသည်ကို တွေ့ရသည်။ ဆောက်လုပ်ရေး ဝန်ဆောင်သူအဖြစ် ယခင်က တစ်နိုင်တစ်ပိုင် သာ လုပ်ခဲ့ရာမှ ယခုအခါ ကုမ္ပဏီပုံစံ ဝန်ဆောင်မှု များကိုပါ တွေ့မြင်လာရသည်။ အားကစားဝန်ဆောင်မှုတွင် ဘိလိယက်ခုံများကို မြို့နယ် နေရာအနှံ့တွင် တစ်နိုင်တစ်ပိုင်ပုံစံဖြင့် လုပ်ကိုင်ကြသည်ကိုတွေ့ရသည်။ ပုဂ္ဂလိကဖူဆယ်ဘောလုံးကွင်းအချို့ကို နောင်ချိုမြို့ပေါ်တွင် တွေ့ရသည်။ ဘောလုံးကွင်းများမှာ အများပြည်သူနှင့်ဆိုင်သောနေရာများအဖြစ် အခမဲ့ အသုံးပြုနိုင်ကြသည်။

ခရီးသွားလုပ်ငန်း ပြင်ဆင်ရန်

ရေတံခွန်များ၊ ထုံးကျောက်ဂူများ၊ တောတောင်ရှုခင်းအလှများ၊ မတူကွဲပြားသောလူမျိုးစုများ၊ သမိုင်းဝင်နေရာများ ရှိနေသော နောင်ချိုမြို့နယ်၏ ခရီးသွားလုပ်ငန်းသည် လမ်းကွန်ယက် နှင့် ပုဂ္ဂလိက ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ လျင်မြန်စွာ ဖွံ့ဖြိုးလာလျက်ရှိသည်။ ထင်ရှားသော ခရီးစဉ်ဒေသများတွင် ပါဝင်သော ကုန်းစံအုပ်စု ဂုတ်ထိပ်ကြိုးဝင်းအတွင်းရှိ ဂုတ်ထိပ်တံတား၊ ဘန့်ဘွေးကျင်းအုပ်စု ဘန့်ဘွေးကျင်းရွာအနောက်ဘက် သစ်တောဦးစီးဌာန၏ ကိုင်းကြီးကြိုးဝင်းအတွင်းရှိ ဘန့်ဘွေးကျင်းရွာမှ သွားရောက်ရသော မောင်နှံခုနစ်ဖော်ရေတံခွန်၊ ဉာဏ်တောအုပ်စု နောင်ချိုကြီးရွာမှ သွားရောက်ရသော နောင်ချိုကြီးရွာအရှေ့ဘက် နောင်ချိုကြီး တိမ်ပင်လယ် အပမ်းဖြေစခန်း၊ ကျောက်တောအုပ်စု ကျောက်တောရွာထိပ်ရှိ လူထုအခြေပြုခရီးသွားလုပ်ငန်း နှင့် ဂယ်လောင်းရွာအနီး မယ်ဟုံကျေးရွာလှေဆိပ်မှ သွားရောက်ရသော ဒုဋ္ဌဝတီမြစ်ကျဉ်း ပြောင်လျှိုရေကျ များ အပြင် အခြား စိတ်ဝင်တစားလည်ပတ်ကြည့်ရှုချင်စရာကောင်းသည့် နေရာအများအပြားလည်း ရှိနေသည်။ နောင်ချိုမြို့တွင် နောင်ချိုဟိုတယ် (၅၈ ခန်းပါ) နှင့် တည်းခိုခန်း (၆) ခန်း ရှိသည်။ အုမ္မသီး နှင့် ဘန့်ဘွေး တွင် တည်းခိုခန်း တစ်ခုစီ ရှိသည်။ စားသောက်ဆိုင် ကြီးငယ်များ၊ တစ်နိုင်တစ်ပိုင် အစားအသောက် ရောင်းချသူများကို နေရာ အနှံ့တွေ့ရသည်။ ပုဂ္ဂလိက ယာဉ်လိုင်းများ၊ အငှားယာဉ်ဝန်ဆောင်မှုများ၊ ဆိုင်ကယ်အငှားဝန်ဆောင်မှုများ၊ စက်လှေဝန်ဆောင်မှုများ ရှိသည်။ (သယ်ယူပို့ဆောင်ရေးကဏ္ဍ နှင့် သယ်ယူပို့ဆောင်ရေးတွင်လည်းရှု။) ပုဂ္ဂလိက ခရီးသွားလုပ်ငန်းများရှိသည်။

ဈေးများ ပြင်ဆင်ရန်

နောင်ချိုမြို့နှင့် ကျေးရွာကြီး (၇) ရွာတွင် စည်ပင်သာယာဈေး (၈) ဈေးရှိသည်။ ရွာဈေးများမှာ ငါးရက်တစ်ဈေးများဖြစ်ကြသည်။ သုံးဆယ် တပေါင်းပွဲ နှင့် အခြား ဘုရားပွဲတော်များ၊ ကထိန်အောင်ပွဲများ၊ ရှင်ပြုပွဲများတွင်လည်း ရောင်းဝယ်ဖောက်ကားကြသည်။

ဈေးစာရင်း ပြင်ဆင်ရန်

30em

ကျွဲနွားဈေးများ ပြင်ဆင်ရန်

30em

ပွဲရုံလုပ်ငန်းများ ပြင်ဆင်ရန်

နောင်ချိုမြို့နယ်တွင် ပုဂ္ဂလိက ပဲ ပြောင်း ပွဲရုံပေါင်း ငါးဆယ်ကျော်ရှိသည်။

ဘဏ်များ ပြင်ဆင်ရန်

30em
  • အချို့ရွာများတွင် ပုဂ္ဂလိကဘဏ် ငွေထုတ်၊ ငွေလွှဲကိုယ်စားလှယ်များ ရှိကြသည်။

အထင်ကရ နေရာများ ပြင်ဆင်ရန်

နောင်ချိုမြို့နယ်တွင် လေ့လာ ကြည့်ရှု လည်ပတ်နိုင်သော၊ ဗဟုသုတအဖြစ် သိသင့်သော နေရာများစွာရှိနေရာ ၎င်းတို့အတက်မှ ထင်ရှားသည့် နေရာအချို့ကို ဖော်ပြအပ်ပါသည်။

  1. ကုန်းစံကျေးရွာအုပ်စု၊ ဂုတ်ထိပ်ရွာအနီး၊ ဂုတ်ထိပ်ကြိုးဝိုင်း အတွင်းရှိ ဂုတ်ထိပ်တံတား နှင့် ထုံးကျောက်ဂူများ၊ ရေတံခွန်များ (နောင်ချို-ရပ်စောက်လမ်း ပန်လန်းရွာ အနီးတွင် အရှေ့ဖက်သို့ချိုးကွေ့ပြီး ရွှေပြည်ညွန့်ရွာကို ဖြတ်ကာ မြောက်ဖက်သို့ တဖန်ချိုးကွေ့ပြီး ကုန်းစံရွာအနီး မှ ဝင်ရောက်ရသည်။)
  2. နောင်ချိုကြီးကျေးရွာအုပ်စု၊ နောင်ချိုကြီးကျေးရွာ အနီးရှိ တိမ်ပင်လယ်အပန်းဖြေစခန်းများ (နောင်ချို-ရပ်စောက်လမ်း သရက်ကုန်းရွာအနီး မှ အရှေ့ဖက်သို့ ချိုးကွေ့ ဝင်ရောက်ရသည်။)
  3. ရေတွင်းကြီးကျေးရွာအုပ်စုအတွင်း ဒုဋ္ဌဝတီမြစ်တာဖလန်းဆိပ်အနီးရှိ ရှမ်းပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်းကို ဆက်သွယ်ပေးထားသည့် ဒုဋ္ဌဝတီမြစ်ကူးတံတား (နောင်ချို)
  4. ရေတွင်းကြီးကျေးရွာအုပ်စုအတွင်း ဒုဋ္ဌဝတီမြစ်တာဖလန်းဆိပ်မြောက်ဘက်ရှိ ရေပြန်ကြီးရေတံခွန် (ရှမ်းပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်းကို ဆက်သွယ်ပေးထားသည့် ဒုဋ္ဌဝတီမြစ်ကူးတံတား (နောင်ချို) အနီးမှ ဝင်ရောက်ရသည်။)
  5. ရေတွင်းကြီးကျေးရွာအုပ်စု၊ ရေတွင်းကြီးရွာ တောင်ဘက် ဒုဋ္ဌဝတီမြစ်ကျဉ်း နှင့် ပြောင်လျှိုရေကျ (ဘန့်ဘွေး-ပိန်းအင်းလမ်း သို့မဟုတ် ဘန့်ဘွေး-ညောင်ထောက်လမ်း၊ ထိုမှတစ်ဆင့် ပြဿနာများ ဖြစ်ပွားလျက်ရှိသော ရွှေဝါမြေစိုက်ခင်း၊ ဂယ်လောင်းရွာ၊ ဂယ်လောင်း အကျဉးစခန်း၊ ဘန်ဘုံရွာ၊ မယ်ဟုံရွာများကို ဖြတ်သန်းပြီး မယ်ဟုံရွာအနီးလှေဆိပ်မှတစ်ဆင့် စက်လှေစီး၍ ဝင်ရောက်ရသည်။)
  6. တောင်ခမ်းကျေးရွာအုပ်စု၊ မန်မော်ရွာရှိ တိပိဋကဓရတိပိဋကကောဝိဓဓမ္မဘဏ္ဍာကာရိက ကမ္ဘောဇဆရာတော်သီတင်းသုံးတော်မူရာ ကမ္ဘောဇကျောင်းတိုက် (နောင်ချို-ရပ်စောက်လမ်းပေါ်တွင် ရှိသည်။)
  7. နောင်တောအုပ်စု၊ ယာပြင် သရက်ချို ကျေးရွာများရှိ လက်ဖက်စိုက်ခင်းများ နှင့် လက်ဖက်လုပ်ငန်းများ (နောင်ချို-ရပ်စောက်လမ်း မှ ဝင်ရောက်ရသည်။)
  8. အင်းဖိုအုပ်စု၊ ရွှေကူလက်ပံကုန်းရွာရှိ ရှေးဟောင်းဘုရားစေတီပုထိုးများ (နောင်ချို-ရပ်စောက်လမ်း မှ ဝင်ရောက်ရသည်။)
  9. အင်းဖိုကျေးရွာအုပ်စု၊ အင်းဖိုရွာအနီး၊ ဂယ်လောင်းအဆိုပြုကြိုးပြင်ကာကွယ်တော အတွင်းရှိ ရေပျောက်တောင်ရေတံခွန် (နောင်ချို-ရပ်စောက်လမ်း မှ ဝင်ရောက်ရသည်။)
  10. အင်းဖိုကျေးရွာအုပ်စု၊ မယ်ဟုန်ရွာ ရှေးဟောင်းစေတီတော် (ဘန့်ဘွေး-ပိန်းအင်းလမ်း သို့မဟုတ် ဘန့်ဘွေး-ညောင်ထောက်လမ်း၊ ထိုမှတစ်ဆင့် ပြဿနာများ ဖြစ်ပွားလျက်ရှိသော ရွှေဝါမြေစိုက်ခင်း၊ ဂယ်လောင်းရွာ၊ ဂယ်လောင်း အကျဉးစခန်း၊ ဘန်ဘုံရွာ၊ မယ်ဟုံရွာများကို ဖြတ်သန်းပြီး မယ်ဟုံရွာသို့ ဝင်ရောက်ရသည်။)
  11. လုံဝယ်အုပ်စု၊ ဆင်ရှောရွာ နှင့် မြင်းဖြူရွာ အကြားရှိ ရှုခင်းကြည့်နိုင်သော ဘုရားလောင်းမြင်းဖြူ ကျက်စားခဲ့ရာ အထိန်းအမှတ် မြင်းဖြူဘုရား (နောင်ချို-ရပ်စောက်လမ်း၊ ကံကြီးရွာ မှ ဝင်ရောက်ရသည်။)
  12. မျက်ချဉ်းနုကျေးရွာ မျက်ချဉ်းနုကျောင်းတိုက် အတွင်းရှိ ဆရာစံ ပုန်းအောင်းခဲ့ရာ ဆရာစံပြဿာဒ် (နောင်ချို-ရပ်စောက်လမ်း မှ ဝင်ရောက်ရသည်။)
  13. ကျောက်တောအုပ်စု၊ ကျောက်တောရွာ ရှိ လူထုအခြေပြုခရီးသွားလုပ်ငန်း (နောင်ချို-ရပ်စောက်လမ်း မှ ဝင်ရောက်ရသည်။)
  14. နောင်ချိုမြို့မရဲစခန်းအတွင်းရှိ ဆရာစံကို ချုပ်နှောင်ခဲ့ဖူးသည့် နောင်ချိုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အဆောက်အဦ (ရှေးယခင်က အချုပ်ခန်း)
  15. လုံရုံးအုပ်စု သဖန်းကိုင်းရွာရှိ အနော်ရထာ စစ်ချီလမ်းကြောင်း အထိန်းအမှတ် တဲနန်းတော်ဘုရား (မန္တလေး-မူဆယ် အာရှလမ်းမကြီး အနီးတွင် ရှိသည်။)
  16. လုံရုံးကျေးရွာအုပ်စု၊ လောက်ဖန်းရွာ အနီးရှိ သရဖူဘိလပ်မြေစက်ရုံ (မန္တလေး-မူဆယ် အာရှလမ်းမကြီး၊ ကျောက်ကြမ်းရွာ မှ ဝင်ရောက်ရသည်သည်။)
  17. ဆိတ်ဖူးကျေးရွာအုပ်စု၊ ဆိတ်ဖူးရွာ အနီးရှိ ဆိပ်ဖူးရေပူစမ်း(မန္တလေး-မူဆယ် အာရှလမ်းမကြီး၊ အုမ္မခါးရွာ မှ ဝင်ရောက်ရသည်သည်။)
  18. အုမ္မခါးကျေးရွာအုပ်စု၊ အုမ္မခါးကြိုးဝိုင်းအတွင်းရှိ မက္ကဒေးမီးယား နှစ်ရှည်သီးနှံစိုက်ပျိုးခြံများ (မန္တလေး-မူဆယ် အာရှလမ်းမကြီး ဘေးတွင်ရှိသည်။)
  19. အုမ္မခါးကျေးရွာအုပ်စု၊ နောင်ဖာရွာလယ်ရှိ မြန်မာနိုင်ငံအကြီးဆုံး စကားဝါပင်ကြီး
  20. ကုန်းကြီးရွာမအုပ်စု၊ အင်းဝိုင်းရွာအနီးရှိ အင်းဝိုင်းရေတံခွန် နှင့် နမ့်ငိုရေတံခွန် (မန္တလေး-မူဆယ် အာရှလမ်းမကြီး၊ ဘန့်ဘွေးရွာမှ ဝင်ရောက်ရသည်။)
  21. ကုန်းကြီးရွာမအုပ်စု၊ အင်းဝိုင်းရွာအနီးရှိ ဆင်းရွှေလီအမှတ်(၂)နှင့်(၃)သကြားစက်ရုံ (မန္တလေး-မူဆယ် အာရှလမ်းမကြီး၊ ဘန့်ဘွေးရွာမှ ဝင်ရောက်ရသည်။)
  22. ဆမ္မဆယ်ကျေးရွာအုပ်စု၊ အုမ္မသီးရွာ၊ အုမ္မသီးလမ်းခွဲရှိ ငါးခူမျှစ်ချဉ်ဟင်း နှင့် ခရုဟင်း ရောင်းချသည့် စားသောက်ဆိုင်များ (မန္တလေး-မူဆယ် အာရှလမ်းမကြီး ဘေးတွင်ရှိသည်။)
  23. ဆမ္မဆယ်ကျေးရွာအုပ်စု၊ ဆမ္မဆယ်ရွာအနီးရှိ ဆင်းရွှေလီအမှတ်(၁)သကြားစက်ရုံ (မန္တလေး-မူဆယ် အာရှလမ်းမကြီး အုမ္မသီးလမ်းခွဲ၊ ထိုမှတစ်ဆင့် ဆမ္မဆယ်ရွာမှ ဝင်ရောက်ရသည်။)
  24. ဆီဆုံကျေးရွာအုပ်စု၊ ချောင်းကြီးရွာအနီးရှိ ချောင်းကြီးရေတံခွန် ခေါ် ရေပျံတောင်ရေတံခွန် (မန္တလေး-မူဆယ် အာရှလမ်းမကြီး ဘန့်ဘွေးရွာမှတစ်ဆင့်၎င်း၊ အုမ္မသီးလမ်းခွဲ၊ ထိုမှတစ်ဆင့် သုံးဆယ်ရွာမှ၎င်း၊ ပြင်ဦးလွင်-မိုးကုတ်လမ်း သံဘိုရွာအနီးမှ၎င်း ဝင်ရောက်ရသည်။)
  25. သုံးဆယ်အုပ်စု၊ သုံးဆယ်တပေါင်းပွဲကျင်းပရာ ရွှေဆံတော်ဘုရား (မန္တလေး-မူဆယ် အာရှလမ်းမကြီး အုမ္မသီးလမ်းခွဲ မှ ဝင်ရောက်ရသည်။)
  26. သုံးဆယ်ကျေးရွာအုပ်စု၊ သက်ရှည်မြိုင်ရွာရှိ သက်ရှည်မြိုင်ဂေါ်ရခါးတက္ကသိုလ် (သုံးဆယ်ရွာမှ ဝင်ရောက်ရသည်။)
  27. သုံးဆယ်ကျေးရွာအုပ်စု ကျောက်သုံးလုံးရွာ အနီးရှိ ကိုရီးယား သခွားမျိုးစေ့ထုတ်ခြံ (မန္တလေး-မူဆယ် အာရှလမ်းမကြီး ရွှေညောင်ပင်-ဘော်ရွာလမ်း မှ ဝင်ရောက်ရသည်။)
  28. ဟိုခိုကျေးရွာအုပ်စု၊ ဟိုခိုတောင်ကျေးရွာ၏ အရှေ့တောင်ဘက်ရှိ ဆရာစံသဘာဝထုံးကျောက်ဂူ (ဟိုခိုတောင်ရွာ မှ ဝင်ရောက်ရသည်။)
  29. ဟိုခိုအုပ်စု၊ ဟိုခိုမြောက်ရွာ ဘုရားလောင်းသမင်မင်း မြှားဒဏ်ရာမှ သွေးများ ယိုစီးကျသည့် နေရာတွင် တည်သည်ဆိုသော ဘုရားနီဘုရား (ဟိုခိုမြောက်ရွာမှ ဝင်ရောက်ရသည်။)
  30. ဟိုခိုအုပ်စု၊ ချောင်းသာရွာထိပ်ရှိ ဘုရားပွဲမကျင်းပလျင် မိုးခေါင်သည် ဟူသော ချောင်းသာရှေးဟောင်းဘုရားစေတီ နှင့် သမင်ရုပ်ကို ဓာတ်ပုံရိုက်လျင် ဓာတ်ပုံတွင် မပေါ်သော သမင်ရုပ် ရှိခဲ့ဖူးသည် ဆိုသော ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း (ဟိုခို-မိုးကုတ်လမ်း၊ ဟိုခိုရွာ မြောက်ဘက်နားမှ ဝင်ရောက်ရသည်။)
  31. ဘန့်ဘွေးကျင်းကျေးရွာအုပ်စု၊ ဘန့်ဘွေးကျင်းရွာအနီး၊ ကိုင်းကြီးကြိုးဝိုင်း အတွင်းရှိ ဘန့်ဘွေးကျင်းရေတံခွန် အပါအဝင် ရေတံခွန်များ နှင့် ဆည်တော်ကြီးဆည် (ပြင်ဦးလွင်-မိုးကုတ်လမ်း လွယ်လိတ်ရွာအနီးမှလည်းကောင်း၊ အင်းမရွာမှလည်းကောင်း၊ ဟိုခိုရွာမှလည်းကောင်း ဝင်ရောက်ရသည်။ ဆည်တော်ကြီး ဆည်သို့သာ သီးသန့်သွားလိုပါမူ မတ္တရာမြို့နယ်၊ မတ္တရာမြို့ မြောက်ဖက် ရေနံ့သာရွာမှတဆင့် အရှေ့ဖက်သို့ ချိုးကွေ့ က တမံရှိရာသို့ ဝင်ရောက်ရသည်။ တမံအနီးတွင် ဆည်ထဲတွင်စီးရန် စက်လှေငှား၍ရသည်။
  32. သံဘိုအုပ်စု၊ သရက်ကုန်းအုပ်စု၊ ဘန့်ဘွေးအုပ်စု များရှိ ကော်ဖီခြံများ
  33. အနောက်ကြူအင်းကျေးရွာအုပ်စု၊ နောင်သခေါရွာ နှစ်ပေါင်းသုံးရာကျော်သက်တမ်းရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်း (အမှတ်-၁၄-အာရှလမ်းမကြီး ခြေမြစ်ပင်ရွာ နှင် လွန်းကျော်ရွာ အကြားမှ ဝင်ရောက်ရသည်။ နမ့်လင်းခံ၊ ရေဦး၊ ဘော်လှိုင်၊ အနောက်ကြူအင်း၊ ကျောက်တော၊ ဂွေးကုန်းရွာများကို ဖြတ်သွားရသည်။)
  34. ကြိမ်ဂနိုင်ကျေးရွာအုပ်စု၊ သပြေဝန်းရွာ အနီးရှိ PEP နို့စားနွားမွေးမြူရေးခြံ (အာရှလမ်းမကြီး လွန်းကျော်လမ်းဆုံ မှ ဝင်ရောက်ရသည်။)
  35. ကြိမ်ဂနိုင်အုပ်စု နမ့်လင်းခံ နှင့် လွန်းကျော် ရွာများရှိ ရှေးဟောင်း စေတီပုထိုးများ (အာရှလမ်းမကြီး နမ့်လင်းခံ လမ်းဆုံ နှင့် လွန်းကျော်လမ်းဆုံများ မှ ဝင်ရောက်ရသည်။)
  36. ကြိမ်ဂနိုင်ကျေးရွာအုပ်စု၊ ကြိမ်ဂနိုင်ရွာ ရှေးဟောင်းဘုန်းတော်ကြီးကျောင်း (အာရှလမ်းမကြီး လွန်းကျော်လမ်းဆုံ မှ ဝင်ရောက်ရသည်။)
  37. နေရာအနှံ့တွေ့နိုင်သော ကြံစိုက်ခင်း၊ ပန်းနှမ်းစိုက်ခင်း၊ နေကြာစိုက်ခင်းများ နှင့် သဘာဝနေကြာပန်းရိုင်းများ
  38. ကံကြီးအုပ်စု၊ ကြိမ်ဂနိုင်အုပ်စု၊ အနောက်ကြူအင်းအုပ်စု၊ သရက်ကုန်းအုပ်စုများတွင် တွေ့ရသော ပန်းစိုက်ခင်းများ
  39. ပျားမွေးမြူရေးလုပ်ငန်းများ နှင့် ပျားထွက်ပစ္စည်းများ
  40. ဘန့်ဘွေးအုပ်စု ကျောင်းကုန်းရွာ အာလူးစိုက်ပျိုးရာ ရေခြံများနှင့် အာလူးကြော်လုပ်ငန်းများ
  41. ကုန်းကြီးအုပ်စု၊ အထက်ကြူအင်းအုပ်စု၊ ဟိုခိုအုပ်စု၊ အင်းဖိုအုပ်စု များ အတွင်းရှိ ရဲဖက်စခန်း ခေါ် ဘဝသစ်စီမံချက်စခန်း ခေါ် စိုက်ပျိုးမွေးမြူရေးနှင့်အသက်မွေးဝမ်းကျောင်းအတတ်သင်တန်းစခန်းများ
  42. ဟိုခို သံဘို ဆီဆုံ ကုန်းကြီး ဘန့်ဘွေးကျင်း ကျောက်ကြီး ဒိုးပင် အုပ်စုများရှိ ယူကလစ်စိုက်ခင်းများ
  43. ဟိုခို ဘန့်ဘွေး ကြိမ်ဂနိုင် ရွှေမုဋ္ဌော အုပ်စုများရှိ ထင်းရူးတောများ
  44. သစ်တောဦးစီးဌာက ကာကွယ်ထားသော သဘာဝသစ်တောများ

ထူးခြား ထင်ရှား ပြင်ဆင်ရန်

၁၈၉၉ ခုနှစ် ဧပြီလ (၂၈) ရက်နေ့မှစ၍ ဂုတ်ထိပ်တံတားကို စတင်တည်ဆောက်ပြီး ၁၉၀၀ ပြည့်နှစ်တွင် ပြီးစီးခဲ့သည်။ ၁၉၀၃ ခုနှစ်ရောက်မှ စတင်အသုံးပြုသည်။ ဂုတ်ထိပ်တံတား တည်ဆောက်မှုနှင့်အတူ နောင်ချိုနယ်၏ အုပ်ချုပ်ရေးရုံးများကိုလည်း ယခင် သုံးဆယ်မြို့မှ နောင်ချိုသို့ ပြောင်းရွှေ့ ရုံးစိုက်ခဲ့သည်။

ချစ်ဒုက္ခဦးဘညွန့် (အငြိမ်းစား ပါမောက္ခ၊ မြန်မာစာအဖွဲ့ဝင်) ကို ၁၉၀၆-ခုနှစ်တွင် အဖ ကုန်ရုံဝန်ထောက် ဦးဘိုးသာ၊ အမိ ဒေါ်မမကြီးတို့က နောင်ချိုမြို့တွင် မွေးဖွားခဲ့သည်။

၁၉၃၁ ခု ဇူလိုင်လတွင် သာယာဝတီခရိုင်မှ တိမ်းရှောင်လာသော ဆရာစံသည် ရှမ်း ဓနု တောင်သူကြီးများနှင့်ဖွဲ့စည်းထားသော ဂဠုန်တပ်များဖြင့် နောင်ချို၊ နောင်ပိန်၊ ရပ်စောက်တို့ရှိ အင်္ဂလိပ်အစိုးရတပ်များအား တိုက်ခိုက်သည်။ ၁၉၃၁ ဩဂုတ် ၂တွင် ဆရာစံအား နောင်ချိုမြို့နယ်၊ သုံးဆယ်တိုက်နယ်၊ ကုလားကွဲခရိုင်၊ ဟိုခို နောင်ကွမ်းရွာအနီးတွင် အင်္ဂလိပ် ပုလိပ်တပ်များက ဖမ်းဆီးရမိခဲ့သည်။ ဩဂုတ်လ ၄ ရက်နေ့တွင် သုံဆယ်ရဲစခန်းမှ ဆရာစံအား ပုလိပ်တို့က ဝါးညှပ်ခြေထိပ်ခတ်ပြီး နောင်ချိုအချုပ်ထောင်သို့ ပို့သည်။ ထိုမှတဆင့် စစ်တပ်အစောင့်အရှောက်များဖြင့် ဆရာစံအား သာယာဝတီထောင်သို့ပို့ခဲ့ရာ ဩဂုတ် ၁၄ ၇က်နေ့တွင် သာယာဝတီ ထောင်သို့ရောက်သည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ (၂၁.၆.၁၉၇၂) ရက်စွဲပါအမိန့် ကြေညာစာဖြင့် နောင်ချိုမြို့နယ်ကို ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၅)အုပ်စုတို့ ဖြင့် ဖွဲ့စည်းခဲ့သည်။

၂၀၁၇ ခုနှစ်တွင် တိပိဋက ကမ္ဘောဇ ဆရာတော် အရှင်ဝီရိယာနန္ဒ သည် တိပိဋကဓရရွေးချယ်ရေးစာမေးပွဲကြီးသမိုင်းတလျောက်မှာ "တိပိဋကဓရ တိပိဋကကောဝိဒ" ဘွဲ့ရ မြန်မာနိုင်ငံ၏ ၁၄ ပါးမြောက် သာသနာ့အာဇာနည်ဆရာတော်ဖြစ်လာပြီး သက်ရှိထင်ရှား တိပိဋကတ်ဆောင်သူများတွင် အသက်အငယ်ဆုံး ပုဂ္ဂိုလ်ဖြစ်လာသည်။

၂၀၁၈ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်သည် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ တာဝန်ကို စတင် ထမ်းဆောင်ခဲ့သည်။

၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက နောင်ချိုမြို့ လမ်းအသုံးပြုခကောက်ခံရေးစခန်း၊ မူးယစ်စစ်ဆေးရေးဂိတ် နှင့် ဂုတ်တွင်းတံတားများ ကို အလစ်အငိုက် တိုက်ခိုက်ခဲ့မှုဖြစ်သည်။ ဤတိုက်ခိုက်မှုကို မည်သည့်အဖွဲ့ကမှ ထုတ်ဖော် ဝန်ခံခဲ့ခြင်း မရှိခဲ့ပေ။ တိုက်ခိုက်မှုကြောင့် သေဆုံး ထိခိုက် ဒဏ်ရာရသူ အများအပြားရှိခဲ့သည်။ အများပြည်သူ သွားလာကူးသန်းမှုလည်း ရက်သတ္တပတ်ခန့် ရပ်တန့်သွားခဲ့ရသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနက မြန်မာ့ သမိုင်းတလျှောက် အမြန်ဆုံး ဗေလီတံတား တည်ဆောက်မှု ကို ပြုလုပ်ခဲ့ပြီး စတင်တည်ဆောက်သည်မှ ငါးရက်အကြာတွင် အများပြည်သူ ပြန်လည်သွားလာနိုင်ခဲ့သည်။[ကိုးကားချက်လိုသည်]

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် နောင်ချိုမြို့နယ်တွင် ကန့်ကွက်ဆန္ဒပြမှုများ နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

မြို့များ၊ ရပ်ကွက်များ၊ ကျေးရွာအုပ်စုများ နှင့် ကျေးရွာများ [၂] ပြင်ဆင်ရန်

မြို့များ နှင့် ရပ်ကွက်များ ပြင်ဆင်ရန်

စဉ် မြို့ ရပ်ကွက် အိမ်ခြေ အိမ်ထောင်စု လူဦးရေ > ၁၈ နှစ် ကျောင်း သောက်သုံးရေ ဆက်သွယ်ရေး လျှပ်စစ် လမ်း
(၁) နောင်ချို ၃၃၀၈ ၃၃၆၄ ၁၆၂၇၄ ၁၁၅၃၂[၂] စည်ပင်သာယာရေ 4G စာတိုက် မီတာ အာရှလမ်းမ (၄ လမ်းမောင်း နိုင်လွန်ကတ္တရာ) ၊ ပြည်ထောင်စုလမ်း (ကတ္တရာ)၊ မြို့တွင်းလမ်းများ (ကတ္တရာ)၊ မီးရထားလမ်း နောင်ချိုဘူတာ
ဈေး ၇၁၀ ၇၅၂ ၃၃၈၃ အထက စည်ပင်သာယာရေ 4G စာတိုက် မီတာ အာရှလမ်းမ (၄ လမ်းမောင်း နိုင်လွန်ကတ္တရာ) ၊ ပြည်ထောင်စုလမ်း (ကတ္တရာ)၊ မြို့တွင်းလမ်းများ (ကတ္တရာ)၊ မီးရထားလမ်း နောင်ချိုဘူတာ
ဘူတာ ၁၁၄၁ ၁၁၆၅ ၆၁၅၀ အလက စည်ပင်သာယာရေ 4G စာတိုက် မီတာ အာရှလမ်းမ (၄ လမ်းမောင်း နိုင်လွန်ကတ္တရာ) ၊ ပြည်ထောင်စုလမ်း (ကတ္တရာ)၊ မြို့တွင်းလမ်းများ (ကတ္တရာ)၊ မီးရထားလမ်း နောင်ချိုဘူတာ
တောင် ၈၃၄ ၈၃၄ ၃၇၂၀ အမက စည်ပင်သာယာရေ 4G စာတိုက် မီတာ ပြည်ထောင်စုလမ်း (ကတ္တရာ)၊ မြို့တွင်းလမ်းများ (ကတ္တရာ)
ပါဟတ် ၄၀၄ ၄၀၂ ၂၂၁၃ အမက စည်ပင်သာယာရေ 4G စာတိုက် မီတာ မြို့တွင်းလမ်းများ (ကတ္တရာ) + ကျော‌်ချောလမ်း + မြေသားလမ်း
သပြေရေ ၁၆၁ ၁၅၈ ၅၃၇ အမက စည်ပင်သာယာရေ 4G စာတိုက် မီတာ မြို့တွင်းလမ်းများ (ကတ္တရာ) + ကျော‌်ချောလမ်း + မြေသားလမ်း
နားရှိုး ၅၈ ၅၃ ၂၇၁ အမက စည်ပင်သာယာရေ 4G စာတိုက် မီတာ မြို့တွင်းလမ်းများ (ကတ္တရာ) + ကျော‌်ချောလမ်း + မြေသားလမ်း
(၁) ဝန်ထမ်း ၁၈၀ ၁၈၀ ၂၀၀ စည်ပင်သာယာရေ 4G စာတိုက် မီတာ
ပေါင်း ၃၃၀၈ ၃၃၆၄ ၁၆၂၇၄

[၂]

ကျေးရွာအုပ်စု နှင့် ကျေးရွာများ ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - နောင်ချိုမြို့နယ်ရှိ ရွာများ စာရင်း

နောင်ချိုမြို့နယ်တွင် ကျေးရွာအုပ်စု ၃၅ စု၊ ကျေးရွာ ၂၅၂ ရွာ ရှိသည်။

ပုံများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၆၄။
  2. ၂.၀၀ ၂.၀၁ ၂.၀၂ ၂.၀၃ ၂.၀၄ ၂.၀၅ ၂.၀၆ ၂.၀၇ ၂.၀၈ ၂.၀၉ ၂.၁၀ ၂.၁၁ ၂.၁၂ ၂.၁၃ [၁] Archived 22 June 2020 at the Wayback Machine.အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ၂၀၁၉ ခုနှစ် နောင်ချိုမြို့နယ်ဒေသဆိုင်ရာအချက်အလက်များ
  3. "Myanmar States/Divisions & Townships Overview Map" Myanmar Information Management Unit (MIMU)
  4. ၄.၀ ၄.၁ [၂] Archived 7 June 2012 at the Wayback Machine. The Myanmar Times, vol 22, No 433, news, Sagaing Fault surveyed to prepare for future quakes, by Nilar Win
  5. [၃] DEPARTMENT OF GEOLOGICAL ENGINEERING, FACULTY OF ENGINEERING, Gadjah Mada University, Report On Regional Geology of Myanmar, by Dr Ir. Subagyo Pramumijoyo, Kyaw Linn Zaw and Kyaw Zin Lat, page 13, IV. Structural Geology of Myanmar
  6. Burma Earthquake of May 1912 | Earthquakes | Fault (Geology)
  7. [၄] Myanmar Action Plan on Disaster Risk Reduction (MAPDRR), August 2009, Page 2
  8. [၅] Acta Geoscientica Sinica, Vol.30 Supp.1: 1-3, Sep. 2009, Recognition of Paleo-Tethys Suture Zone in eastern Myanmar by Hla Hla AUNG, Myanmar Earthquake Committee, MES Building, Hlaing University Campus, Hlaing Township, Yangon, Myanmar
  9. https://www.winnetmyanmar.com/listing/yawhesan-usetitaw
  10. https://mandalayfreepress.com/news/5446
  11. https://www.tachileik.net/mm/news/31010
  12. https://burmese.voanews.com/a/clashes-and-airstrike-in-naungcho-shan/7045338.html "နောင်ချိုမြို့နယ်တွင်း ၆ ရက် ဆက်တိုက် တိုက်ပွဲပြင်းထန်" (VOA Burmese)
  13. https://www.ludunwayoo.com/news-mm/2023/04/11/73414/ "နောင်ချိုတွင် မန္တလေး PDF နှင့် စစ်ကောင်စီတပ် ၇ရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် သေဆုံးမှုများ၊ PDF အချို့လည်းထိခိုက်မှုရှိ" မန္တလေး PDF အနေဖြင့် သပြေညို အမည်ရှိ စစ်ဆင်ရေး ဆင်နွှဲနေခြင်းဖြစ်ပြီး ယခု တိုက်ပွဲများသည် အဆိုပါ စစ်ဆင်ရေး၏ အစိတ်အပိုင်းဖြစ်သည်။
  14. https://myanmar-now.org/mm/news/31845/ "နောင်ချိုနယ်တွင် ၁၀ ရက်ကြာ တိုက်ပွဲများအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးများ" တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၇၅ ဦး သေဆုံးသလို MDY-PDF တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးသည်ဟု MDY-PDF က ဆိုသည်။
  15. https://www.youtube.com/watch?v=dc1vs1u5RUg "နောင်ချိုတိုက်ပွဲ လေးဦး သေဆုံးပြီး ၆၀၀၀ ဝန်းကျင် ထွက်ပြေးနေရ" (VOA Burmese) ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ မန္တလေး PDF တပ်ဖွဲ့ကြား ဧပြီ ၅ ရက်ကနေ ၂၂ ရက်အထိ ရက် ၂၀ နီးပါးကြာ တိုက်ပွဲတွေ ဖြစ်ခဲ့တာကြောင့် ကလေး နှစ်ဦး အပါအဝင် အရပ်သား လေးဦး သေဆုံးပြီး၊ ဒေသခံ ခြောက်ထောင်ဝန်းကျင် နီးစပ်ရာမြို့နဲ့ ကျေးရွာတွေဆီ ထွက်ပြေးခိုလှုံနေရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အဆင့်မြင့် အရာရှိတချို့ သေဆုံးခဲ့သလို ကာကွယ်ရေး တပ်ဖွဲ့ဘက်ကလည်း ၁၁ ဦး သေဆုံးခဲ့တယ်လို့ မန္တလေး PDF တပ်ဖွဲ့က ဧပြီလ ၂၃ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်